ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (၅) (ကုန်ထုတ်သမဝါယမအသင်းများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ)
မြင့်စိုး(နတလ)
ပျဉ်းမနားကြီး၊ ရေနံမြေဒေးဗစ်နှင့် မောင်တို့ကျိုက်လတ်
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတည်းဟူသော ခေါင်းစဉ်ကြီးအောက်မှာ ကုန်ထုတ်သမဝါယမအသင်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများအကြောင်းကို ကလောင်ရှင် ကျွန်တော် မြင့်စိုး(နတလ)က ရေးသားတင်ပြရန် အစပျိုးလိုက်ချိန်မှာတော့ တစ်ခါကတစ်ဘဝ ရုပ်ရှင်ဇာတ်ကားထဲကလို စိတ်အလျဉ်၏ခေါ်ဆောင်ရာ အတိတ်ကာလတစ်ခုဆီသို့ ဖျတ်ခနဲ ရောက်သွားပါတော့သည်။
တစ်ခါက တပ်မတော်သားဖြစ်ခဲ့ဖူးသော ကျွန်တော်၊ ၁၉၉၁ ခုနှစ်မှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အမှတ် (၁) လှုပ်ရှားစစ်ဗျူဟာ (တန့်ယန်း) ၏ စစ်ဦးစီးမှူး (တတိယတန်း) ကနေ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးသို့ ဦးစီးအရာရှိ (တတိယ တန်း) တာဝန်ဖြင့် ပြောင်းရွှေ့ထမ်းဆောင်ခဲ့ရပါသည်။ ကျွန်တော် မကြာခဏရေးပြခဲ့ဖူးသည့်အတိုင်း ထိုအချိန်က ကျွန်တော်တို့ဌာန (ကကနယ်) တွင် ညွှန်ကြားရေးမှူးမရှိသေး။ ဒုတိယညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီး ခင်မောင်ထွေး (အဘထွေး၊ ကွယ်လွန်) ကပဲ အနီးကပ်ကွပ်ကဲပြီး ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်သိန်း (နောင်တွင် ဒုတိယဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာန) က တွဲကိုင်နေချိန်ဖြစ်၏။
ဆိုရသော် ကကပြည်နှင့် ကကနယ်တို့သည် ညီအစ်ကိုဌာနများသဖွယ် ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံနေထိုင်ခဲ့ကြသည်မှာ ကာလအတန်ကြာခဲ့၏။ နံနက်ပိုင်း briefing လုပ်လျှင်လည်း အတူတူ၊ ကျွန်တော်တို့ ကကနယ်က ဦးစီးအရာရှိ (ဒုတိယတန်း) ဗိုလ်မှူး ဒေါ်ခင်မျိုးနွယ်က ခင်မျိုးနွယ် (မန်းတက္ကသိုလ်) ဖြင့် စာတွေရေးနေသည်။ အင်္ဂလိပ်စာကောင်းသဖြင့် ဘာသာပြန်တွေလည်းရေး၏။ ဟိုဘက်ဌာန ကကပြည်ကတော့ အနုပညာရှင်တွေ စုဝေးရောက်ရှိရာ ဌာနကြီးဖြစ်သည်။ နိုင်ငံကျော်စာရေးဆရာ ဒါရိုက်တာတင်သန်းဦး (ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဦး - ကွယ်လွန်)၊ ပျဉ်းမနားမြင့်လှိုင် (ဗိုလ်ကြီးမြင့်လှိုင်-ကွယ်လွန်)၊ တေးရေး မြသန်းစံ (ဗိုလ်မှူးမြသန်းစံ၊ ယခု အမျိုးသားစာပေဆုရ ဆရာတော်ဘဒ္ဒန္တပညိန္ဒ)၊ စာရေးဆရာ ချမ်းမြအောင် (ဗိုလ်မှူးမြင့်အောင်)၊ ဒုတိယဗိုလ်မှူးကြီး အောင်ကျည်ထွဏ်း (ဗပဆ) တို့အပြင် မြဝတီရုပ်မြင်သံကြားလည်း တည်ဆောက်ထုတ်လွှင့်နေပြီဖြစ်၍ တပ်မှူးတွေ briefing လာတက်ကြရ၏။
