Skip to main content

ဒီပြပွဲ၊ ပြိုင်ပွဲဟာ ဒီမွေးမြူရေးစနစ်ကို ဆက်လက်အားကောင်းအောင်၊ ဒီမွေးမြူရေးစနစ်ကို ရှေ့လျှောက် အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ဖို့အတွက် ဆောင်ရွက်တဲ့ ပြပွဲဖြစ်ပါတယ်

ဒေါက်တာရဲထွန်းဝင်း

နေပြည်တော် ဇန်နဝါရီ ၂၈ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်နေ့ အထိမ်းအမှတ် မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ (၂၀၂) ကို ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ သုံးရက်တာ နေပြည်တော်ရှိ ကိုးရွာသပြေကုန်းရွာအနီး စက်စက်ယိုကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည်။

အဆိုပါပြပွဲတွင် မွေးမြူရေးအစာဆိုင်ရာ စက်မှုပြခန်း၊ တိရစ္ဆာန်ရောဂါ ကာကွယ်ရေး ပညာပေးပြခန်း၊ မွေးမြူရေး အသိပညာပေးပြခန်း၊ မွေးမြူရေးသုံးဆေးဝါးနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာ ပြခန်း၊ မွေးမြူရေးအစာဆိုင်ရာပြခန်း၊ တိရစ္ဆာန်ရောဂါ စောင့်ကြည့်စစ်ဆေးရေး စခန်း (AQS) ပြခန်း၊ မွေးမြူရေးထွက်ကုန် ပစ္စည်းပြခန်းများပါဝင်ပြီး မွေးမြူရေး တိရစ္ဆာန်ပြိုင်ပွဲတွင် ကျွဲ၊ နွားနောက်၊ နွား၊ ဆိတ်နှင့် သိုးများ ပါဝင်သည်။

တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲတွင် ပြခန်းပေါင်း ၁၅၀ ကျော် ပါဝင်ပြသထားပြီး ပြိုင်ပွဲဝင် တိရစ္ဆာန်အကောင်ရေ ၂၁၁ ကောင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ အဆိုပါ တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲများနှင့် ပတ်သက်ပြီး တာဝန်ရှိသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။

ဒေါက်တာ အောင်ကြီး (ဒုတိယဝန်ကြီး) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ကျွန်တော်တို့နိုင်ငံဟာစိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်တယ်။ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းသည် ကျွန်တော်တို့ တောင်သူတွေရဲ့ လူမှုဘဝ အဆင့်အတန်းတိုးတက်ဖို့ အဓိကဖြစ်တဲ့အတွက် တောင်သူတွေရဲ့ ဘဝမြင့်မား တိုးတက်ဖို့ကို ရည်ရွယ်ပြီးတော့ ယနေ့ ပြပွဲ၊ ပြိုင်ပွဲကို ပြုလုပ်ပေးတာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ကျွန်တော်တို့ နိုင်ငံပြည်ပပို့ကုန်ဝင်ငွေ တိုးမြှင့်ရရှိဖို့အတွက် ဆောင်ရွက်တာလည်း ဖြစ်ပါ တယ်။

ဒီပြပွဲမှာ လက်ရှိ ပြခန်းပေါင်း ၁၅၀ ပတ်ဝန်းကျင် ပြသထားပါတယ်။ ခင်းကျင်း ပြသထားတဲ့ပြခန်းတွေ လိုက်လံကြည့်ရှု လိုက်မယ်ဆိုရင် တစ်ဖက်က ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ နွားနောက်အပါဝင် ပြသထား တာရှိသလို တိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့အစာ အထူးသဖြင့် မြက်စိုက်ပျိုးမှု ပြသတယ်။ နောက်တစ်ခါ မြက်ကနေ ပြုပြင်ပြီးတော့ မြက်ချဉ်ဖတ်၊ ပြောင်းချဉ်ဖတ် လုပ်တဲ့ ပြခန်းတွေ ပြသတယ်။

