Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၇)မှ ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၇)မှ ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)(MICC-1)၌ တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ပေးနိုင်မည့် ပညာရေးဝန်ထမ်းကောင်းများပေါ်ထွက်လာစေရေး လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်ရည်ရွယ်ပြီး ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ် မေလ ၁၀ ရက်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပေးပြီး နယ်စပ်ဒေသများတွင်တိုင်းရင်းသားလူငယ်များကို အဆင့်မြင့်ပညာများသင်ယူနိုင်အောင် မြှင့်တင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် ယခုအခါ သင်တန်းဆင်းဆရာ၊ ဆရာမစုစုပေါင်း ၁၄,၅၁၄ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မောင်တို့မယ်တို့အားလုံးသည်လည်း မကြာခင်ကာလအတွင်းသင်တန်းဆင်းပြီး ပညာရေးဝန်ထမ်း၊ ဆရာ၊ဆရာမများအဖြစ် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သဖြင့် သိသင့်သိထိုက်သည့်အချက်များနှင့်လိုက်နာရမည့်အချက်များကို မှာကြားလိုကြောင်း။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များပေါများခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အသိပညာ၊အတတ်ပညာပြည့်စုံသည့်ပညာတတ်များဖြင့် သာယာဝပြောသည့်အနာဂတ်နိုင်ငံတော်ကြီးကိုတည်ဆောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိပြီး အရည်အသွေးပြည့်ဝသည့်ဘက်စုံပညာရေးစနစ်တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်ပါကအားနည်းချက်ရှိခဲ့ခြင်းကြောင့် ဒေသအချို့တွင်ဖွံ့ဖြိုးတိုးတက်မှုများနောက်ကျနေခြင်းကိုလည်း တွေ့မြင်နေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအနေဖြင့် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ချမှတ်ပြီး ပညာရေးကဏ္ဍတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း။

ဆရာဆိုသည်မှာ လူသားအချင်းချင်းချစ်မြတ်နိုးတတ်စေရန် လမ်းပြပေးသူ၊ တပည့်များ၏ဘဝနှင့် လောကကိုအလှဆင်ပေးသူ၊ သောကကိုဖြေဖျောက်ပေးသူများဖြစ်ကြသည့်အတွက် လူ့အဖွဲ့အစည်းခေါင်းဆောင်၊ ဒုတိယမိဘများဖြစ်သည်ဟု တင်စားသတ်မှတ်ကြကြောင်း၊ ထို့ကြောင့် မောင်တို့မယ်တို့အနေဖြင့် မိမိတို့တပည့်များကို စာကိုလည်းသင်ပြီး စိတ်ကိုလည်းပြင်ပေးကြရမည်၊ မိမိတို့တပည့်များကို လူသားအချင်းချင်းအပေါ် ကိုယ်ချင်းစာစိတ်ထားတတ်အောင်၊ အတ္တကိုယ်ကျိုးနှင့်ယှဉ်ပြီး ပရဟိတအများအကျိုးဆောင်လိုစိတ်များဖြစ်ပေါ်လာအောင် သင်ကြားဆုံးမပေးကြရမည်၊ “ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား” ဆိုသည့် မြန်မာစိတ်ထားကို နှလုံးသားထဲစိမ့်ဝင်နေအောင် လမ်းညွှန်ပေးကြရမည်ဖြစ်ကြောင်း၊

အမှားနှင့်အမှန်ကိုခွဲခြားနိုင်စေရန်၊ အကောင်းနှင့်အဆိုး၊ အကြောင်းနှင့်အကျိုးကို မှန်ကန်စွာနားလည်နိုင်ကြရန်ကိုလည်း သွန်သင်ဆုံးမပေးကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်သည်ဆရာများ၏ ပညာအရည်အချင်းနှင့်စိတ်စေတနာအပေါ်တွင် တည်မှီနေခြင်းကြောင့် မောင်တို့မယ်တို့အနေဖြင့် ဆရာများတွင်ရှိအပ်သော ဆရာ့ဂုဏ်အင်္ဂါခုနစ်ပါးဖြစ်သည့် ရိုသေထိုက်သောဂုဏ်ရှိခြင်း၊ ချစ်ခင်ထိုက်သောဂုဏ်ရှိခြင်း၊ ချီးမွမ်းထိုက်သောဂုဏ်ရှိခြင်း၊ တပည့်များလွဲမှားနေပါက အမုန်းခံ၍တည့်မတ်ပေးခြင်း၊ မေးလာသမျှကိုဖြေဆိုပေးနိုင်ခြင်း၊ နက်နဲသောသဘောတရားကို ဟောကြားပေးနိုင်ခြင်း၊ အကျိုးနည်းမည့်နေရာကိုမတိုက်တွန်းဘဲ အကျိုးများမည့်နေရာကိုတိုက်တွန်းခြင်းစသည့် ဂုဏ်များနှင့်ပြည့်စုံကြရန်လိုအပ်ကြောင်း၊ ထို့အပြင် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ကရုဏာဆိုသည့် နာလေးနာဖြင့် တပည့်များကို ပညာပြည့်ဝနှလုံးလှအောင်လေ့ကျင့်သင်ကြားပေးကြပါဟု တိုက်တွန်းမှာကြားလိုကြောင်း။