briefing မစခင်မှာ အကြောင်းသင့်ရာတွေ ပြောကြသည်။ ရင်းရင်းနှီးနှီး စကြနောက်ကြသည်။ အစ်မကြီး ဗိုလ်မှူး ဒေါ်ခင်မျိုးနွယ်က ပျဉ်းမနားမြင့်လှိုင်ကို မကြာခဏ နောက်ပြောင်တတ်သည်။ ပျဉ်းမနားကြီးရယ်- ဒီနေ့ရုံးကိုလာခါနီး အစ်မ ရေဒီယိုနားထောင်လိုက်ရတယ် သိလား၊ သီချင်း လွှင့်ခါနီးကြေညာတာက ဘာတဲ့... ပျဉ်းမနား မြင့်လှိုင် ရေးစပ်သီကုံးပြီး ရေနံမြေ ဒေးဗစ် သီဆိုထားတဲ့ မောင်တို့ကျိုက်လတ်…ဆိုပဲ။ ရေးတဲ့သူက ပျဉ်းမနားဇာတိ၊ ဆိုတဲ့သူက ရေနံချောင်းကလား၊ ချောက်ကလား၊ ထားပါတော့ ဒီအထိ ငါလက်ခံနိုင်တယ်၊ သီချင်းနာမည်ကျမှ မောင်တို့ကျိုက်လတ် ဆိုတာကတော့ မဟုတ်သေးဘူး ထင်တယ်နော်… တဲ့။ ပျဉ်းမနားကြီးက ဘာမျှပြန်မပြော၊ ဆံပင်တွေ ပါးစပြုနေသော ခေါင်းကိုပွတ်၍ ပြုံးပြုံးကြီး လုပ်နေတာကို ပြန်လည်မြင်ယောင်မိ၏။
အမှတ်ရစရာတွေက မနေ့တစ်နေ့ကလို ဖြစ်နေ၏။ လွမ်းမိပါတယ် နောင်တော်ကြီး ကိုတင်သန်းဦး နှင့် ပျဉ်းမနားကြီးတို့ရေ…၊ အမှတ်ရမိပါတယ်… အစ်မကြီးနှင့် လုပ်ဖော်ကိုင်ဖက်များတို့ရေ။ ယခုလည်း နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းများအကြောင်းရေးရင်း (နတလ) အမည်ကို မပြောင်းမလဲယူလာခဲ့သော ကျွန်တော် မြင့်စိုး (နတလ) MSME ခေါင်းစဉ်ကို အကြောင်းပြုလျက် ဝန်ကြီးဌာနပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ ကုန်ထုတ် သမဝါယမအသင်းများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းအကြောင်းများကို ရေးရချေပြီတမုံ့။
ပြည်ပသို့တင်ပို့နေသော ကုန်ထုတ်သမဝါယမအသင်းများ
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကြီးတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ကုန်ထုတ်သမဝါယမအသင်းများ လာရောက်ပါဝင်ယှဉ်ပြိုင် ခင်းကျင်းပြသလျက်ရှိရာ ယင်းတို့အနက် ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့နေသော ကုန်ထုတ်သမဝါယမအသင်းများ ပါဝင်လာပေသည်။ ၎င်းတို့မှာ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ရောက်ရှိလာကြသော ရွှေပြည်သာမြို့နယ်မှ တံမြက်စည်းလုပ်ငန်းလုပ်ကိုင်နေသာ ကျေးဇူးတော်နှင့် တင့်တယ်ခြင်း အထွေထွေစီးပွားရေး သမဝါယမအသင်း၊ ကြည့်မြင်တိုင်မြို့နယ်မှ သီရိစန္ဒာအထည်ချုပ်လုပ်ငန်းနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း၊ ရှမ်းပြည်နယ်ကိုယ်စားပြု ဟိုပုံးမြို့နယ်အခြေစိုက် Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းတို့ ဖြစ်ကြသည်။
