ကျွန်တော်ချစ်သော တောင်ဇလပ်မြေ အစဉ်ထာဝရအေးချမ်းပါစေ
မြင့်စိုး(နတလ)
ဟားခါးမြို့၏ အထင်ကရ ရုန်းတောင်
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နေပြည်တော်မှကလေးမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပျံသန်းချိန် ၁ နာရီ ၁၀ မိနစ်၊ ကလေးမှဟားခါးမြို့သို့ ရဟတ်ယာဉ်ဖြင့် ပျံသန်းချိန် မိနစ် ၃၀ စွန်းစွန်းမျှသာ။
ဟားခါးမြို့ပေါ် ဝဲပျံနေချိန်မှာတော့ အရင်ဆုံး ကျွန်တော်ရည်မှန်းဦးခိုက်လိုက်မိသည်က ရုန်းတောင်ပေါ်တွင် စံပယ်တော်မူလျက်ရှိသည့် ဇေယျသိဒ္ဓိရုပ်ပွားတော်မြတ်ကြီးကိုပဲ ဖြစ်ပါသည်။ ၁၉၉၈ ခုနှစ် ကျောင်းသားအားကစားပွဲတော်တွင် နယ်စပ်/ စည်ပင်ဝန်ကြီးဌာန ပြခန်းတာဝန်များကို ထမ်းဆောင်ရင်း ရုန်းတောင်ပေါ်သို့တက်၍ ပထမဆုံးအကြိမ် ဖူးမြော်ဖြစ်ခဲ့သည်။ ကျွန်တော် အမှတ်မမှားလျှင် ရာသီဥတုကလည်း ယခုလို ဖေဖော်ဝါရီလ အခါသမယပင်ဖြစ်နေ၍ တောင်ဇလပ်ပန်းနီနီတို့ လှပစွာပွင့်ဖူးနေချိန်မို့ ချင်းပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသော၊ တောင်ဇလပ်ပန်းဆိုတာကို ယခုမှမြင်ဖူးတွေ့ဖူးသော ကျွန်တော့်အတွက် ရုန်းတောင်သို့ အတက်ခရီးသည် မောပန်းသည်ဟုပင်မထင်ခဲ့မိ။
ရဲရဲနီစွေးနေသော တောင်ဇလပ်ပန်းတို့ကို ငေးရင်းမောရင်း တပည့်များနှင့်အတူ ရုန်းတောင်ထိပ်သို့ ရောက်ခဲ့သည်။ ထိုစဉ်က ကားလမ်းမရှိသေး၊ ခြေကျင်ခရီးဖြင့် နှင်ခဲ့ကြခြင်းဖြစ်၏။ ယင်းနောက်ပိုင်း နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်ဖြင့် ဟားခါးမြို့သို့ ရောက်တုန်းရောက်ခိုက် ရုန်းတောင်ပေါ်သို့ တစ်ခေါက်ရောက်ခဲ့သေး၏။ ထိုအချိန်တွင်မတော့ တောင်ပေါ်သို့ ကားလမ်းပေါက်နေပေပြီ။ ရုန်းတောင်ပေါ်တွင် ပဉ္စဝဂ္ဂီငါးဦးအား တရားဟောနေဟန်တည်ထားသည့် ဇေယျသိဒ္ဓိရုပ်ပွားတော်ကြီးအပြင် တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ၏ ရုပ်တု၊ မပုပ်မသိုးဖူးမြော်တွေ့ရှိနေရသည့် ခွာရုံကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တသီရိန္ဒ၏ ရုပ်ကလာပ်တော်တို့ ရှိနေပါသည်။ ထိုမှ ဘုရားကျောင်းစေတီသာသနိက အဆောက်အအုံများ တစ်စတစ်စ တိုးပွားလာကြောင်း သိရ၏။
(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သောသဝဏ်လွှာ
(၇၅) နှစ်မြောက်နှင့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့များသို့ ကျွန်တော်ရောက်ခဲ့၊ တက်ခဲ့၊ ပါဝင်ဆင်နွှဲခဲ့ဖူးပါပြီ။ ယခု (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ကိုမူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သောအဖွဲ့နှင့်အတူ လိုက်ပါခွင့်ရခဲ့ခြင်းဖြစ်၏။
အခမ်းအနားအစီအစဉ်အရ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ကိုးမြို့နယ်ကို ကိုယ်စားပြုသော သဘာပတိအဖွဲ့ဝင်ကိုးဦးက စင်မြင့်ထက်တွင်နေရာယူကြပြီးနောက် နိုင်ငံတော်အလံအား အလေးပြုကြပါသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဖတ်ကြားသည်။
