နေပြည်တော် အောက်တိုဘာ ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ယနေ့နေ့လယ်ပိုင်းတွင် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည့် ကိုကိုးကျွန်းလေဆိပ်သို့ ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား မြို့နယ်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ကိုကိုးကျွန်းမြို့နယ်ချုပ်ရေးမှူးက မြို့နယ်ဆိုင်ရာအချက်အလက်များ၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) စက်များ အသုံးပြုနိုင်ရေး အသိပညာပေးမှုများ ဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကိုကိုးဆည်မှတစ်ဆင့် သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိမှု၊ ရေသန့်စက်များ တပ်ဆင်၍ သောက်ရေသန့်များ ဖြန့်ဝေပေးလျက်ရှိမှု၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးလျက်ရှိမှု၊ အားကစားကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ကိုကိုးပင်များ စိုက်ပျိုးလျက်ရှိမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်းကောင်း၊ ကိုကိုးကျွန်းမြို့ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေးကဏ္ဍလိုအပ်မှု၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းအတွက် လိုအပ်မှု၊ ပုဂ္ဂလိကလိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ကိုကိုးပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး ဒေသအတွက် အကျိုးဖြစ်ထွန်းစေရန်အတွက် စိုက်ပျိုးစေခြင်းဖြစ်ကြောင်း၊ ကိုကိုးပင်စိုက်ပျိုးခြင်းများ တိုးတက်စေရေးအတွက် မိမိတို့ကိုယ်တိုင်ဆက်လက်၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသဝင်ငွေတိုးတက်ရရှိရေးအတွက် ဒေသတွင် နေထိုင်ကြသူများက ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ဖြည့်စွက်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက ကိုကိုးကျွန်းဒေသအတွက် လိုအပ်လျက်ရှိသည့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး သမဝါယမလုပ်ငန်းများဖြစ်သည့် စက်ချုပ်သင်တန်း၊ အိမ်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေး ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ ကျန်းမာရေးကဏ္ဍလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ ဆက်သွယ်ရေးကွန်ရက်များ တပ်ဆင်ပေးထားမှု၊ ပညာရေးကဏ္ဍအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိမိအနေဖြင့် ကိုကိုးကျွန်းမြို့သို့ လာရောက်ခဲ့သည်မှာ ၂၀ ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ကိုကိုးကျွန်းမြို့ တိုးတက်စေရေး မိမိအနေဖြင့် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ခန့်မှစတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ ယခင်ကနှင့် လုံးဝမတူတော့ဘဲ ဖွံ့ဖြိုးတိုးတက်မှုရှိလာသည်မှာ မျက်ဝါးထင်ထင်ပင်ဖြစ်ကြောင်း၊ မိမိတို့မှ မည်သို့ပင်ဆောင်ရွက်ပေးသည်ဖြစ်စေ ကိုကိုးကျွန်းမြို့မှ ဒေသခံပြည်သူများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းအားထုတ်သွားကြရန်လည်းလိုကြောင်း။
ကိုကိုးကျွန်းမြိုတွင် လယ်မြေများမရှိကြောင်း၊ သွားလာစားသောက်ရေးနှင့်ပတ်သက်၍ စိန်ခေါ်မှုများရှိကြောင်း၊ သွားလာရန်ခက်ခဲသည့်အချိန်တွင် စားသောက်ရေးအတွက် အခက်အခဲမဖြစ်စေရန်လိုကြောင်း၊ ထို့ကြောင့် မြို့တွင်နေထိုင်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် မြို့နေပြည်သူများအနေဖြင့် ဝိုင်းဝန်း၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့မြေများတိုးချဲ့ရာတွင် စိုက်ပျိုးမြေများ မထိခိုက်စေရေး ကြိုတင်စဉ်းစားတွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်ရှိသည့် ပြည်သူများ မပူမပင်ဖြင့် စားသောက်နိုင်စေရေး အမြဲဆန်ဖူလုံမှုရှိအောင် တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ကိုကိုးကျွန်းဒေသ ဝမ်းစာဖူလုံရေးအတွက် စီမံဆောင်ရွက်သွားကြရန်လိုကြောင်း။