အခုလက်ရှိတိရစ္ဆာန်အစာနဲ့ပတ်သက်တဲ့ အစာထုတ်လုပ်တဲ့ ပြခန်းတွေ၊ အစာရောင်းချ ကုမ္ပဏီတွေရဲ့ ပြခန်းတွေအပြင် တစ်ဖက်ကလည်း တိရစ္ဆာန်တွေရဲ့ ကာကွယ်ဆေး၊ ကုသဆေး၊ ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ပြသတဲ့ ပြခန်းတွေလည်း ပါဝင်ပါတယ်။ ဒီနေရာမှာ တစ်ခုကောင်းတာက အစိုးရဌာန ဆိုင်ရာ ပြခန်းတွေတင် မဟုတ်ပဲနဲ့ ပုဂ္ဂလိကဌာနဆိုင်ရာ ပြခန်းတွေပါ ပြသတဲ့အတွက် လာရောက်ပြီး ကြည့်ရှုတဲ့ ပြည်သူတွေအတွက် အားလုံးဟာ ဗဟုသုတကို တစ်နေရာတည်းမှာ ပြည့်ပြည့်စုံစုံ ပြသသွားနိုင်အောင် စီစဉ် ခင်းကျင်းပြသထားတာ ဖြစ်ပါတယ်။

နေပြည်တော်နဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ တောင်သူတွေ၊ မွေးမြူရေးသမားတွေနဲ့ စိုက်ပျိုးရေးသမားတွေပါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ပြုလုပ်ကျင်းပတဲ့ မွေးမြူရေးနှင့် တိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲကို လာရောက်ကြည့်ရှုပါ။ အားပေးပါ။ တစ်ဖက်ကလည်း ဒီကနေ ရရှိတဲ့ အသိပညာ ဗဟုသုတတွေနဲ့ မိမိ တစ်ဦးချင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ ကိုယ့်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ကို ကြိုးပမ်းဆောင်ရွက်ကြပါလို့ ဖိတ်ခေါ် မှာကြားလိုပါတယ်။

ဒေါက်တာရဲထွန်းဝင်း (ညွှန်ကြားရေးမှူးချုပ်) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

ကျွန်တော်တို့က မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျေးလက်ဒေသမှာ အခြေခံတဲ့ တိရစ္ဆာန်တွေကို အဓိကထားပြီးတော့ ပြပွဲ၊ ပြိုင်ပွဲတွေ လုပ်မယ်ဆိုတဲ့ရည်မှန်းချက်နဲ့ ဆောင်ရွက် ခြင်းဖြစ်ပါတယ်။

ဒီလိုပြပွဲ၊ ပြိုင်ပွဲတွေမှာ သတ်မှတ်ချက် တွေရှိပါတယ်။ အထူးသဖြင့် ကျွဲ၊ နွားနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့ရဲ့ ဓလေ့ထုံးစံဆိုရိုးစကားတွေ၊ သတ်မှတ်ချက်တွေ အများကြီးပဲရှိပါတယ်။ ရှေးကဟာတွေကို လက်ရှိအခြေအနေနဲ့ ပေါင်းစပ်ပြီးတော့ အမှတ်ပေးစည်းမျဉ်းတွေ ရေးဆွဲထား တာရှိပါတယ်။ ခိုင်းနွားနဲ့ ပတ်သက်တဲ့ အမှတ်ပေးစည်းမျဉ်းတွေ၊ နို့စားနွားနဲ့ ပတ်သက်တဲ့ အမှတ်ပေးစည်းမျဉ်းတွေ၊ အသားတိုးဝါးနဲ့ပတ်သက်တဲ့ အမှတ်ပေး စည်းမျဉ်းတွေ၊ သိုး၊ ဆိတ်နဲ့ ပတ်သက်တဲ့ အမှတ်ပေးစည်းမျဉ်းတွေကို ရေးဆွဲပြီး

တော့မှ ပြိုင်ပွဲတွေအလိုက် အချို့က ထုတ်လုပ်မှုကို အဓိက ဦးတည်တယ်။ အချို့ကတော့ လှပကြော့ရှင်းမှုကို ဦးတည် တယ်။ အဲဒါမျိုးနဲ့ ပြိုင်ပွဲကို ဆောင်ရွက်သွားတာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ တကယ်ရည်ရွယ် ချက်ကတော့ တိရစ္ဆာန်မွေးမြူတဲ့လုပ်ငန်းစဉ်တွေမှာ စီးပွားဖြစ်မွေးမြူတဲ့ လုပ်ငန်း တွေကိုပြောင်းဖို့လိုပါတယ်။ ကျေးလက်နေ ပြည်သူတွေက မွေးမြူရေး လုပ်တယ်။ ကျွဲ၊ နွားတွေကို မိရိုးဖလာ သဘောတရားအတိုင်း ရှေးရိုးစဉ်ဆက်အတိုင်း မွေးကြတယ်။ အချိန်တန်အရွယ်ရောက်ရင် ဈေးကွက်ထဲ ထုတ်ရောင်းလိုက်တယ်။ ရသမျှငွေလေးနဲ့ တင်းတိမ်ကြတယ်။ တကယ်တော့ စီးပွားရေးအတွက် တွက်ကြည့်မယ်ဆိုရင် တွက်ခြေမကိုက်ဘူး။