ကျောင်းသား၊ကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို မှန်ကန်အောင်တည့်မတ်ပေးရေးသည် ဆရာ၊ ဆရာမများ၏တာဝန်ပင်ဖြစ်ကြောင်း၊ မောင်တို့မယ်တို့ကဲ့သို့ တိုင်းရင်းသားဆရာ၊ ဆရာမများသည် အနာဂတ်နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါသဖြင့် ကျောင်းဆင်းပြီးကျရာဒေသများတွင် တာဝန်ထမ်းဆောင်သည့်အခါ မိမိတို့တပည့်သားသမီးများကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တဆိုသည့် ဗလငါးတန်နှင့်ပြည့်ဝသော ပညာတတ်လူငယ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရန်အလေးထားမှာကြားလိုကြောင်း၊ ထို့ကြောင့် မောင်တို့မယ်တို့အနေဖြင့် ဆရာများတွင်ရှိအပ်သည့် ပညာအရည်အချင်း၊ စိတ်စေတနာနှင့် အကျင့်သိက္ခာများကို အမြဲတစေဖြည့်ဆည်းထိန်းသိမ်းကြရန်မှာကြားလိုကြောင်း။

ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူဆည်းပူးနိုင်ရေးအတွက် မောင်တို့မယ်တို့က သက်ဆိုင်ရာမိဘများ၊ ဒေသအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အချိန်မတိုင်မီကျောင်းထွက်မှုလျော့ပါးပြီး တန်းစဉ်ကူးပြောင်းနှုန်းမြင့်မားစေရေး၊ တန်းစဉ်အလိုက် စာပေအတတ်ပညာများတတ်မြောက်အောင်သင်ကြားပေးရေး၊ အမှားအမှန်ကိုခွဲခြားသိမြင်နိုင်ပြီး ဉာဏ်ပညာနှင့်တည်ဆောက်တတ်သည့်လူငယ်များ ဖြစ်လာစေရေးတို့ကို ပြုစုပျိုးထောင်ပေးကြရန် အလေးအနက်ထားတိုက်တွန်းမှာကြားလိုကြောင်း။

စာသင်ကျောင်းဆိုသည်မှာ စာပေသင်ကြားပေးသည့် နေရာသက်သက်သာမဟုတ်ဘဲ ပညာရေး၏အနှစ်သာရဖြစ်သည့် အသိဉာဏ်ပညာဆိုင်ရာဗဟုသုတများ ပေးအပ်ခြင်းအပြင် စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန်ခွဲခြားသုံးသပ်နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကိုသင်ကြားပေးနေသည့်နေရာမျိုးလည်းဖြစ်ရန်လိုကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”ဆိုသည့်အတိုင်း မိမိတို့၏တပည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းစည်းကမ်းလိုက်နာခြင်းမှအစပြုပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာတတ်သည့် နိုင်ငံကြီးသားအလေ့အကျင့်ကောင်းများကိန်းအောင်းလာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ တိုင်းရင်းသားများအားလုံးစည်းလုံးညီညွတ်ရေးသည် နိုင်ငံအေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှအရေးကြီးသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့်မောင်းနှင်အားတစ်ရပ်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်ရာတွင်လည်း တိုင်းရင်းသားပြည်သူအားလုံးက ညီညီညွတ်ညွတ်စည်းစည်းလုံးလုံးဖြင့် အတူတကွပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ထို့အပြင် လက်ရှိကာလမိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတွင်ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကိုကြည့်မည်ဆိုပါက နိုင်ငံအတွင်းတွင်နေထိုင်ကြသည့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံးစည်းလုံးညီညွတ်မှုတို့ကို မဖြစ်မနေတည်ဆောက်ရန်လိုသည်ကိုတွေ့နိုင်ကြောင်း၊ စည်းလုံးညီညွတ်ခြင်းသည် နိုင်ငံ့အင်အားကို တောင့်တင်းခိုင်မာစေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့်နိုင်ငံ့အကျိုးစီးပွားကိုဖြစ်ထွန်းစေကြောင်း၊ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်စကားနှင့်အညီ တိုင်းပြည်ကို ပြည်တွင်းအင်အားနှင့်သာတည်ဆောက်ကြရမည်ဖြစ်ကြောင်း။