လွန်ခဲ့သော သုံးနှစ်အချိန်ကာလ ၂၀၂၂ မှ ၂၀၂၄ ခုနှစ်အတွင်း ကျေးဇူးတော်နှင့် တင့်တယ်ခြင်း တံမြက်စည်းလုပ်ငန်းက တောင်ကိုရီးယားနိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၀ ဒသမ ၅၃၄ သန်း၊ သီရိစန္ဒာအထည်ချုပ်လုပ်ငန်းက ဂျပန်နိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၅ ဒသမ ၂၃၀ ၊ Green Gold ကော်ဖီလုပ်ငန်းက ဆွစ်ဇာလန်နိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၉၅ သန်း စုစုပေါင်း ၇ ဒသမ ၆၅၉ သန်း၊ မြန်မာငွေ အားဖြင့် ကျပ်သန်းပေါင်း ၁ ဒသမ ၅၇၈ ဘီလီယံ နိုင်ငံအတွက် ရှာဖွေပေးနိုင်ခဲ့ပြီဖြစ်သည်။
ယခုပြပွဲပြိုင်ပွဲကြီး ကျင်းပပြုလုပ်ရခြင်း၏ မူလရည်ရွယ်ချက်များထဲတွင် အောက်ပါရည်ရွယ်ချက်က ပါရှိပြီးဖြစ်သည် -
“MSME များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရန်၊ တန်ဖိုးမြှင့် ထုတ်ကုန်အသစ်များကို ပြည်ပသွင်းကုန်အစားထိုးအဖြစ် ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်”
ကုန်ထုတ်သမဝါယမအသင်းများထဲတွင် ပြည်ပဈေးကွက်များအထိ ထိုးဖောက်နေရာယူနိုင်သော အသင်းများ ပေါ်ပေါက်နေပြီဖြစ်သကဲ့သို့ ယခုပွဲတော်ကြီးအပြီးတွင် နိုင်ငံတကာနှင့် ချိတ်ဆက်နိုင် မည့် အသင်းများ ပေါ်ပေါက်လာဦးမည်ဟု ယုံကြည်မိပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပြခန်း ၂၂ ခန်း တာဝန်ယူ
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ ခြေတော်ရင်း၊ တပေါင်းကွင်း၌ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကြီးကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက် နေ့အထိ ခုနစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဝန်ကြီးဌာနပြခန်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ ကုန်ထုတ်သမဝါယမအသင်းပြခန်း များ၊ အသေးစားစက်မှုလက်မှုပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာရောင်းချသည့် ပြခန်းများ စသည်ဖြင့် ပြခန်းစုစုပေါင်း ၉၆ ခန်း ခင်းကျင်းပြသထားပေရာ ထိုအထဲတွင် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တာဝန်ယူခင်းကျင်းပြသရသည့် ပြခန်း ၂၂ ခန်း ရှိပါသည်။
ပေ ၅၀ x ပေ ၃၀ တစ်ခန်းက ဝန်ကြီးဌာနပြခန်းအနေဖြင့် ခင်းကျင်းပြသရပြီး သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပေ ၂၀ ပတ်လည် အခန်း ၁၀ ခန်းတွင် ကုန်ထုတ်သမဝါယမအသင်းများက လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပေ ၂၀ ပတ်လည် အခန်း ၁၁ ခန်းတွင် အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်များကလည်းကောင်း ခင်းကျင်းပြသထားသောကြောင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တာဝန်ယူ ခင်းကျင်းပြသရသော ပြခန်းစုစုပေါင်း ၂၂ ခန်း ရှိပါသည်။