ပေးပို့သည့်သဝဏ်လွှာတွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ်တစ်လျှောက် ချင်းတိုင်းရင်းသား မျိုးချစ်သူရဲကောင်းများက ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့်အတူ ဗြိတိသျှကိုလိုနီနယ်ချဲ့တို့ကို ဆန့်ကျင်တွန်းလှန်တိုက်ခိုက်ခဲ့ကြသလို လွတ်လပ်ရေးရပြီး နိုင်ငံတော် တည်ဆောက်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့မှုများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဂုဏ်ပြုဖော်ပြထားပါသည် -
“နိုင်ငံတော်၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဖြစ်စဉ်တစ်လျှောက်လုံးနှင့် လွတ်လပ်ရေးရပြီး နိုင်ငံတော်တည်ဆောက်ချိန်များတွင်လည်း ချင်းတိုင်းရင်းသားတို့သည် ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့်အတူ ကျောချင်းကပ်၊ ရင်ချင်းအပ်ကာ လက်တွဲပါဝင်ခဲ့ကြပါသည်။ ဗြိတိသျှကိုလိုနီတို့၏ ကျူးကျော်သိမ်းပိုက်ခြင်းကိုခံခဲ့ရစဉ်က ချင်းတိုင်းရင်းသား ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ခိုင်ကမ်း၊ ဗိုလ်ကြွမ်ဘိခ်၊ ဗိုလ်လာလ်လွဲ၊ ဗိုလ်ထောင်လင်းတို့နှင့် ချင်းတိုင်းရင်းသားများသည် အခြားသောတိုင်းရင်းသားပြည်သူတို့နှင့်အတူ ရဲဝံ့စွန့်စားစွာဖြင့် ခုခံတော်လှန်ခဲ့ကြပါသည်။ လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကာလကလည်း ဦးထောင်ဇခုပ်၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ဦးကီးယိုမန်း၊ ဝဏ္ဏကျော်ထင် ဦးလှူရ်မှုန်၊ သီရိပျံချီ ဦးထောင်ကျင်းထန်၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်) သတိုးမဟာစည်သူ ဦးဝမ္မသူးမောင်တို့သည် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။
၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲခဲ့စဉ် သုံးကြိမ်လုံး ပါဝင်ဆောင်ရွက်ခဲ့သည့် နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) သီရိပျံချီ ဦးထပ်လိုင်း၊ လွတ်လပ်ရေးရပြီးကာစ ပြည်တွင်းဆူပူသောင်းကျန်းမှုကို ချေမှုန်းတိုက်ခိုက်ခဲ့ကြသည့် ဒုတိယဗိုလ်မှူးကြီး ဟရန်းထီးယို၊ ဒုတိယဗိုလ်မှူးကြီးလျန်ကျင့်ဇမ်း၊ ဗိုလ်ကြီး သူရအောင်ဆန်းသူရိယတိုက်ချွန်း၊ ဗိုလ်မှူးကြီး ဇေယျကျော်ထင်ဗန်ကူး၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ဗိုလ်ချုပ်ထောင်ဇာခိုင်တို့နှင့်အတူ ချင်းတိုင်းရင်းသားများသည် နိုင်ငံတော်အတွက် ကျရာတာဝန်အသီးသီးကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပါသည်။”