လယ်ယာများ၊ ကုန်းမြင့်ယာများကို ဖော်ထုတ်သွားရန်လိုကြောင်း၊ ထိုသို့ဖော်ထုတ်နိုင်ရန်အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း၊ စားရေးနှင့်ပတ်သက်၍ ကိုကိုးကျွန်းမြို့တွင် နေထိုင်ကြသည့် ပြည်သူများ၏အရေအတွက်ကို တွက်ချက်၍ ပထမအဆင့် ၂၅ ရာခိုင်နှုန်းဖူလုံစေရန်၊ ဒုတိယအဆင့် ၄၀ ရာခိုင်နှုန်းဖူလုံစေရန်၊ ထိုမှတစ်ဆင့် ၁၀၀ ရာခိုင်နှုန်းပြည့်မီသည်အထိ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့၏ဒေသဝမ်းစာပြည့်မီရေးအတွက် ဒေသအကျိုးကိုကြည့်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ရေရှည်ကို ကြည့်၍ စနစ်တကျတွက်ချက်ဆောင်ရွက်သွားကြရန်လိုကြောင်း။
စားရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးလုပ်ငန်းများသာမက တစ်ပိုင်တစ်နိုင် ကြက်၊ ဝက်၊ ဆိတ်မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရန်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ကိုကိုကျွန်းနေပြည်သူများ၏ အချက်အလက်များကို ကောက်ယူ၍ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ဆေင်ရွက်ပေးရန်လိုကြောင်း၊ ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး မြို့ရွာတည်ဆောက်ရေးလုပ်ငန်းများအတွက် တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း။
ကိုကိုးကျွန်းဒေသတွင် အခြေခံအားဖြင့်ရှိပြီးဖြစ်သည့် အုန်းပင်များမှ အုန်းထွက်ပစ္စည်းများကို ထုတ်လုပ်၍ရကြောင်း၊ ထို့ကြောင့် ကိုကိုးကျွန်းဒေသမှ အုန်းထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး မိမိအနေဖြင့် ဆောင်ရွက်ပေးထားကြောင်း၊ ကိုကိုးကျွန်းဒေသတွင် ယခုထက်ပိုမိုကောင်းမွန်သည့် အုန်းမျိုးများစိုက်ပျိုးနိုင်ရန်လိုကြောင်း၊ ဒေသတွင် အခြေခံအကျဆုံး ပြည်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိတို့ဒေသမှထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာများ လိုအပ်ကြောင်း၊ ထို့ကြောင့် အတန်းပညာများ မြင့်မားစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အတန်းပညာတတ်မြောက်ပြီးသူများကို အိမ်တွင်းထုတ်လုပ်မှုလုပ်ငန်းများကို သင်ကြားပေးမည်ဆိုပါက ကိုကိုးကျွန်းမြို့တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းတိုးတက် လာမည်ဖြစ်ကြောင်း။
ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ဒေသတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သား များအားလုံးဝိုင်းဝန်း၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကိုကိုးကျွန်းဒေသတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးရန် ရည်မှန်းထားကြောင်း၊ ထို့ကြောင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်နေထိုင်ကြသူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊
ကိုကိုးကျွန်းမြို့တွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ဒေသ၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ မြင့်မားစေရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း။
ပညာသင်ကြားရာတွင် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို အတန်းအလိုက်ပညာများ တတ်ကျွမ်းမှုရှိစေရေး သင်ကြားပေးရန်လိုကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုကိုးကျွန်းမြို့တွင် ပညာသင်ကြားမှုအနေဖြင့် ကျောင်းသားနှင့် ဆရာ၊ ဆရာမအချိုး ကောင်းမွန်သည့်အတွက် ပညာသင်ကြားရေးကို ပိုမိုဆောင်ရွက်နိုင်ပြီး ပညာရည်ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ကြောင်း၊ ဒေသတွင်းပညာတတ်များ ပိုမိုကြွယ်ဝလာမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေနိုင်ကြောင်း။
ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ကိုကိုးကျွန်းမြို့ အထက်တန်းကျောင်းအတွက် စာရေးကိရိယာများကိုလည်းကောင်း ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကိုကိုးကျွန်းမြို့နယ်အထက်တန်းကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။