Skip to main content

တရားမဝင်ကုန်သွယ်မှု၏ ပုံစံများနှင့် ထိခိုက်နစ်နာမှုများ

အလင်းရောင်

တရားမဝင်ကုန်သွယ်မှုပုံစံများ

တရားမဝင်ကုန်သွယ်မှုများက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုနှောင့်နှေးစေပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ၏ ကုန်ထုတ်လုပ်မှု၊ စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းဆောင်ရည်နှင့် စွမ်းဆောင်နိုင်မှုအားများကို ယုတ်လျော့စေခြင်းတို့ကြောင့် တရားမဝင်ကုန်သွယ်မှုများကို မဖြစ်မနေတားဆီး ကာကွယ်ကြရမည်ဖြစ်ပါသည်။

တရားမဝင်ကုန်သွယ်မှုဆောင်ရွက်သည့် ပုံစံများစွာရှိသည့်အနက် ယေဘုယျအားဖြင့် အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်ပါသည် -

(က) တရားမဝင် မှောင်ခိုကုန်သွယ်ခြင်း (Smuggling)

(ခ) ပစ္စည်းအတုအပ ပြုလုပ်/တင်သွင်းခြင်း (Counterfeit)

(ဂ) တရားမဝင်နှင့် တရားဝင်ကုန်သွယ်မှု အပြိုင်ဆောင်ရွက်ခြင်း (Parallel Trade)

(ဃ) သွင်းကုန် ကျသင့်ငွေတန်ဖိုးအောက် ဖော်ပြ၍ ကုန်သွယ်ခြင်း (Under Value)

တရားမဝင်ကုန်သွယ်မှုများကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက ၆၀ ရာခိုင်နှုန်းခန့်မှာ မှောင်ခိုကုန်သွယ်မှု ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့်မှာ ကျသင့်တန်ဖိုးအောက် ဖော်ပြကုန်သွယ်မှုနှင့် ၁၀ ရာခိုင်နှုန်းမှာ တရားဝင်၊ တရားမဝင်အပြိုင်တင်သွင်းမှုတို့ဖြစ်ကြောင်း တွေ့ရှိရပါသည်။

အာဆီယံနှင့် တရားမဝင်ကုန်သွယ်မှု

တရားမဝင်ကုန်သွယ်မှုများသည် အာဆီယံနှင့်ကမ္ဘာတစ်ဝန်းရှိ ကဏ္ဍအားလုံးနီးပါးအပေါ် သက်ရောက်မှုကြီးမားသော ကိစ္စရပ်တစ်ခုဖြစ်ပါသည်။ အာဆီယံတွင် တရားမဝင်ကုန်သွယ်မှုများ မြင့်တက်လာခြင်းကြောင့် အစိုးရများနှင့် တရားဝင်စီးပွားရေးလုပ်ငန်းများကို ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့်အပြင် ဇီဝမျိုးစုံမျိုးကွဲများ၊ လူ့အသက်များနှင့် လူ့အခွင့်အရေးတို့ကို သိသိသာသာထိခိုက်စေကြောင်း လေ့လာမှုများအရ တွေ့ရှိရပါသည်။ အာဆီယံအတွင်း တရားမဝင် ကုန်သွယ်မှုကြောင့် ထိခိုက်နစ်နာရသည့် အဓိက ကဏ္ဍများမှာ ဆေးလိပ်၊ အရက်၊ အဖျော်ယမကာ၊ အရုပ်နှင့် ကစားစရာဂိမ်းများ၊ မော်တော်ယာဉ်အစိတ်အပိုင်းများ၊ ဆေးဝါး၊ စိုက်ပျိုးရေးဓာတုပစ္စည်းများနှင့် ပိုးသတ်ဆေးများ၊ မူပိုင်ခွင့်ခိုးကူးခြင်းများ အစရှိသည်တို့ဖြစ်ပါသည်။ ထို့အပြင် e-Commerce လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်တင်သွင်းမှုများတွင် ပါဆယ်ထုပ်ငယ်များ၊ အွန်လိုင်း စျေးဝယ်ယူမှုများကြောင့်လည်း တရားမဝင်ကုန်သွယ်မှုများ တိုးပွားလာခြင်းကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံနှင့် တရားမဝင်ကုန်သွယ်မှု

မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာပေါ်တွင် အကောင်းဆုံးဟုသတ်မှတ်ထားသည့် ကျောက်စိမ်းများ အဓိကထွက်ရှိရာနိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်စိမ်းများနှင့်ပတ်သက်၍ နိုင်ငံတကာ NGO အဖွဲ့တစ်ခုဖြစ်သည့် Global Witness အဖွဲ့၏ ၂၀၁၅ ခုနှစ်တွင်ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ကျောက်စိမ်းများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ တရားမဝင်တင်ပို့နေခြင်းများဖြစ်၍ နိုင်ငံတော်၏ အခွန်ဝင်ငွေများ များစွာဆုံးရှုံးလျက်ရှိကြောင်း ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါသည်။

