နေပြည်တော် အောက်တိုဘာ ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၄/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက video conference စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်(၄)ရပ်ကို အောင်မြင်အောင် ကဏ္ဍအလိုက် တွန်းအားပေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊
နိုင်ငံတကာမျက်နှာစာဘက်တွင်လည်း နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတကာ ခေါင်းဆောင်များအကြား ထိတွေ့ဆက်ဆံမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး မိမိတို့နိုင်ငံအပေါ် ထောက်ခံအားပေးမှုနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုစသည့် အခွင့်အလမ်းများ ပိုမိုရရှိလာခဲ့ကြောင်း၊ ထို့ကြောင့်ဝန်ကြီးဌာနများအနေဖြင့် အဆိုပါနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများအနက် နည်းပညာဖွံ့ဖြိုးမှုနှင့် ပြည်ပကုန်သွယ်မှုတို့သည် အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်နေသဖြင့် သက်ဆိုင်ရာလုပ်ငန်းများအလိုက် အောင်မြင်အောင် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကုန်သွယ်ရေးစနစ်တွင်လည်း လျင်မြန်သည့် On Net 2.0 စနစ်ဖြင့် စတင်နေပြီဖြစ်ကြောင်း၊ နိုင်ငံတကာဈေးကွက်နှင့် ကုန်သွယ်မှုလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးရေးစနစ်တကျပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
စိုက်ပျိုးရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် သီးနှံအထွက်တိုးမြှင့်ရေးသည် နိုင်ငံ၏ အဓိကပန်းတိုင်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲက “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး စားနပ်ရိက္ခာ လုံလောက်စွာရရှိနိုင်စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မျိုးစေ့ဖွံ့ဖြိုးရေးဌာနများ၊ သုတေသနဌာနများပူးပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း နိုင်ငံအနှံ့မျိုးကောင်းမျိုးသန့် မျိုးမှန်ရရှိရေးအတွက် သုတေသနလုပ်ငန်းသစ်များ ထပ်မံတိုးမြှင့်အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝါနှင့်ပတ်သက်၍ စိုက်ဧကအတိုင်း တစ်ဧကအထွက် နှုန်းပြည့်မီအောင် ချည်မျှင်ရှည်ဝါ၊ မျိုးကောင်း မျိုးသန့်ကို စိုက်ပျိုးနိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး ပြည်တွင်းဖူလုံရုံသာမက ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ဝါးနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် နှစ်စဉ်ဝါးတန်ချိန်များစွာ ထွက်ရှိသည့်အတွက် ဝါးကိုအခြေခံသည့် ထုတ်ကုန်ပစ္စည်းများအပြင် ဝါးစက္ကူပျော့ဖတ်ကို ထုတ်လုပ်နိုင်ရန်အတွက် စီမံကိန်းချမှတ်ပြီး စိုက်ပျိုးဆောင်ရွက်ကြစေလိုကြောင်း၊ ရော်ဘာနှင့် ရော်ဘာထုတ်ကုန် ပစ္စည်းများကိုလည်း ပြည်တွင်းမှထွက်ရှိသည့် ရော်ဘာအခြေခံကုန်ကြမ်းများအသုံးပြု၍ အဆင့်မြင့် ကုန်ချောထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်စေနိုင်ကြောင်း၊ သီးနှံအထွက်တိုးမြှင့်ရေးသည် တောင်သူများ၏ အကျိုးသာမက နိုင်ငံ၏အောင်မြင်မှုလည်း ဖြစ်သောကြောင့် မဖြစ်မနေ အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမြေများတိုးချဲ့ခြင်းထက် ရှိပြီးသားစိုက်ပျိုးမြေများပေါ်တွင် တစ်ဧကသီးနှံအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဓာတ်မြေဩဇာများကို မိုးစပါးစိုက်တောင်သူများအတွက် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးထားကြောင်း၊ လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များကိုလည်း ထောက်ပံ့ပေးထားကြောင်း၊ အဆိုပါထောက်ပံ့ပေးထားသည့် ဒေသများတွင် ပန်းတိုင်အထွက်တိုး အမှန်တကယ်ရရှိရေး ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့်အတိုင်း နှစ်ရှည်သီးနှံပင်များကို တစ်အုပ်တစ်မ စိုက်ပျိုးပြီး နိုင်ငံတွင်း သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းကို တိုးမြှင့် ရမည်ဖြစ်ကြောင်း။
