အဂတိပယ်ခွာ ပြည်သာယာ
မြင့်လွင်ထွေး
ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေးနေရသကဲ့သို့ အဂတိလိုက်စားမှု၏ စိန်ခေါ်မှုများကြောင့် လူသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများ ထိခိုက်ပျက်စီးလျက်ရှိပြီး ဆင်းရဲ မွဲတေမှုများနှင့် ရင်ဆိုင်နေကြရပေသည်။ ထို့အတူကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးတွင်လည်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ဘဝတည်ငြိမ်အေးချမ်းမှုရှိစေရေး၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဟန့်အတားဖြစ်နေသည့် အဂတိလိုက်စားမှုများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်သူလူထု၊ အစိုးရဝန်ထမ်းများနှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြပါမှသာ အဂတိလိုက်စားမှုကင်းစင်ပြီး စားရေရိက္ခာပေါများသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ်တွင် ထည်ဝါစွာရပ်တည် နိုင်ပြီးအဂတိပယ်ခွာ ပြည်သာယာလာမည်ဖြစ်ပေသည်။
အဂတိလိုက်စားမှု၏ အနက်အဓိပ္ပာယ်
လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ တံစိုးလက်ဆောင်ပေးခြင်း၊ လက်ခံခြင်းနှင့်ရယူခြင်းတို့သည် အဂတိလိုက်စားမှုဖြစ်သည်ဟု အနက်အဓိပ္ပာယ်ကို ယေဘုယျဆန်ဆန် နားလည်လက်ခံတတ်ကြသော်လည်း အဂတိလိုက်စားမှု၏ အနက်အဓိပ္ပာယ်သည် ထိုထက်ကျယ်ပြန့်၍ အနက်အဓိပ္ပာယ်ဖွင့်ဆိုရန်ပင် ခက်ခဲလှပါသည်။ အောက်စဖို့ဒ်(The Oxford)နှင့် မယ်ရီရမ်ဝက်ဘ် စတာ(Merriam-Webster) အဘိဓာန်တို့တွင် အဂတိလိုက်စားမှုအား “လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ မရိုးဖြောင့်သော သို့မဟုတ် လိမ်လည်လှည့်ဖြားသော ပြုမူဆောင်ရွက်မှု၊ အထူးသဖြင့် ဩဇာအာဏာ ရှိသူများ၏ မရိုးဖြောင့်သော သို့မဟုတ် တရားမဝင်သောအပြုအမူ”ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ အဂတိလိုက်စားမှုသည် လူ့ကျင့်ဝတ်ကို ဖောက်ဖျက်သော အပြုအမူဖြစ်သည်ဟု ဆိုနိုင်ပေသည်။
အဂတိလိုက်စားမှုဆိုသည့်အရာကို ထောက်ခံအားပေးသော၊ ဥပဒေအရ ကျူးလွန်ခွင့်ပြုသော နိုင်ငံဟူ၍မရှိပေ။ နိုင်ငံတိုင်းက အဂတိလိုက်စားမှုကို လက်မခံနိုင်သဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ ၏ ဆုံးဖြတ်ချက်အမှတ်၊ ၅၈/၄ အရ ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း (United Nations Convention Against Corruption-UNCAC) ကို ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် အတည်ပြုခဲ့ပါ သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင်လည်း အဂတိ လိုက်စားမှုဆိုသည့်အရာကို မိမိနိုင်ငံ၊ မိမိဥပဒေဖြင့် နည်းလမ်းပေါင်းစုံအသုံးပြု၍ အရေးယူဆောင်ရွက်လျက်ရှိနေကြပေသည်။