ကျွန်တော်ငယ်စဉ်က နေထိုင်ပညာသင်ကြားခဲ့ဖူးသော ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကို စတင်တည်ထောင်တော်မူခဲ့သည့် ဆရာတော်ကြီး ဘဒ္ဒန္တပညာ လောကသည် နယ်ချဲ့ဆန့်ကျင်ရေးကာလတွင် သခင်ပညာလောကဘွဲ့အမည်ခံ၍ နယ်ချဲ့ဆန့်ကျင်ရေးတရားများ ဟောကြားခဲ့သဖြင့် အင်္ဂလိပ်အစိုးရက ထောင်သုံးခါချခြင်းခံရပြီး ထောင်ထဲမှာ ဦးဝမ္မသူးမောင်တို့နှင့်အတူနေခဲ့ရကြောင်း မကြာခဏမိန့်ကြားခဲ့ဖူးပါသည်။ နိုင်ငံတော်အကြီးအကဲထံမှ ပေးပို့သောသဝဏ်လွှာတွင် လက်နက်ကိုင်အကြမ်းဖက်မှုများ၏ ဆိုးကျိုးကို သတိမူမိစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းစေရန်တို့အတွက် ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး အောက်ပါအတိုင်း ဖော်ပြထားပါသည်-
လက်နက်ကိုင်အကြမ်းဖက်မှုများ၏ ဆိုးကျိုးကို လက်တွေ့ခံစားနေရသည်မှာ ဒေသခံတိုင်းရင်းသား ပြည်သူများပင် ဖြစ်ပါသည်။ ထိခိုက်ဆုံးရှုံးမှုမှန်သမျှမှာလည်း နိုင်ငံတော်၏ အရင်းအမြစ်နှင့် အခြေခံ အဆောက်အအုံများပင် ဖြစ်ပါသည်။ တိုးတက်ဖွံ့ဖြိုးမှုအရှိန်အဟုန်ရရှိနေသည့်အခြေအနေမှ ယခုကဲ့သို့ မဆင်မခြင်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးရခြင်းမှာ နိုင်ငံ၏အင်အားကိုလျော့ပါးစေပြီး မူလအခြေအနေ ပြန်လည်ရောက်ရှိအောင် အကုန်အကျများစွာနှင့် အချိန်ယူတည်ဆောက်ကြရမည် ဖြစ်ပါသည်။
ထိုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့်ဝန်ထမ်းများနှင့် ပြည်သူများကို နိုင်ငံတော်ကထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ရန် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။ ထို့ကြောင့် နိုင်ငံနှင့်ပြည်သူအတွက် ဆိုးကျိုးများကို ဖြစ်ပေါ်စေသည့် ဆူပူအကြမ်းဖက် တိုက်ခိုက်မှုများပပျောက်စေပြီး တည်ငြိမ်အေးချမ်းမှုရရှိစေရန် ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူများက အားလုံးပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုပါသည်။
ထို့ပြင်တဝ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ကူညီပံ့ပိုးပေးမည့် အခြေအနေများကိုလည်း အောက်ပါအတိုင်း ဖော်ပြထားပါသည် -
ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ပြီး ဒေသနှင့်ကိုက်ညီသည့် စနစ်ကျနသော မွေးမြူရေးလုပ်ငန်းများကိုလည်း ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်သွား ကြရမည်ဖြစ်ပါသည်။ ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကုန်ပစ္စည်းများမှသည် အရည်အသွေးပြည့်မီသော MSME ထုတ်ကုန်များ အဖြစ် ပိုမိုတိုးမြှင့်ထုတ်လုပ်ကြရန်နှင့် ဒေသတွင်း စားသုံးမှုဖူလုံရေး၊ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေး အထိပါ ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါသည်။ လိုအပ်သည့်နည်းပညာ၊ အရင်းအနှီးနှင့် ကုန်ထုတ်သွင်းအားစုတို့ကိုလည်း နိုင်ငံတော်က ပံ့ပိုးပေးလျက်ရှိသကဲ့သို့ ဆက်လက် ၍လည်း အားပေးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
ကျွန်တော်ချစ်သော ချင်းတို့ဌာနီတောင်ဇလပ်မြေ