ထို့အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ စံချိန်စံညွှန်း အရည်အသွေးပြည့်ဝခြင်းမရှိသည့် ကုန်ပစ္စည်းများ၊ ဆေးဝါးအတု သို့မဟုတ် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများနှင့် အန္တရာယ်ရှိသော ကုန်ပစ္စည်းများတရားမဝင်တင်သွင်းခြင်းများလည်း ပါဝင်နေသည်ကို တွေ့ရှိရပါသည်။ တရားမဝင်ကုန်သွယ်မှုများကို ကုန်ပစ္စည်းအုပ်စုအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်ပါက ပို့ကုန်ကဏ္ဍတွင် တွင်းထွက်သတ္တုရိုင်းများ၊ သတ္တုအမျိုးမျိုး၊ အဖိုးတန်သတ္တုများနှင့် ရှားပါးဒြပ်စင်များဖြစ်ပြီး သွင်းကုန်ကဏ္ဍတွင် လျှပ်စစ်နှင့် အီလက်ထရွန်နစ် ပစ္စည်းအမျိုးမျိုး၊ ချည်မျှင်နှင့် အဝတ်အထည်များ၊ စက်ယန္တရားများ၊ စက်ပစ္စည်းများနှင့် အခြားကုန်စည်အမျိုးမျိုးတို့ ပါဝင်ကြောင်း တွေ့ရှိရပါသည်။

ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုစာရင်း ဇယားများ နှိုင်းယှဉ်ကြည့်ခြင်း

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကိစ္စရပ်များကို ဆောင်ရွက်နေသည့် ကုန်သည်လုပ်ငန်းရှင်များနှင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ တင်ပြချက်အစီရင်ခံစာများအရ မြန်မာနိုင်ငံ၏ တရားဝင်ကုန်သွယ်မှုစာရင်းနှင့် ကုန်သွယ်ဖက်နိုင်ငံများ၏ စာရင်းဇယားများနှိုင်းယှဉ်မှုတွင် ၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၃၉ ဘီလီယံနှင့် သွင်းကုန်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၁ ဘီလီယံကွာခြားခြင်းဖြစ်၍ စုစုပေါင်းကုန်သွယ်မှုပမာဏ ကွာခြားချက်အနေဖြင့် ၁၁ ဒသမ ၉၄၉ ဘီလီယံ ကွာခြားနေကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် ၂၀၂၁ ခုနှစ်တွင်လည်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကိန်းဂဏန်းများနှင့် ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်သွယ်မှုကိန်းဂဏန်းကွာခြားချက်မှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၄၃ ဘီလီယံကွာခြားကြောင်းတွေ့ရှိရ၍ ယင်းကွာခြားချက်ပမာဏများသည် တရားမဝင်ကုန်သွယ်မှုပမာဏများဖြစ်နိုင်ကြောင်း ယေဘုယျ အားဖြင့် သုံးသပ်ရရှိနိုင်ပါသည်။

တရားမဝင်ကုန်သွယ်မှုများကြောင့် ထိခိုက်နစ်နာမှုများ

အထက်ပါ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် အခွန်ငွေနစ်နာမှု၊ နိုင်ငံခြားအရန်ငွေဆုံးရှုံးမှု၊ စာရင်းအင်းအချက်အလက်များ မှားယွင်းမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် ထိခိုက်မှု၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ် လုပ်ငန်းများအပေါ် ထိခိုက်နစ်နာမှု၊ စားသုံးသူပြည်သူများအပေါ် ထိခိုက်နစ်နာမှုနှင့် လူထုနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပါသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး နိုင်ငံပေါင်းစုံမဟာမိတ်အဖွဲ့ (Transnational Alliance to Combat Illicit Trade - TRACIT) က ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်သည့်အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ တရားမဝင်ကုန်သွယ်မှုစျေးကွက်သည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံခန့်ရှိပြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးသည် နိုင်ငံတော်အတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်လျက်ရှိကြောင်းနှင့် အာဆီယံနိုင်ငံများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရာတွင် အောက်ပါအချက်များကို အလေးထားဆောင်ရွက်သင့်ကြောင်း ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါသည်-

(က) တရားဥပဒေစိုးမိုးရေး အားကောင်း အောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊

(ခ) အကောက်ခွန်ဝန်းကျင်ကို ခိုင်မာ အားကောင်းအောင် ဆောင်ရွက်ခြင်း၊

(ဂ) သန့်ရှင်းသော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို မြှင့်တင်ဆောင်ရွက်ခြင်း၊

(ဃ) အမြန်ချောပို့နှင့် စာတိုက်ကဏ္ဍတွင် တရားမဝင်ကုန်သွယ်မှုကို ကိုင်တွယ် ဖြေရှင်းခြင်း၊

(င) တရားမဝင်ကုန်သွယ်မှုဆိုင်ရာ အသိပညာပေးအစီအစဉ်များ မြှင့်တင်ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏ လူမှုရေး၊ စီးပွားရေး ကဏ္ဍများအပေါ် ခြိမ်းခြောက်လျက်ရှိသည့် တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ရန်အတွက် သက်ဆိုင်ရာဌာနများ အပါအဝင် Stakeholders အားလုံးက အမျိုးသားရေးတာဝန်အဖြစ် ခံယူ၍ စဉ်ဆက်မပြတ် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော် ရေးသားတင်ပြလိုက်ရပါသည်။ ။