ကျွန်တော်တို့ အခုသွားမယ့် စနစ်က မွေးမြူထုတ်လုပ်တဲ့သူတွေဟာ စီးပွားရေး တွက်ခြေကိုက်ရပါမယ်။ ဒါ့ကြောင့်မို့ မွေးမြူတဲ့စနစ် ပြောင်းဖို့လိုပါတယ်။

မွေးမြူတဲ့မျိုးတွေ ပြောင်းဖို့လိုပါတယ်။ နောက်တစ်ခုကတော့ မွေးမြူမှုကို စောင့်ရှောက်တဲ့ ကျွေးမွေးတဲ့ အစီအစဉ်တွေကို ပြောင်းလဲဖို့ လိုပါတယ်။ ကျွန်တော်တို့ မျှော်မှန်းချက်ကတော့ တိရစ္ဆာန်တွေ မွေးမြူတဲ့ အခါမှာ တိရစ္ဆာန်အစာတွေ စိုက်ပျိုးမယ်။ စိုက်ပျိုးပြီးသား အစာတွေကို ကျွေးမွေးထားပြီးတော့ လွှတ်ကျောင်း စနစ်တွေမဟုတ်ဘဲနဲ့ စနစ်တကျ လှောင်မွေးတဲ့စနစ်နဲ့ ဈေးကွက်ဝင်တဲ့အချိန်မှာ ဈေးကွက်ရအောင် အကျိုးအမြတ်ရှိအောင် ဆောင်ရွက်မယ့်မွေးမြူရေးစနစ်ကို ပြောင်းဖို့အတွက် ခြေလှမ်းပြင်တာ ဖြစ်ပါတယ်။

ဒီပြပွဲ၊ ပြိုင်ပွဲဟာ ဒီမွေးမြူရေးစနစ်ကို ဆက်လက်အားကောင်းအောင်၊ ဒီမွေးမြူ ရေးစနစ်ကို ရှေ့လျှောက် အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ဖို့အတွက် ဆောင်ရွက်တဲ့ ပြပွဲဖြစ်ပါတယ်။ နောက်တစ်ခါ တကယ် လုပ်ဆောင်မယ့် လုပ်ငန်းဆောင်ရွက်တဲ့ တောင်သူ၊ ကျေးလက်နေပြည်သူတွေ၊ လုပ်ငန်းရှင်တွေ၊ စီးပွားရေးကို ဦးတည်တဲ့ လုပ်ငန်းစဉ်၊ ကုန်သွယ်ရေးကို ဦးတည်တဲ့ လုပ်ငန်းစဉ်အဖြစ် ပြောင်းအောင်လို့ ဒီပြပွဲကို အခြေခံပြီးတော့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။

ကိုသက်ပိုင်ဖြိုး (စစ်ကိုင်းမြို့နယ်)

ကျွန်တော့် ဆိတ်က စစ်ကိုင်းမြို့နယ်မှာ ပထမဆုရထားပြီးသား ဖြစ်တဲ့အတွက် နိုင်ငံတော် အဆင့်မှာလည်း ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ဆုရတာထက် အတွေ့အကြုံတွေလည်း ရချင်တဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။ ဒီပြပွဲ၊ ပြိုင်ပွဲ ပြုလုပ်တဲ့အတွက် ကျွဲ၊ နွား၊ မွေးမြူရေး ကဏ္ဍလည်း တိုးတက်လာမှာဖြစ်သလို တောင်သူလယ်သမား ဘဝတွေလည်း တိုးတက်လာမှာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ယူဆပြီးတော့ လာရောက်ကြဖို့ ဖိတ်ကြားပါတယ်။ လာဖို့အတွက်လည်း ဖိတ်ခေါ်ပါတယ်။ ။

ဦးမျိုးသိန်း (ငွေပင်လယ် အသားတိုး နွားမွေးမြူရေးလုပ်ငန်း)

