ခေတ်သစ်ကမ္ဘာ့သမိုင်းကို ဒုတိယကမ္ဘာစစ်ပြီးကာလ ကုလသမဂ္ဂအဖွဲ့ကြီးပေါ်ပေါက်လာချိန်မှ စတင်ကြည့်လျှင် ကိုလိုနီအင်ပါယာများတစ်ခုပြီးတစ်ခု ချုပ်ငြိမ်းသွားခြင်း၊ နယ်ချဲ့လက်အောက်ခံနိုင်ငံအများအပြားလွတ်လပ်ရေးရရှိလာခြင်း၊ နိုင်ငံသစ်များပေါ်ထွက်လာ ကာ ကမ္ဘာ့မြေပုံတွင် အပြောင်းအလဲများဖြစ်ပေါ်ခြင်း၊ ဝါဒနှစ်ရပ်အားပြိုင်ပွဲနှင့်အတူ စစ်အေးတိုက်ပွဲနှင့် လက်နက်အပြိုင်အဆိုင်တပ်ဆင်မှုများပေါ်ပေါက်ခြင်း၊ ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်းနှင့်အတူ စစ်အေးကာလပြီးဆုံးသွားခြင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အာရှစီးပွားရေး အားကောင်းမောင်းသန်ထွက်ပေါ်လာခြင်းနှင့် အာရှအင်အားကြီးနိုင်ငံများ ကမ္ဘာ့အစီအစဉ်တွင် နေရာယူလာခြင်းစသော သမိုင်းမှတ်တိုင်များကို တစ်ခုပြီးတစ်ခု တွေ့ရမည်ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ပြီးကာလ နိုင်ငံတကာဆက်ဆံရေးနှင့် ကမ္ဘာ့ဇာတ်ခုံတွင် အမေရိကန်က ဦးဆောင်နေရာယူထားပြီး အပြိုင်အဖြစ် ဆိုဗီယက်နှင့် တရုတ်တို့ဦးဆောင်သည့် လက်ဝဲအုပ်စုရှိနေသည်။ နိုင်ငံတကာတန်းတူရည်တူဆက်ဆံရေးနှင့် ကမ္ဘာ့ရေးရာများတွင် စုပေါင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သည့် ကုလသမဂ္ဂအဖွဲ့ကြီးအတွင်း၌ပင် အုပ်စုဖွဲ့ပြိုင်ဆိုင်မှုများ ရှိခဲ့၊ ရှိဆဲ ဖြစ်နေသည်။ ဒုတိယကမ္ဘာစစ်တွင် စစ်နိုင်မဟာမိတ် အမေရိကန်၊ ဆိုဗီယက်၊အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ် ငါးနိုင်ငံဖြင့် လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်များအဖြစ် ဗီတိုအာဏာကိုရရှိထားရာ အနောက်အုပ်စုက သုံးနိုင်ငံအဖြစ် အမြဲအားသာခဲ့သည်။ ထို့အပြင် စီးပွားရေး၊ ဘဏ္ဍာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဖွဲ့စည်းခဲ့သည့် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံအဖွဲ့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့တွင်လည်း အနောက်အုပ်စုနှင့် အလွမ်းသင့်မှသာ အလုပ်ဖြစ်နိုင်သည့် အခြေအနေရှိသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ၁၉၄၆ ခုနှစ်ဇန်နဝါရီလ အတွင်းက ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ အလယ်ပစ္စယံညီလာခံမိန့်ခွန်းတွင် “နိုင်ငံပေါင်းစုံကုလသမဂ္ဂသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့လုံခြုံရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက်နိုင်သော အဖွဲ့ကြီးဖြစ်လိုခဲ့ပါလျှင် နိုင်ငံကြီး နိုင်ငံငယ် စက်ဆုပ်ဖွယ်ကောင်းသော အတန်းအစားခွဲခြင်းတို့ကို ပပျောက်အောင် ပြုလုပ်သင့်ကြပေပြီ” ဟူ၍ ထည့်သွင်းပြောကြားခဲ့ရာ ထိုစဉ်ကတည်းကပင် နိုင်ငံတကာဆက်ဆံရေးတွင် အင်အားကြီးတို့၏ လွှမ်းမိုးမှု၊ အုပ်စုဖွဲ့ခွဲခြားမှု၊ နိုင်ငံငယ်များ၏ နိုင်ငံရေး၊ စီးပွားရေး မျှော်လင့်ချက်များ မရေရာမှုတို့ ခံစားခဲ့ရသည့် သာဓကပင်ဖြစ်သည်။
မျက်မှောက်ကာလသည် စစ်အေးခေတ်နောက်ပိုင်းတွင် အပြင်းထန်ဆုံးသော ပထဝီနိုင်ငံရေး အားပြိုင်မှုပေါ်ပေါက်နေသောကာလဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးတို့ကို ချုပ်ကိုင်နိုင်ရေးအတွက် အင်အားကြီးတို့၏ပြိုင်ဆိုင်မှုများတွင် အုပ်စုနောက်လိုက်နောက်ပါများကလည်း ကျရာကဏ္ဍမှပါဝင်၍ အကွက်ရွှေ့ကစားကြရသည်။ အင်အားကြီးနိုင်ငံ မဟုတ်သော်ငြား ၎င်းတို့၏ ပါဝါဂိမ်းအတွက် အချက်အချာနေရာတွင်ရှိနေသည့် မြန်မာနိုင်ငံကို နာလန်မထူနိုင်သည့်နိုင်ငံ၊ ပြိုကျပျက်သုဉ်းသည့် နိုင်ငံဖြစ်စေရေးအတွက် ပြည်တွင်းမှ အကြမ်းဖက်အဖျက်အုပ်စုများကို အားပေးအားမြှောက်ပြုကာ စိတ်ဓာတ်၊ ငွေကြေး၊ လက်နက် စသည်တို့ ကူညီပံ့ပိုးမှုများကို ပြင်ပအင်အားစုများက ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေကြခြင်းဖြစ် သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာ့ ပြည်တွင်းရေးနှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့အတွင်း နှုတ်သရမ်းမှုများသည် အကြောင်းမဲ့မဟုတ်ဘဲ နောက်ကွယ်မှအကြောင်းများကြောင့်သာ ဖြစ်သည်။
ပြီးခဲ့သည့် အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် မြန်မာနိုင်ငံနှင့် မိုင်ထောင်ချီဝေးသည့် ဂမ်ဘီယာနိုင်ငံက ပြဿနာဖန်တီးကာ မြန်မာနိုင်ငံကို တရားစွဲခဲ့ခြင်းသည်လည်းကောင်း၊ ယခုတစ်ဖန် အာဆီယံနိုင်ငံများအတွင်း မြန်မာနိုင်ငံကို ပြဿနာရှာနေခြင်း သည်လည်းကောင်း မြန်မာနိုင်ငံအတွက် ပျက်စီးရာပျက်စီးကြောင်း ရည်ရွယ်ချက်တစ်ခုတည်းသာဖြစ်သည်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး ဟူသော ဝေါဟာရများသည် နိုင်ငံတစ်နိုင်ငံကို အုပ်စုဖွဲ့အနိုင်ကျင့်ရန်အတွက် အကြောင်းပြသက်သက်မျှသာဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်