ချင်းပြည်နယ်အတွင်း မြောက်ပိုင်းမြို့နယ်များနှင့် တောင်ပိုင်းမြို့နယ်များဟူ၍ ခေါ်ဝေါ်နေကြပေရာ ကျွန်တော်နတလဝန်ထမ်းဘဝက မြောက်ပိုင်းမြို့နယ်များသို့ အားလုံးရောက်ခဲ့သည်။ တောင်ပိုင်း ဒေသများဖြစ်သော ကန်ပက်လက်၊ မတူပီ၊ မင်းတပ်နှင့် ပလက်ဝမြို့နယ်များသို့ မရောက်ဖြစ်ခဲ့ပါ။ မြောက်ပိုင်းဒေသထဲမှာပါဝင်သည့် မြို့ရွာများအနက် ဟားခါးမြို့နှင့်အနီးဆုံးမှာ ထန်တလန်ဖြစ်သည်။ ထန်တလန်သို့မရောက်မီ လမ်းမှာဖြတ်သွားရသည့် သီးမြစ် (တီးမစ်) ချိုင့်ဝှမ်းလေးကို လှပသောသဘာဝ ပန်းချီကားချပ်တစ်ခုပမာ ခံစားကြည့်ရှုခဲ့ရသည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်ခန့်ကတည်းက ရန်ကုန်မြို့ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်ကြီးရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြခန်းမှာ ပန်းချီဆရာ ကိုကျော်ဝေ လက်စွမ်းပြရေးဆွဲထားသော တီးမစ်ချိုင့်ဝှမ်းပုံ ပန်းချီကားအား လှေကားအတက်အဆင်းဘေးတွင် ချိတ်ဆွဲပြသထားသည်ဖြစ်ရာ တက်တစ်ခါဆင်းတစ်ခါ ငေးမောကြည့်ရှုခံစားခဲ့ဖူးသည်။
တီးတိန်မြို့သို့ အသွားခရီး၌လည်း ဤနေရာတွင် မြောက်ယဉ်စွန်းတန်းဖြတ်သည်ဆိုသော နေရာမှာထိုင်ပြီး အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြဖူးသည်။ တွန်းဇံမြို့လေးမှာ ညအိပ်ရပ်နားခဲ့ပြီး နံနက်မိုးလင်းလို့ ထကြည့်သောအခါ မြို့၏အချို့နေရာများသည် တိမ်စိုင်တိမ်ခဲများ ဖုံးအုပ်နေသောကြောင့် တိမ်ပင်လယ်ထဲသို့ ရောက်နေဘိအလား ထင်မှတ်မှားခဲ့ရသည်။ ဖလမ်းမြို့လေးကို ရောက်တုန်းရောက်ခိုက်မှာလည်း မြို့မိမြို့ဖများ၏ တင်ပြတောင်းဆိုမှုကြောင့် ဖလမ်းမှ စစ်ကိုင်းတိုင်းဒေသကြီးထဲကို ဦးတည်သည့်လမ်းတစ်လမ်း ဖောက်လုပ်ပေးခဲ့သည်ကို အမှတ်ရမိပါသည်။
ချင်းပြည်နယ်ထဲမှာ အခြားသောအလှအပများဖြစ်ကြသည့် အသည်းနှလုံးပုံသဏ္ဌာန် ရိဒ်ရေကန်၊ ဘုံတလာရေတံခွန်၊ နတ်မတောင်နှင့် ခေါနူးစုမ်တောင်တို့ရှိနေသလို ကုလားတန်မြစ်၊ ဘွေနူးမြစ် တို့၏ သာယာလှပမှုများကိုလည်း တွေ့မြင်ခံစားကြရမည်ဖြစ်သည်။
ရိုးရာယဉ်ကျေးမှုအကများနှင့် ဖျော်ဖြေတင်ဆက်
(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ကိုးမြို့နယ်ကို ကိုယ်စားပြုလျက် ရိုးရာယဉ်ကျေးမှုအကများနှင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ပထမဦးစွာ တွန်းဇံမြို့နယ်ကိုယ်စားပြု အကအဖွဲ့၏ “ဗြောတီးအက” ကို ကြည့်ရှုခဲ့ရသည်။ ရှေးခေတ်ဘိုးဘွားများလက်ထက်ကတည်းက ရိုးရာဗြောများတီး၍ အောင်ပွဲခံခဲ့ကြသော အကဖြစ်သည်။ ထို့နောက် ဟားခါးမြို့နယ် ကိုယ်စားပြုအဖွဲ့က တင်ဆက်သွားသည့် “ကြည်နူးဖွယ်ကောင်းသော ချင်းတို့ဌာနေ” အကကို အားပေးကြည့်ရှုခဲ့ရသည်။
တေးရေးတေးဆို မည်သူတွေမှန်းမသိရသော်လည်း အသံကောင်းသလို သံစဉ်ကလည်း မြူးကြွ နေသည်ကို သတိထားမိသည်။ ချောစုခင်၊ ဇမ်နူးတို့နောက်မှာ ချင်းတိုင်းရင်းသူတေးသံရှင်တွေ အများကြီး ပေါ်ထွက်နေပြီဖြစ်သည်။ ဟားခါးတက္ကသိုလ်အနေဖြင့်လည်း ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီ၏ အစီအစဉ်ပေပဲလားမသိ၊ ကျောင်းသား ကျောင်းသူလေးများ၏ စုပေါင်းအကဖြင့် ချင်းပြည်နယ်ကို ပန်းလိုတစ်မျိုး၊ ကြယ်နှင့်လလိုတစ်ဖုံ တင်စားပုံဖော်သွားပြီးဘိုးဘွားမိဘများ၏ စိတ်ထားမွန်မြတ်မှုကို နှောင်းလူတို့ အတုယူကြရန် ဖော်ကျူးကပြသွားသေးသည်။