ကျွန်တော်တို့ရဲ့ မျိုးက တရုတ်နိုင်ငံက ယင်လင့်မျိုးချောင်းကို မြန်မာ နွားမနဲ့စပ်ပြီး မွေးမြူထားတဲ့ အသားတိုး နွားဖြစ်ပါတယ်။ အဲဒီနွားမျိုး ထူးခြားချက် သုံးချက်မှာ ပထမအချက်ကတော့ မြန်မာက ငါးနှစ်အထက်မှ အသားစားလို့ ရပါတယ်။ ဒီမျိုးကတော့ နှစ်နှစ်ခွဲဆိုရင် အသားစားလို့ရပါတယ်။ မွေးမြူရတဲ့ ကာလတိုသွားပါတယ်။ နောက်တစ်ချက်ကတော့ မြန်မာထက် အသား နှစ်ဆ ပိုတိုးပါတယ်။ နောက်တစ်ချက်ကတော့ နိုင်ငံတကာမှာ ဒီနွားအသားကမြန်မာဖူး အသားဈေးထက် နှစ်ဆရှိပါတယ်။

ကျေးလက်နေလူထုတွေ ဒီလိုမျိုးတွေရဲ့ မျိုးစိတ်တွေ ရသွားခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ မွေးမြူရတဲ့ကာလကလည်း တိုလာမယ်။ အသားထွက်နှုန်းကလည်း ပိုပြီးတော့တိုးလာမယ်။ ဝင်ငွေ တွေကလည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး နွားတွေကို လူထုတွေ ကျယ်ကျယ်ပြန့်ပြန့် သိအောင် လာရောက်ပြသခြင်း ဖြစ်ပါတယ်။

ကျေးလက်နေ လူထုတွေအတွက် အကျိုးရှိမယ့် နွားပြပွဲဖြစ်တဲ့အတွက် ဒီပြပွဲ ပြိုင်ပွဲကို လာရောက် ကြည့်ရှုသင့်ပါတယ်။ လာရောက်ကြည့်ရှုပြီးတော့ နည်းပညာရော၊ မျိုးတွေရော ရယူကြဖို့အတွက် လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။

ဒေါက်တာ ဗလ (FORTUNE International ကုမ္ပဏီ)

ကျွန်တော်တို့ ဒီကနေ့ပြသတဲ့ပြခန်းဟာဆိုရင် နွားနားကပ်တွေကို ပြသတာ ဖြစ်ပါတယ်။ နားကပ် ဆိုတာကတော့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ အထူး အစီအစဉ်ပါ။ ဒါကဘာလဲဆိုတော့ မြန်မာ နိုင်ငံမှာရှိတဲ့ နွားတွေကို Digital TFIT နားကပ်ကလေးတွေကို ကပ်ထားပြီးတော့ နွားရဲ့ မှတ်တမ်းမှတ်ရာတွေကို Identification လုပ်တဲ့သဘောပါ။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် နွားပိုင်ရှင်ရော၊ နေရာဒေသရော၊ နွားရဲ့ မျိုးရိုးရော အကုန်လုံးပါနေတဲ့အတွက်ကို ရောင်းချတာပဲ ဖြစ်ဖြစ်၊ လာရောက်သယ်ယူပို့ဆောင်တာပဲဖြစ်ဖြစ် အဲဒီချိန်မှာ တောင်သူလယ်သမား ဦးကြီးတွေအနေနဲ့ လွယ်လွယ်ကူကူဖြစ်သွားမှာ ဖြစ်ပါတယ်။

အခုလို ပွဲတော်တွေ ပြုလုပ်ရတဲ့အတွက် မြန်မာနိုင်ငံရဲ့ မွေးမြူရေးဟာ တပ်လှန့်လိုက်သလို အကုန်တက်ကြွသွားမှာ ဖြစ်ပါတယ်။ ဒေသခံတောင်သူ လယ်သမားဦးကြီးများအနေနဲ့ ဒီပွဲကို လက်မလွတ်တမ်း လာရောက်ကြည့်ရှုသင့်ပါတယ်။ ဒီပွဲကိုလာလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ကျွဲ၊ နွားတွေကို မြင်ဖူးသွားမယ်။ သူတို့အတွက် စားကျက်မြက်တွေ၊ အစာကျွေးပုံ ကျွေးနည်းတွေ၊ ကောက်ရိုးထိန်းသိမ်းပုံ ထိန်းသိမ်းနည်းတွေကအစ အကုန်လုံး ဗဟုသုတရသွားမယ်။ တောင်သူလယ်သမား ဦးကြီးတွေအနေနဲ့ လာကြည့်လိုက်လို့ရှိရင် မြန်မာ့မွေးမြူရေးအတွက် သူတို့တွေ စိတ်အားတွေ တက်ကြွပြီး အများကြီးတိုးတက်သွားမယ့်လို့ မျှော်လင့်ထားပါတယ်။ ။

သန်းမင်းအောင်(သတင်းစဉ်)

ဓာတ်ပုံ - နေသစ်