ထို့ကြောင့် မောင်တို့မယ်တို့ တိုင်းရင်းသားများသည် မြန်မာစိတ်မွေးပြီး “ငါတို့အားလုံးသည် မြန်မာ (We are Myanmar)” ဆိုသည့်စိတ်၊ တစ်သွေးတစ်သားတည်းစည်းလုံးညီညွတ်သည့် အမျိုးသားစိတ်ဓာတ်များဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲအကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုသကဲ့သို့ ဒေသအသီးသီးက တပည့်ကျောင်းသားလူငယ်များကိုလည်း အကောင်းမြင်စိတ်၊ ပူးပေါင်းပါဝင်ဆောင်ရွက်လိုစိတ်၊ စည်းလုံးညီညွတ်မှုစိတ်၊ ရိုင်းပင်းကူညီစိတ်စသည့် စိတ်ဓာတ်များရှင်သန်ဖြစ်ထွန်းနေအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန် မှာကြားလိုကြောင်း။

နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ရေးသည် ပြည်ထောင်စုသားအားလုံး၏ မွေးရာပါတာဝန်ဖြစ်ခြင်းကြောင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးက စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ထိန်းသိမ်းသွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအတွက် အသက်တမျှအရေးကြီးသည့် ပြည်ထောင်စုစိတ်ဓာတ်ကို မောင်တို့မယ်တို့အနေဖြင့် အမိဖွံ့ဖြိုးရေးတက္ကသိုလ်တွင် အတူတကွပညာသင်ကြရင်းဖြင့် ရင်ထဲတွင်စွဲမြဲခံယူကြပြီးဖြစ်သည်ဟုလည်း ယုံကြည်ကြောင်း၊ ထို့ကြောင့် မောင်တို့မယ်တို့အနေဖြင့် ဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းဆင်းများပီသစွာ မိမိတို့တာဝန်ကျရာဒေသများတွင် တိုင်းရင်းသားပြည်သူများအကြား ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထွန်းကားလာပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးချစ်ခင်ညီညွတ်လာအောင် စည်းရုံးဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

မောင်တို့မယ်တို့သည် နိုင်ငံတော်ကပြုစုပျိုးထောင်ထားသည့် သားသမီးများဖြစ်သည့်အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဆိုသည့် “ဒို့တာဝန်အရေး(၃)ပါး”ကိုအခြေခံပြီး အမျိုးသားနိုင်ငံရေးတာဝန်ဖြစ်သည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်နှင့်အတူလက်တွဲပါဝင်ဆောင်ရွက်ကြရန် အလေးအနက်ထားမှာကြားလိုကြောင်း။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရည်မှန်းထားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကိုတည်ဆောက်နိုင်ရန်အတွက် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်အရေးကြီးကြောင်း၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးခွင့်ရရှိရန် ပြည်သူလူထု၏စစ်မှန်သည့်လိုလားချက်ဖြစ်သော လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်စေရန်နှင့် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရန်ကိုလည်းဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် မောင်တို့မယ်တို့အနေဖြင့် လွတ်လပ်ပြီးတရားမျှတမှုရှိသည့်ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှတစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်တိုက်တွန်း မှာကြားလိုကြောင်း။

မိမိတို့တပည့်သားသမီးများကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တဆိုသည့် ဗလငါးတန်နှင့် ပြည့်ဝသည့် ပညာတတ်လူငယ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပြီး အနာဂတ်နိုင်ငံတော်အတွက် အားထားရသည့် လူတော်လူကောင်းများဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန်၊ အနာဂတ်နိုင်ငံတော်ကိုပုံဖော်ကြမည့် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူလူငယ်များကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များရှိလာအောင်ယုံကြည်ချက်၊ ခံယူချက်ကောင်းသူများဖြစ်လာအောင် ပြုစုပျိုးထောင်လေ့ကျင့်ပေးကြရန်၊ မိမိတို့နိုင်ငံအတွက်လိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေး(၃)ပါးကို အစဉ်ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအကြား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်အခြေခံကောင်းများရရှိလာအောင် စည်းရုံးဦးဆောင်ပေးကြရန်၊ မောင်တို့မယ်တို့အနေဖြင့် ပညာတတ်သည့်မျိုးဆက်နှင့် တိုးတက်သည့်နိုင်ငံတော်ကို ထူထောင်နိုင်ရေးတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ အားကြိုးမာန်တက်တာဝန်ထမ်းရွက်သည့် နိုင်ငံ့သားကောင်းရတနာများဖြစ်ပါစေဟု ဆုတောင်းမေတ္တာပို့သကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၇)မှ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်မှ ကရင်တိုင်းရင်းသား စကျော်ဇေယျာဖြိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံ ကျောင်းသား၊ ကျောင်းသူနှစ်ဦးက အမှတ်တရလက်ဆောင်ပစ္စည်းကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများ၊ ကျောင်းသား၊ ကျောင်းသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ကျောင်းသား၊ ကျောင်းသူများကို တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံမေးမြန်းနှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။