သမဝါယမဆိုသည့် အနှစ်သာရနှင့်အညီ
သမဝါယမဟူသောဝေါဟာရကို သမဝါယမဝန်ထောက်မင်း ဦးမောင်မောင်ပြား (၁၉၀၄) က စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။ Co-operation အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဆိုသည့် ဝေါဟာရကို မြန်မာမှုပြု၍ “သမဝါယမ” ဆိုသည့် ပါဠိပျက်ဝေါဟာရအသစ်တစ်ခုဖြင့် တီထွင်ပြန်ဆို ခဲ့သည်။ သမဆိုသည့် ပါဠိစကားသည် မျှမျှတတ၊ ညီတူညီမျှ ဟူသောအနက်ကို ပေးသည်။ ဝါယမ (ဝါယာမ)က လုံ့လပြုသည်၊ ကြိုးပမ်းသည်၊ အားထုတ်သည်ဟု အဓိပ္ပာယ်ရသည်။ Co-operation က အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဟု ယေဘုယျအဓိပ္ပာယ်ကိုသာ ဖော်ဆောင်သော်လည်း သမဝါယမအဓိပ္ပာယ်ကမူ ပို၍လေးနက်သည်။
“လုပ်ငန်းတစ်ခုခုကို လူအများ ပူးပေါင်းဆောင်ရွက်ကြရာ၌ ပါဝင်သောပုဂ္ဂိုလ်တိုင်းသည် မိမိ၏ ကာယဉာဏလုပ်အားများဖြင့် မိမိစွမ်းဆောင်နိုင်သည့် နေရာအသီးသီးမှ ရေသာမခို လှေကြုံ မလိုက်ဘဲ အများနှင့်ညီတူညီမျှ တက်ညီလက်ညီ အတူတကွပူးပေါင်းဆောင်ရွက်ခြင်း” ဟု အနက် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ (တွဲဖက်သမဝါယမ မင်းကြီး ဦးလှမောင် ရေးသားသည့် သမဝါယမ နိဒါန်းမှ)
အထက်ပါစကားရပ်နှင့်အညီ စုစည်းညီညွတ်စွာ စုဝေးရောက်ရှိလာကြကုန်သော နေပြည်တော်မှ ကုန်ထုတ်သမဝါယမအသင်း သုံးသင်း၊ ပဲခူးတိုင်းဒေသကြီးမှ တစ်သင်း၊ မကွေးတိုင်းဒေသကြီးမှ တစ်သင်း၊ မန္တလေးတိုင်းဒေသကြီးမှ ငါးသင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ နှစ်သင်း၊ ရှမ်းပြည်နယ်မှ လေးသင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ တစ်သင်း စုစုပေါင်း ၁၉ သင်းတို့ကို ပြခန်း ၁၀ ခန်းတွင် ခွဲဝေ နေရာချထားပေးခဲ့သည်။ ပြပွဲတွင် ခင်းကျင်းပြသမည့် ပစ္စည်းအမယ်များမှာ မြေပဲဆီ၊ နေကြာဆီ၊ မျှစ်ချဉ်၊ သစ်အချောထည်ပစ္စည်းများ၊ နို့ဆီ၊ ဒိန်ချဉ်နှင့် အားဖြည့်အချိုရည်များ၊ နှမ်းရိုးအခြေခံသဘာဝ မြေဩဇာများ၊ ပြောင်း၊ စပါး အခြောက်ခံစက် အပါအဝင် စက်ကိရိယာအမျိုးမျိုး၊ ဆန်နှင့် နနွင်း၊ ချင်း၊ ငရုတ်စသော စားသောက်ကုန်အမျိုးမျိုး၊ ဝါးလက်မှုထည်များ၊ တံမြက်စည်းအမျိုးမျိုး၊ အဝတ် အထည်မျိုးစုံ၊ တိုင်းရင်းသားရိုးရာဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများ၊ သင်ဖျာအမျိုးမျိုး၊ ကော်ဖီမှုန့်မျိုးစုံ အစရှိသည်တို့ဖြစ်ကြသည်။