အဂတိလိုက်စားမှုဟုဆိုရာတွင် မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစဉ်အခါက သိင်္ဂါလသူဌေးသားကို သိင်္ဂါလောဝါဒသုတ် တစ်နည်းအားဖြင့် ဂိဟိဝိနယပါ လူ့ဝတ်နည်းကျင့်ဝတ်တရားတော်များဖြစ်သည့် ကမ္မကိလေသတရား လေးပါး၊ အဂတိတရား လေးပါး၊ ဥစ္စာပျက်စီးကြောင်း ခြောက်ပါး၊ အရပ်မျက်နှာခြောက်ပါးတို့ကို ဟောကြားညွှန်ပြဆိုဆုံးမ တော်မူခဲ့သည်။ ဤသည်ကို ကြည့်ခြင်းဖြင့် အဂတိလိုက်စားမှုသည် မြတ်စွာဘုရားရှင် လက်ထက် ကတည်းကရှိနေကြောင်း ကျိုးကြောင်းဖော်ပြသိရှိ နိုင်ပါသည်။
အဂတိတရားလေးပါး
သိင်္ဂါလောဝါဒသုတ်လာ အဂတိတရားလေးပါး တို့မှာ ချစ်ခင်သဖြင့် မလိုက်သင့်သည့်ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း(ဆန္ဒာဂတိ)၊ စိတ်ဆိုးသဖြင့် မလုပ်ထိုက်သည်ကိုလုပ်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း (ဒေါသာဂတိ)၊ ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့်ဘက်သို့လိုက်ခြင်း၊ မပြုလုပ်သင့် သည်ကိုပြုခြင်း(ဘယာဂတိ)၊ တွေဝေသဖြင့် ဘက်မလိုက်သင့်သည့်ဘက်ကိုလိုက်၍ မပြုလုပ် သင့်သည်ကိုပြုခြင်း (မောဟာဂတိ)တို့ပင်ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ အဂတိလိုက်စားမှုသည် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေလိုသော ရန်သူပင်ဖြစ်ပေသည်။ အဂတိလိုက်စားမှုက လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို မတည်မငြိမ်ဖြစ်စေပြီး တရားဥပဒေစိုးမိုးရေးကိုပါ အန္တရာယ်ပြုလျက်ရှိနေပါသည်။
ချစ်ခြင်းကြောင့် လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ ကြောက်ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း မည်သည့်အကြောင်းကြောင့်မဆို ဘက်လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုကျင့်ခြင်းဖြင့် အဂတိတရားလေးပါးကို ကျူးလွန်သောသူသည် လဆုတ်သောအခါ လမင်း၏အရောင်အဝါသည် တစ်နေ့တခြား လျော့ပါးဆုတ်ယုတ်သကဲ့သို့ စည်းစိမ်ဥစ္စာနှင့်တကွ အခြံအရံနှင့် ကျော်စောခြင်းတို့သည် လျော့ပါးဆုတ်ယုတ်တတ်သဖြင့် အဂတိတရားလေးပါးကို ရှောင်ရှားသင့်ကြောင်း မြတ်စွာဘုရားရှင်က တားမြစ်ထားခြင်းဖြစ်သည်။ အဂတိတရားလေးပါးကို ရှောင်ရှား၍ လူ့ဝတ်နည်းကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းကာ ပြုမူဆောင်ရွက်သူသည် လဆန်းသောအခါ လမင်း၏အရောင်အဝါသည် တစ်နေ့တခြား တိုးပွားလာဘိသကဲ့သို့ စည်းစိမ်ဥစ္စာနှင့်တကွ အခြံအရံနှင့် ကျော်စောခြင်းတို့သည် တစ်နေ့တခြား တိုးပွားလာမည်ဖြစ်ပေသည်။
အဂတိလိုက်စားမှုများကို ဖြစ်ပေါ်စေသည့် အကြောင်းတရားများစွာရှိပါသည်။ လူတစ်ဦးသည် ချမ်းသာကြွယ်ဝလိုသော လောဘစိတ်ကြောင့် မယူသင့်သော တံစိုးလက်ဆောင်များယူခြင်း၊ အဂတိ လိုက်စားခြင်းများ လုပ်ဆောင်နိုင်သကဲ့သို့ ဆင်းရဲနွမ်းပါးမှု၊ မိသားစုစားဝတ်နေရေးအတွက် ငွေကြေးမလုံလောက်မှု၊ ဘေးပတ်ဝန်းကျင်၏ မြှောက်ပင့်ပေးမှု၊ အလုပ်အကိုင်ရှားပါးမှုစသည့် အကြောင်းတရားများကြောင့် အဂတိလိုက်စားမှု ကျူးလွန်သည်များလည်းရှိပါသည်။
အဂတိလိုက်စားမှုများ ပိုမိုများပြားလာ
အဂတိလိုက်စားမှုများသည် ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသည့် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ပြီး နိုင်ငံအတော်များများတွင် ဖြစ်လေ့ရှိသည့်အစိုးရဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်း၊ ပုဂ္ဂလိကကုမ္ပဏီများမှ ဝန်ထမ်းများကြား ဖြစ်ပွားနေသည်သာမက အမြတ်အစွန်းအတွက် မဟုတ်သည့် ပရဟိတအဖွဲ့များတွင်ပါ အဂတိလိုက်စားမှုများရှိလာသည်မှာ ဝမ်းနည်းစရာကောင်းလှပေသည်။ ထို့ပြင် အဆိုးရွားဆုံးအနေဖြင့် နိုင်ငံအချို့တွင် နိုင်ငံရေးနယ်ပယ်၌ အာဏာရှိသူများကြား အဂတိလိုက်စားမှုများ ပိုမိုများပြားလာ ခြင်းပင်ဖြစ်ပါသည်။ ထိုသို့ အဂတိလိုက်စားမှုများသည် နိုင်ငံတစ်နိုင်ငံ၏ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် ကြီးမားသည့် အတားအဆီးဖြစ်လာသည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဦးစားပေးအစီအစဉ်တစ်ရပ်အနေဖြင့် အစိုးရနှင့်ပြည်သူလက်တွဲကာ ပူးပေါင်းဆောင်ရွက်ကြရပေမည်။ ထိုအဂတိတရားများကို ဖယ်ရှားနိုင်မှသာ ပြည်သူအများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာပြီး တိုင်းပြည်လည်း သာယာဝပြောလာမည်ဖြစ်ပြီး အဂတိပယ်ခွာ ပြည်သာယာလာမည်ဖြစ်ပေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးတွင် ထင်ရှားသည့် အဂတိလိုက်စားမှုများ၊ အဂတိလိုက်စားမှုနှင့် ပတ်သက်ဆက်နွှယ်နေသောမှုခင်းများ ဖြစ်ပွားလျက်ရှိပြီး ၎င်းအမှုအခင်းများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်တားဆီးခြင်း၊ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထိရောက်စွာအရေးယူခဲ့သည့် သာဓကများလည်းရှိပါသည်။ သာဓကပေါင်းများစွာထဲမှ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်သည် ၎င်း၏အစိုးရ ပြုတ်ကျသွားသည်အထိဖြစ်ခဲ့ရသည့် Multilateral Development Bank (MDB) ငွေကြေးအရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်ခဲ့သည်။ ထို့ကြောင့် ၎င်းသည် ယင်းငွေကြေးအရှုပ်တော်ပုံနှင့် ဆက်စပ်နေသည့် အဂတိလိုက်စားမှုနှင့်ဆိုင်သော စွဲချက်များဖြင့် ထောင်ဒဏ်(၁၂)နှစ် ချမှတ်ခံခဲ့ရပါ သည်။ ၎င်း၏နိုင်ငံရေးစွဲချက်များဖြင့် နာဂျစ်၏ဇနီး အပါအဝင် နိုင်ငံရေးပါတီဝင်များသည်လည်း တရား စွဲဆိုခံခဲ့ရပါသည်။
အလားတူတောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေးသည်လည်း အာဏာအလွဲသုံးစား ပြုလုပ်မှု၊ အကျင့်ပျက်ခြစားမှုတို့အတွက် အမှုပေါင်း ၁၈ မှုတို့ဖြင့် တရားစွဲဆိုခံရပြီး ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ်(၂၄)နှစ်နှင့် ဒဏ်ကြေးငွေဝမ် ၁၈ ဘီလီယံကျခံခဲ့ရပါသည်။ ၎င်းဖြစ်ရပ်နှစ်ခုမှာ အဂတိ လိုက်စားမှုကြောင့် ခံစားရမည့်ဆိုးကျိုးများအကြောင်း မီးမောင်းထိုးပြထားသည့် ထင်ရှားသော သာဓကများပင်ဖြစ်ပေသည်။
ဆန့်ကျင်ဘက်အသွင်ဆောင်
အဂတိလိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါး မှုများလေ၊ ဆင်းရဲနွမ်းပါးမှုများလေလေ အဂတိ လိုက်စားမှုများလေဟု ဆိုစမှတ်ပြုကြပါသည်။ အဂတိလိုက်စားမှုများသည့်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှုများနှင့် ရင်ဆိုင်ရပြီး နိုင်ငံအလိုက်၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေးစေပြီး နိုင်ငံ၏ငြိမ်းချမ်းရေး၊ လုံခြုံရေးအတွက် အဓိကအတားအဆီးများစွာနှင့် ရင်ဆိုင်ကြုံတွေ့ရစေပါသည်။ ထို့ကြောင့် အဂတိလိုက်စားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့သည် ဆန့်ကျင်ဘက်အသွင်ဆောင်နေပါသည်။
ဥပမာအားဖြင့် ဟေတီနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်က ငလျင်အကြီးအကျယ် လှုပ်ခတ်သွားခဲ့ပြီး လူပေါင်းများစွာလည်း သေဆုံးခဲ့ပါသည်။ ငလျင်လှုပ်ခတ်မှုကြောင့် လူအမြောက်အမြား သေဆုံးခဲ့ရ သည့် အကြောင်းရင်းများအနက် တစ်ခုမှာ အကျင့် ပျက်ခြစားမှုကြောင့်ပင်ဖြစ်ပေသည်။ ဟေတီနိုင်ငံ ၌ အဆောက်အအုံများ တည်ဆောက်ရာတွင် အင်ဂျင်နီယာများ၏ အကြံပြုချက်များ၊ ခွင့်ပြု ချက်များဖြင့် တည်ဆောက်ခွင့်ပြုခဲ့ကြသည်ဟု တိုင်းမ်မဂ္ဂဇင်းတွင် ဖော်ပြထားပါသည်။ ဟေတီ နိုင်ငံသည် ငလျင်ကဲ့သို့ သဘာဝဘေးဒဏ်များ ခံနေရသောနိုင်ငံဖြစ်၍ အင်ဂျင်နီယာများကပေးခဲ့သည့် အကြံပြုချက်၊ ခွင့်ပြုချက်အတိုင်း မတည်ဆောက်ခဲ့သောကြောင့် သဘာဝဘေးဒဏ်ခံရသောအခါ လူများစွာ သေကျေပျက်စီးရခြင်း ဖြစ်ပါသည်။ သတ်မှတ်ချက်အတိုင်း မတည်ဆောက်ခဲ့ခြင်းအား လာဘ်ယူ၍ ခွင့်ပြုပေးသည့် တာဝန်ရှိသူများအား အရေးယူသင့်သည်ဟု တိုင်းမ်မဂ္ဂဇင်းက ဖော်ပြထားပါသည်။
“ရေနစ်သူ ဝါးကူလို့ထိုး” ဟုဆိုသကဲ့သို့ ဆင်းရဲသောနိုင်ငံများ၊ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများနှင့် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး ဆောင်ရွက်ဆဲနိုင်ငံများအတွက် အဂတိလိုက်စားမှုသည် ကြီးမားသော ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်ပြီး လူ့အသက်ပေါင်းများစွာ စတေးခံရသည်အထိ အန္တရာယ်ကြီးမားလှကြောင်း အထင်အရှားသိရှိရပါသည်။ နိုင်ငံတိုင်းတွင်လည်း တည်ဆောက်ရေး လုပ်ငန်းများတွင် အလားတူအဂတိလိုက်စားမှုမျိုး ဖြစ်ပေါ်လျက်ရှိပါသည်။
ထို့ကြောင့် နိုင်ငံအသီးသီးက ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ အဂတိလိုက်စားမှုကို တိုက်ဖျက်ရန်၊ တားဆီးကာကွယ်ရန်၊ အသိပညာပေး ရန်နှင့် ကွန်ဗင်းရှင်း၏အခန်းကဏ္ဍများကို နားလည် သိရှိစေရန်အတွက် နှစ်စဉ် ဒီဇင်ဘာလ ၉ ရက်နေ့ ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ကျွန်ုပ်တို့ မြန်မာ နိုင်ငံသည်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) သို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်တွင် (၁၆၅)နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုဝင်ရောက်ခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနည်းဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ရည်ရွယ်ချက်များကို ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ရန် ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်ခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်(၂၀၂၂-၂၀၂၅)ကို ရေးဆွဲချမှတ်ခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ သည်။
