ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ဗီဇမျိုးကွဲ(အိုမီခရွန်)ရောဂါ ပျံ့နှံ့မှုမှာ မြင့်မားနေဆဲဖြစ် သည်။ အာရှ၊ ဥရောပနိုင်ငံများတွင် ရောဂါဖြစ်ပွားမှု စံချိန်တင်မြင့်တက်နေပြီး တစ်နေ့တည်း လူဦးရေထောင်သောင်းချီ၍ ကူးစက်ခံရသော နိုင်ငံများရှိသည်။ လွန်ခဲ့သည့်ရက်က ပြင်သစ်နိုင်ငံတွင် တစ်ရက်တည်းနှင့် လူငါးသိန်းကျော်၊ ဂျပန်နိုင်ငံတွင် တစ်ရက်တည်းနှင့်လူဦးရေခုနှစ် သောင်းကျော် စံချိန်တင်ကူးစက်ခံခဲ့ရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ သိသာစွာလျော့ကျလာပြီး ယခုအခါ ကူးစက်မှု ရာခိုင်နှုန်း တစ်ရာခိုင်နှုန်းဝန်းကျင် သာရှိသည်။ မကြာသေးမီကာလက ပြည်ပမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများထံမှ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ (အိုမီခရွန်)ရောဂါ ဖြစ်ပွားမှုရှိပြီး ရောဂါပိုးတွေ့သူများကို အထူးကြပ်မတ်စောင့်ကြည့် ကုသပေးလျက်ရှိသည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိ ကာလ၌ ကိုဗစ်-၁၉ရောဂါ၊ အိုမီခရွန်ရောဂါတို့နှင့် ပတ်သက်၍ အထူးစိုးရိမ်ပူပန်ဖွယ် မရှိသည်ကိုတွေ့ရှိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍သိသာစွာကျဆင်းလာရခြင်း အကြောင်းရင်းမှာ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မျက်ခြည်မပြတ် အထူးဂရုစိုက်ပြီး အလေးထားစီမံဆောင်ရွက်ပေးမှု၊ ကျန်းမာရေး ဝန်ကြီးဌာနမှဝန်ထမ်းများ ကကြိုးစားပမ်းစား ဆောင်ရွက်ပေးမှု၊ စေတနာ့ဝန်ထမ်းများနှင့် စေတနာရှင်များက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးမှုနှင့် ပြည်သူများ ကအသိတရားရှိစွာဖြင့် ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ အလေးထား လိုက်နာဆောင်ရွက်နိုင်မှုတို့ကြောင့် ရောဂါဖြစ်ပွားမှု ကျဆင်းလာရသည်ဟု ဆိုနိုင်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏အနေအထားအရရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ခံနိုင်ရည် ရှိနေသည့် ကိုယ်ခံစွမ်းအားများရှိနေသည်ကို တွေ့ရှိရသည်။
အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အကျိုးကျေးဇူးရှိပြီး အထောက်အကူပြု သည့် ရောဂါကာကွယ်ဆေးထိုးနှံရေး ကိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းသည်လည်း ပါဝင်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ လူဦးရေ စုစုပေါင်း ၂၂ သန်းခန့်အား ကာကွယ်ဆေးထိုးနှံပေးပြီး ဖြစ်သည်။ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူသန်းပေါင်း ၂၀ နီးပါး ထိုးနှံခဲ့ပြီး ပထမအကြိမ်ထိုးနှံပြီးစီးသူလူဦးရေ သုံးသန်းကျော်ခန့် ထိုးနှံပြီးစီးပြီဖြစ် သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေသန်း ၄၀ ကျော်ထိုးနှံပြီးစီး ပြီဖြစ်သည်။ ရောဂါကာကွယ် ဆေးထိုးနှံရာတွင် မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံးကို ခွဲခြားမှုမရှိဘဲ ထိုးနှံပေးလျက်ရှိရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများပါမကျန် ထိုးနှံပေးလျက်ရှိသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်) နှင့်ပတ်သက်၍ ရောဂါဖြစ်ပွားမှုများကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှု လျက်ရှိရာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း၊ အသွားအလာကန့်သတ်၍ သီးခြားခွဲခြားထားရာ နေရာများ၊ ကုသရေးစင်တာများနှင့် အောက်ဆီဂျင်အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားခြင်း၊ နှီးနွှယ်ဝန် ကြီးဌာနများ၊ ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများ၊ အလှူရှင်များ၊ စေတနာ့ဝန် ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာ မရှိသော်လည်း ပေါ့ပေါ့ဆဆနေထိုင်၍ဖြစ်မည် မဟုတ်ပေ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအခြေခံစည်းမျဉ်း စည်းကမ်းများကို တိတိကျကျလိုက်နာခြင်း၊ သံသယရောဂါ လက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ခြင်း၊ အလှည့်ကျရရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်းတို့ကို မမေ့မလျော့ သတိပြုလိုက်နာဆောင်ရွက်ကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်