စက်မှုကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေခံအားဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်သွားကြစေလိုကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ဒစ်ဂျစ်တယ်စနစ်၊ နည်းပညာသုံးထုတ်လုပ်မှုစနစ်နှင့်ပတ်သက်သည့် အသိပညာများရရှိရန် လိုအပ်ကြောင်းနှင့် အကျိုးအမြတ်ထက် တည်ငြိမ်ပြီးတိုးတက်မှုကို ဦးစားပေးသည့် ထုတ်လုပ်မှုနှင့် စက်မှုဖွံ့ဖြိုးရေးဖြစ်စေရန် ဦးတည်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုနှင့် အရေးယူမှုများနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တရားမဝင်ကုန်သွယ်မှုသည် အဓိကအဟန့်အတားဖြစ်နေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်လျက်ရှိသည့်အတွက် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာဌာနများက ယခုထက်ပိုမို တားဆီးကြပ်မတ်ဆောင်ရွက်စေလိုကြောင်းနှင့် ဖမ်းဆီးရမိမှုများကို ဥပဒေပုဒ်မ မှန်မှန်ကန်ကန်ဖြင့် တရားစွဲအရေးယူရန်လိုအပ်ကြောင်း။
ပညာရေးနှင့်ပတ်သက်၍ လူတိုင်း ပညာသင်ယူမှုအခွင့်အလမ်းများမြှင့်တင်ရေး၊ နိုင်ငံသားတိုင်း KG+9 ပြီးမြောက်အောင်မြင်ရေး၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ အားပေးဆောင်ရွက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့်နီးပါး အတန်းစဉ်အောင်မြင်ရေးနှင့် ပညာရေးဆုံးခန်းတိုင်အောင်သင်ကြားပေးရေး အတန်းစဉ်ကူးပြောင်းရာတွင် ရှိရင်းကျောင်းသားဦးရေထက် လျော့နည်းမသွားစေရေး ကြပ်မတ်ဆောင်ရွက်ရေးနှင့် နိုင်ငံတော်ကချမှတ်ထားသည့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာ ရေးကိုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်၍ လက်ရှိပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ရာတွင် ရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ရောဂါဖြစ်ပွားလာပါကလည်း အရည်အသွေးပြည့်ဝသည့် ဆေးဝါးကုသမှုပေးနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲက “ဆေးရုံတိုင်းဆရာဝန်ရှိရမည်”ဟု မူဝါဒချမှတ်ပေးထားသည့်အတွက် ဆေးရုံများအတွက် ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းခန့်ထားပေးရန်လိုအပ်ကြောင်း။
အားကစားကဏ္ဍနှင့်ပတ်သက်၍ “အားကစားကို မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်အကြီးအကဲအနေဖြင့် အားကစားကဏ္ဍကို အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ရှိ မြို့ကြီးများတွင် မိုးလုံလေလုံ အားကစားရုံ၊ ရေကူးကန်၊ လူ ၅၀၀၀ ပွဲကြည့်နိုင်သည့် အဆင့်မြင့်ပွဲကြည့်စင်နှင့် Synthetic Rubber Track and Field ကွင်းအပါအဝင် ဘောလုံးကွင်းများကို ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည့်အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းများအလိုက် မျိုးဆက်သစ် အားကစားသမားများပေါ်ထွန်းအောင် လေ့ကျင့်မွေးမြူပြီး အားကစားကဏ္ဍကို မြှင့်တင်ပေးကြစေလိုကြောင်း၊ မကြာမီထိုင်းနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ကြပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်အားပေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ဘဏ္ဍာရေးနှင့်အခွန်ကဏ္ဍနှင့်စပ်လျဉ်း၍ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် တင်ပြတောင်းခံထားသည့် အသုံးစရိတ်များနှင့် လုပ်ငန်းများသည် နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြစ်သည့်အတွက် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အရည်အသွေးပြည့်မီစေရေး၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အခွန်ကဏ္ဍသည် အရေးကြီးသည့်အတွက် အခွန်ကောက်ခံမှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် သတ်မှတ်ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများကို လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများအတိုင်း အလေးထား ဆောင်ရွက်ကြစေလိုကြောင်း။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကို ပြည်သူများ အသုံးပြုတတ်စေရန် ပညာပေးရေး၊ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရေးစသည်များကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက အမှာစာများအား ရှင်းလင်းဖတ်ကြားတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။