ပြပွဲတွင် ပြသရောင်းချမည်ဖြစ်သလို ပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ကြရန် ပြင်ဆင်လာကြသည်။ ကုန်ထုတ်သမဝါယမအသင်း ပြခန်းများတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သော “ပစ္စည်းချင်းတူလျှင် ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူလျှင် အရည်အသွေးပိုကောင်း ရမည်” ဆိုသည့် ဆောင်ပုဒ်ကို ချိတ်ဆွဲထားသကဲ့သို့ အမယ်သစ်များအဖြစ် ဝါး၊ ဝါ၊ ရော်ဘာ၊ ကော်ဖီ၊ သစ်သီးထုတ်ကုန်များ ပြသနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။
ဆုရွေးချယ်ရေးအတွက် စံ သတ်မှတ်ချက်များ
သမဝါယမ ကုန်ထုတ်လုပ်ငန်းများအတွက် ဆုရွေးချယ်ရန် အောက်ပါအမှတ်ပေးစည်းမျဉ်းများအား သတ်မှတ်ခဲ့ပါသည် -
(က) ထုတ်လုပ်ရောင်းချသည့် ပစ္စည်းများသည် သမဝါယမအသင်း/ အသင်းသား ကိုယ်တိုင် ထုတ်လုပ်ဆောင်ရွက်မှု၊
(ခ) ထုတ်ကုန်များသည် အရည်အသွေးမှန်ကန်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ အမှတ်တံဆိပ်နှင့် ထုပ်ပိုးမှုကောင်းမွန်မှု၊
(ဂ) ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းနှင့် ဒေသခံလူထု အကျိုးစီးပွား အပြန်အလှန်ဖြစ်ထွန်းစေမှု၊
(ဃ) ဆန်းသစ်တီထွင်နိုင်မှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မှု၊
(စ) ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် ထောက်ခံအားပေးမှု၊
(ဆ) လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များရရှိထားမှု (ဥပမာ- FDA ထောက်ခံချက်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်၊ ပိုးသတ်ဆေးထောက်ခံချက်)၊
(ဇ) သမဝါယမအသင်းအကျိုးပြုမှု၊
(ဈ) လှည့်ပတ်ရင်းနှီးငွေကျပ် သိန်း (၁၀၀၀) အထက်ဖြစ်မှု၊
(ည) ကုန်ထုတ် သမဝါယမအသင်းများ၏ နှစ်စဉ်ထုတ်လုပ်နိုင်မှုပမာဏ၊ ပြည်တွင်း ရောင်းချနိုင်မှုပမာဏ၊ ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှုပမာဏ။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဝင်ငွေတိုးစီမံကိန်း
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဖွဲ့စည်းပုံက တစ်မျိုးဖြစ်သည်။ ဦးစီးဌာန (ရုံးချုပ်) ဖွဲ့စည်းပုံပြီးလျှင် ပြည်နယ်/ တိုင်းဒေသကြီးရုံးများ ရှိသည်။ ခရိုင်အဆင့်ရုံးများ ဖွဲ့စည်းထားသည်။ မြို့နယ်ဖွဲ့စည်းပုံမရှိ၊ မြို့နယ် ဦးစီးမှူးမရှိ၊ သို့ရာတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက နိုင်ငံတစ်ဝန်း အကောင်အထည်ဖော်နေသော “ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းပေါများရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်း” အောင်မြင်အောင်၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးအောင်၊ ဒေသထွက်ကုန်များအပေါ် အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် လုပ်ငန်းရှင်များ ပေါ်ပေါက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ရာ သုံးနှစ်ပြည့်မြောက်လာသည့် စီမံကိန်းကာလအတွင်း ထိုက်သင့်သော အောင်မြင်မှုတစ်ခုကို ရရှိထားပြီးဖြစ်သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဒေသခံပြည်သူများ၏ ဌာနအပေါ်ယုံကြည်ကိုးစား မှုကိုလည်း ရရှိခဲ့ပြီဖြစ်သည်။ ယခုလည်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများသည် မိမိတို့၏ဒေသတာဝန်ခံများအဖြစ် စီးပွားရေးဝန်ကြီးများနှင့်အတူ လိုက်ပါလာခဲ့ကြပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများကို ပြည်နယ်နှင့်တိုင်းဒေသကြီး ပြခန်းများတွင်လည်းကောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးကြပ်ရသည့် ပြခန်း ၁၁ ခန်းတွင်လည်းကောင်း ခင်းကျင်းပြသခဲ့ကြသည်။
နိုင်ငံခြားပို့ကုန်ဆောင်ရွက်နေသာ လုပ်ငန်းရှင်များ
နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ဝမ်းမြောက်စွာ ဂုဏ်ပြုဖော်ပြပေးလိုပါသည်။
(က) နေပြည်တော်။ ဦးကျော်ထူး၏ “Oma” အသင့်စား ခေါက်ဆွဲခြောက်လုပ်ငန်း၊ ဒေါ်ဟေမာစံ၏ “HEIN SHWE YAUNG” လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ ဒေါ်ခင်မိုးဖြူ၏ “ချမ်းမြေ့မေတ္တာ” ကျောက်မျက်ရတနာ အလှဆင်ပစ္စည်းနှင့် ရွှေပန်းထိမ်လုပ်ငန်း၊ ဒေါ်သဉ္ဇာဦး၏ “သဉ္ဇာ” မြန်မာ့အစားအစာလုပ်ငန်း၊ ဒေါ်အိဇင်ဦး၏ “အိလက်ရာ” စားသောက်ကုန်လုပ်ငန်း၊ ဒေါ်စုစုရီ၏ “ငွေစန္ဒာ” လက်ရက်ကန်းလုပ်ငန်း။
(ခ) ပဲခူးတိုင်းဒေသကြီး။ ဦးအောင်ကျော်ဆန်း၏ “ပန်းကမ္ဘာ” မြန်မာ့လက်မှု ထည်လုပ်ငန်း၊ ဦးကျော်လင်းဇော်၏ “ယောကျ်ားကြီးငါးပိလုပ်ငန်း”၊ ဒေါ်ခင် စန်းမော်၏ “မခန်းလေး”ထမင်းသုပ်၊ ဒေါ်ခင်ရတနာလှိုင်၏ “ရိုးရာမောင်” ချည်ထည်လုပ်ငန်း။
(ဂ) မကွေးတိုင်းဒေသကြီး။ ဦးမင်းသက်ဝေ၏ “မြန်မာ့သဘာဝဒန့်သလွန်ထုတ်ကုန်များလုပ်ငန်း” Myanmar Organic Moringa၊ ဒေါ်နီလာ၏ “ဂဠုန်မင်းညီနောင်” ချည်ထည်လုပ်ငန်း၊ ဒေါ်သက်ဆုဌေး၏ JUMJEL ဇီး၊ မန်ကျည်းဖျော်ရည်လုပ်ငန်း၊ ဒေါ်မိုးသူဇာ၏ “ခါတော်ဦး” စားသောက်ကုန်လုပ်ငန်း။
(ဃ) မန္တလေးတိုင်းဒေသကြီး။ ဒေါ်လုကွေဆင်း၏ Super Hero ငှက်သိုက်လုပ်ငန်း၊ ဒေါ်မေနှင်းဝေ၏ Health & Happy ကွတ်ကီးလုပ်ငန်း၊ ဒေါ်လင်းလင်းခိုင်၏ “Because Coffee” လုပ်ငန်း၊ ဦးရာဇာဌေး ၏ “ဓနသိဒ္ဓိအောင်” ကျောက်စိမ်း ကျောက်သွေး ကျောက်ဖြတ်လုပ်ငန်း၊ ဒေါ်ယဉ်မူ၏ “ENE” လူသုံးကုန်လုပ်ငန်း။