နိုင်ငံတစ်ဝန်းတွန်းလှန်တိုက်ဖျက်
ထို့အပြင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့သို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တွင် ဝင်ရောက်ခဲ့ပြီး နှစ်စဉ်ကျင်းပသည့် အစည်းအဝေးများသို့လည်း တက်ရောက်လျက်ရှိပါသည်။ နိုင်ငံတကာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့် လည်း နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်နှင့်အညီ နှစ်စဉ် ဒီဇင်ဘာလ ၉ ရက်နေ့ကျရောက်တိုင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအထိမ်းအမှတ် အခမ်းအနားများကို အလေးထားကျင်းပလျက်ရှိပါသည်။
အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့် လက်တွဲ၍ နိုင်ငံတစ်ဝန်း တွန်းလှန်တိုက်ဖျက်ခြင်း ဖြင့် ပြည်သူတို့၏ဘဝများ သာယာဝပြောလာစေရန်နှင့် မျိုးဆက်သစ်များအတွက် ရည်ရွယ်သော အနာဂတ်မျှော်မှန်းချက်ကို ရည်ညွှန်း၍ကော်မရှင်၏ ဆောင်ပုဒ်ကို “အဂတိပယ်ခွာ ပြည်သာယာ” (Remove Corruption, Promote Prosperity) ဟူ၍ သတ်မှတ်ထားပါသည်။ အဂတိလိုက်စားမှုများ ကို မည်သို့ကာကွယ်မည်၊ အဂတိလိုက်စားမှုရှိကြောင်း သိရှိပါက ကော်မရှင်သို့ မည်သို့တိုင်ကြားရမည် စသည့်အသိပညာများရှိရန် လိုအပ်ပေသည်။ ထို့ကြောင့်ပြည်သူများကို အသိပညာပေးရန် ကော်မရှင်သည် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာအသိပညာများ မြင့်မားလာ စေရန်အတွက် ပြည်သူသို့ချပြဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများအတွင်း အဂတိလိုက်စားမှုများ လျှော့ချနိုင်ရန်အတွက်လည်း ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit-CPU)များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာရပ်များ တိုးပွားလာစေရန်အတွက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊ နည်းပညာသင်တန်း ဖွင့်လှစ်ပို့ချခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
“ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” ဆိုသော စကားပုံအတိုင်း အဂတိလိုက်စားမှုများ တိုက်ဖျက်ဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ဌာနဆိုင်ရာအစိုးရဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် လူငယ်လူရွယ်များအတူတကွ ပူးပေါင်းဆောင်ရွက်မှသာ လျှင် အမိမြန်မာနိုင်ငံတော်ကြီးတွင် အဂတိလိုက်စားမှုများပပျောက်၍ “အဂတိပယ်ခွာ ပြည်သာယာ”မည်ဖြစ်ပါကြောင်း ရေးသားဖော်ပြရင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုလိုက်ရပါတော့သည်။ ။