အလားတူပင် တီးတိန်မြို့နယ် ကိုယ်စားပြုအကအဖွဲ့က “မွေးရပ်မြေ” သီချင်းဖြင့် ရင်းနှီးချစ်ကြည်စွာ အတူတကွ စိုက်ပျိုးစားသောက်ကြပုံ၊ မေတ္တာထားကြပုံ၊ စည်းလုံးညီညွတ်ကြပုံကို ဖော်ထုတ်ပြသသွားကြသည်။ မင်းတပ်မြို့နယ် ကိုယ်စားပြုအဖွဲ့၏ ချစ်ခြင်းမေတ္တာငြိမ်းချမ်းရေး ပန်းပွင့်များက ပို၍သင်းပျံ့မွှေးထုံပါကြောင်း၊ ချမ်းရင်မီးလှုံ ပူရင်အရိပ်ခိုပြီး ရေကြည်ရေအေး လာရောက်သောက်လှည့်ဖို့ ချင်းပြည်နယ်အမျိုးသားနေ့က ကြိုဆိုဖိတ်ခေါ်ပါကြောင်း ဖိတ်မန္တကပြုထားသော သီချင်းနှင့်အကကိုလည်း တွေ့မြင်ခဲ့ရသည်။
ကန်ပက်လက် မြို့နယ်ကိုယ်စားပြု အကအဖွဲ့၏ သီချင်းနာမည်က “ဒါးရင်ဒူး” ဟူ၍ ဖြစ်သည်။ သစ်ခွပန်းတွေပေါများတဲ့ ငါတို့အရပ်ဒေသက လူငယ်လူရွယ်များ အလုပ်ကြိုးစားလုပ်ကြရင်း ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြံဆောင်ကြပါစို့ဟု တိုက်တွန်းထားသော အကဖြစ်သည်။ ထန်တလန်မြို့နယ်ကမူ “ကောက်ရိတ် သိမ်းပွဲတော်အက” (RawL sawm tuk) ဟု အမည်ပေးထားပြီး စိတ်တူကိုယ်တူ ဝမ်းစာရှာဖွေ၍ ရရှိလာသော အသီးအပွင့်များကို ခံစားရချိန်မှာ အောင်ပွဲခံကြသည့် အကဖြစ်ပါသည်။
မတူပီမြို့နယ်အကအဖွဲ့က “အိမ်ဝိုင်းအက” (O Do La) ဖြင့် တင်ဆက်ဖျော်ဖြေသွားကြသည်။ အောင်ပွဲရချိန်မှာ တောထဲက ချေငယ်လေးတွေလို၊ အိမ်မွေးဝက်ကလေးများလို၊ ကြက်မိသားစုတွေလို ပြေးလွှားမြူးတူးဆော့ကစားနေကြပုံဖြင့် ခိုင်းနှိုင်းကပြသွားခြင်းဖြစ်ပါသည်။ ဖလမ်းမြို့နယ်ကိုယ်စားပြုအကအဖွဲ့၏ သီချင်းနာမည်က “ချင်းနှလုံးသား အလှ” (Chin Nun Mawi) ဖြစ်သည်။ ဇာညှက် မျိုးနွယ်စု ချင်းရိုးရာဝတ်စုံများဖြင့် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုကပြ သွားကြသည်။ ပလက်ဝမြို့နယ် ကိုယ်စားပြုအကအဖွဲ့၏ “ထာဝရငြိမ်းချမ်းပါစေ” (Kupe La Sah Sinal) သီချင်းနှင့်အကသည် ကီမိုတောင်တန်းပေါ်မှာ သဇင်ပန်း၊ တောင်စိုပန်းများ လှပစွာဖူးပွင့်နေကြပြီး ကျေးငှက်သာရကာ စုံလင်စွာဖြင့် သဘာဝအလှတရားကို တွေ့မြင်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းဖို့ ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုကြောင်း ဖော်ကျူးထားသော အကဖြစ်သည်။
ဒေသဖွံ့ဖြိုးရေး ကူညီပေးမည်
ချင်းပြည်နယ်ကို ခရိုင်ခြောက်ခရိုင်၊ မြို့နယ်ကိုးမြို့နယ်တို့ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေအားဖြင့် ၅၇၈၉၀၄ ဦး ရှိနေပေရာ ပလက်ဝနှင့် တီးတိန်မြို့နယ်များပြီးလျှင် ဟားခါးမြို့နယ်သည် လူဦးရေ ၇၅၀၀၀ ကျော် မှီတင်းနေထိုင်လျက် တတိယလူနေ အထူထပ်ဆုံးဖြစ်ခဲ့သည်။ ချင်းပြည်နယ်၏ လတ်တလောအခြေအနေအရ ဟားခါးမြို့နယ်နှင့် တီးတိန်မြို့နယ်တွင် အုပ်ချုပ်ရေးယန္တရားနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လည်ပတ်ဆောင်ရွက်ပေးနေပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းအား ဟားခါးမြို့မိမြို့ဖ များက တွေ့ဆုံရာတွင် ‘ဝ’ ဥ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်အောင် ကူညီ ပံ့ပိုးပေးရေး၊ ထွက်ရှိလာသော သီးနှံများရိတ်သိမ်းရန် ကုန်ထုတ် လမ်းဖောက်လုပ်ပေးရေးတင်ပြခဲ့ရာ ကျွန်တော်တို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက စိုက်ပျိုးရေးအတွက်လည်း ကူညီမည်။ တောင်းဆိုသည့်နေရာများတွင် ကုန်ထုတ်လမ်းများလည်း ဖောက်လုပ်ပေးမည်။ ဒေသတည်ငြိမ်အေးချမ်းရေးကိုသာ ကူညီဆောင်ရွက်ပေးကြရန် ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။
ဟားခါးဒေသ၏ ပညာရေးနှင့် ကျန်းမာရေး
ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုကို လေ့လာကြည့်သောအခါ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွင်း တစ်နှစ်ထက်တစ်နှစ် အောင်ချက်ရာခိုင်နှုန်း မြင့်မားလာသည်ကို တွေ့ရသည်။ ဟားခါးတက္ကသိုလ်ကိုလည်း အခက်အခဲအမျိုးမျိုးကြားမှ ပညာသင်နှစ်အလိုက် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ နယ်မြေဒေသ တည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ ဒေသအသီးသီးမှ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဒေသခံတိုင်းရင်းသား အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့ရှိ ခုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်ရောက်နေသူများကို တွေ့ဆုံအားပေးကာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ဆရာဝန် ဆရာမများနှင့်လည်းတွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ ဖြည့်တင်းပေးရေး၊ ဆရာဝန်သူနာပြုများ ဖြည့်တင်းပေးရေးအပြင် ဆေးရုံအဆင့်မြှင့်တင်ပေးရေးကိစ္စရပ်များကိုပါ ညှိနှိုင်းမှာကြားခဲ့ပါသည်။ ၁၉၉၈ ခုနှစ် ကျွန်တော် ဟားခါးမြို့ကို စတင်ရောက်ဖူးခဲ့စဉ်ကမြင်ခဲ့ဖူးသည့် ပြည်သူ့ဆေးရုံအဆောက်အအုံများထဲမှ တစ်ဆောင်တည်းသာကျန်တော့သော အုတ်တိုက် နီနီလေးကို အမှတ်တရ ကြည့်လိုက်မိသေး၏။
ငြိမ်းချမ်းခြင်းသည်သာ အလိုအပ်ဆုံးအရာ
ချင်းပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိကြသော ဒေသခံတိုင်းရင်းသားအားလုံးအတွက် အလိုအပ်ဆုံးအရာသည် နယ်မြေတည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဟားခါးနှင့် တီးတိန်မြို့နယ်များအပြင် အခြားမြို့နယ်ခုနစ်မြို့နယ်တွင်လည်း ထဲထဲဝင်ဝင် ဆောင်ရွက်ပေးနိုင်မှသာ ချင်းပြည်နယ်တစ်ခုလုံး တောင်ဇလပ်ပန်းရနံ့များ ပို၍သင်းပျံ့မွှေးထုံလာမည်ဟု ကျွန်တော်အလေးအနက် ယုံကြည်မိပါသည်။ ကျွန်တော်ချစ်သော တောင်ဇလပ်မြေ အစဉ်ထာဝရ တည်ငြိမ်အေးချမ်းပါစေ၊ သာယာလှပသော၊ ဖွံ့ဖြိုးတိုးတက်သော ချင်းပြည်နယ်အဖြစ် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်နိုင်ကြပါစေ။ ။