(င) ရန်ကုန်တိုင်းဒေသကြီး။ ဒေါ်သက်မာညို၏ “Better Bee” မြန်မာ့အရည်အသွေး မြင့်ထုတ်ကုန် ပျားရည်နှင့် စားသောက်ကုန်လုပ်ငန်း၊ ဦးငွေလင်း၏ “Burma Grace” လူသုံးကုန်လုပ်ငန်း၊ စိုင်းစိုးမြင့်၏ Myanmar Bird’s Nest စားသောက်ကုန် လုပ်ငန်း၊ ဒေါ်ခင်ချမ်းမြေ့သူ၏ “ချမ်း” လူသုံးကုန်လုပ်ငန်း။
(စ) ရှမ်းပြည်နယ်။ ဒေါ်မို့မို့မြတ်မင်း၏ “OH MY ZING” စားသောက်ကုန်လုပ်ငန်း။
ဈေးကွက်ချိတ်ဆက်နိုင်မှု
ပြည်နယ်နှင့်တိုင်းဒေသကြီး လုပ်ငန်းရှင်များအနေဖြင့် ပါဝင်ခင်းကျင်းပြသယှဉ်ပြိုင်ကြသော စားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုထည်၊ ရက်ကန်း စသည့်ကုန်ပစ္စည်းအမျိုးအစားအလိုက် ဈေးကွက်ချိတ်ဆက်နိုင်မှုမှာ နေပြည်တော်မှ ၁၆ခု၊ တနင်္သာရီတိုင်းဒေသကြီးမှ သုံးခု၊ ပဲခူးတိုင်းဒေသ ကြီးမှ ကိုးခု၊ မကွေးတိုင်းဒေသကြီးမှ ၁၁ ခု၊ မန္တလေးတိုင်းဒေသကြီးမှ ခုနစ်ခု၊ မွန်ပြည်နယ်မှ နှစ်ခု၊ ရန်ကုန်တိုင်းဒေသကြီးမှ လေးခု၊ ဧရာဝတီတိုင်းဒေသကြီးမှ သုံးခု စုစုပေါင်း လုပ်ငန်း ၅၆ ခု ဈေးကွက်ရှာဖွေချိတ်ဆက်နိုင်ခဲ့သည်။
သုံးသပ်အကြံပြုချက်များ
အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအောက်မှ ပြည်နယ်နှင့်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများသည် MSME ပြပွဲပြိုင်ပွဲကြီးအပြီးတွင် ၎င်းတို့တာဝန်ယူထားရသော ပြခန်းများအလိုက် တွေ့ရှိသုံးသပ်ချက်များကို အကြံပြုရေးသား၍ အစီရင်ခံတင်ပြခဲ့ကြသည်။ သုံးသပ်အကြံပြုချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ပြိုင်ပွဲဝင်မည့်လုပ်ငန်းရှင်များကို ကြိုတင်လေ့ကျင့်ပေးပြီး ထုပ်ပိုးမှုစနစ်ကောင်းမွန်အောင်၊ ဈေးကွက်ချိတ်ဆက်မှု အားကောင်းအောင် အသိပညာပေးသင့်ပါသည်။
(ခ) Micro ၊ Small ၊ Medium စံသတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းများကို ပါဝင်ယှဉ်ပြိုင်လျှင် ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာပါမည်။
(ဂ) ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ကုန်ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ဒေသတစ်ခု၏လိုအပ်ချက်ကို အခြားဒေသတစ်ခုမှ ဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်သင့်သည်။
(ဃ) တပေါင်းကွင်းသို့ အများပြည်သူသွားလာမှု လွယ်ကူစေရေး ယာဉ်များပြေးဆွဲပေးသင့်ပါသည်။
(င) လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများကို လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်၊ မူပိုင်ခွင့်များ ပြည့်စုံအောင် စီစဉ်ဆောင်ရွက်ပေးကြရန်လိုပါသည်။
(ဆက်လက်ဖော်ပြပါမည်)