Skip to main content

အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ အသုံးဝင်သော မြန်မာ့သနပ်ခါး

လွန်းပိုးအိမ်

ဆောင်းမှာနွေး၊ နွေမှာအေးဆိုသည့် သနပ်ခါး၏အာနိသင်ကြောင့် မြန်မာလူမျိုးများသည် မွေးကင်းစအရွယ်မှစ၍ အသက်အရွယ်မရွေး သနပ်ခါးလိမ်းခြယ်ကြသည်။ မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားတွင် သနပ်ခါးကို နှစ်သက်မြတ်နိုးစွာ လိမ်းခြယ်နေကြသည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။ မြန်မာအမျိုးသမီးများသာမက အမျိုးသားများပင်လျှင် သနပ်ခါးကို လိမ်းခြယ်လေ့ရှိကြသည်။ မြန်မာ့သနပ်ခါးကို မခုံမင်၊ မနှစ်သက်သော မြန်မာအမျိုးသမီးဟူ၍ မရှိသလောက်ပင်ရှားပါးလှသည်။ ယခုအခါ ခေတ်အလိုက်ပေါ်ထွက်လာသော အနောက်တိုင်းအလှခြယ်ပစ္စည်းများ အသုံးပြုမှုများလာသော်လည်း မြန်မာ့သနပ်ခါးကိုမူ လွှမ်းမိုးနိုင်စွမ်းမရှိသေးပေ။

မြန်မာ့သနပ်ခါးသည် “သနခါ” ဟူသော စကားမှဆင်းသက်လာပြီး ကာလရွေ့လျောလာ၍ သနပ်ခါးဟု ပြောင်းလဲလာခြင်းဖြစ်သည်။ သနပ်ခါးသည် စိတ်ကြည်လင်လန်းဆန်းဖွယ်ရာ သင်းပျံ့သော ရနံ့နှင့်ပြည့်စုံခြင်း၊ အသားအရေကို အေးမြစေခြင်း၊ အသားအရေကို ချောမွတ်စေခြင်း၊ သနပ်ခါးလိမ်းကျံ သူများလှပစေခြင်း စသောဂုဏ်အင်္ဂါများနှင့် ပြည့်စုံသဖြင့် ရှေးခေတ်နန်းတွင်းသူများမှအစ ကောက်စိုက်သမများအဆုံး သနပ်ခါးကို မြတ်နိုးခုံမင်စွာ လိမ်းခြယ်ခဲ့ကြခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သနပ်ခါးကို အမြဲတစေလိမ်းခြယ်ကြသဖြင့် အသားအရေစိုပြည်ဝင်းဖန့်နေသောသူကို “သနပ်ခါးသားရသည်” ဟု ရှေးမြန်မာအမျိုးသမီးများ ဆိုလေ့ရှိကြသည်။

မြန်မာလူမျိုးများသည် သနပ်ခါးကိုနှစ်သက်ခြင်းမှာ အလှအပအတွက် လိမ်းခြယ်စရာပစ္စည်းဖြစ်သည့်အပြင် သနပ်ခါး၏ ဆေးဖက်ဝင်အာနိသင်ကြောင့်လည်း ဖြစ်ပါသည်။ ပူအိုက်စိုစွတ်သော ရာသီဥတုရှိသည့် မြန်မာနိုင်ငံတွင် နေလောင်ခြင်းဒဏ်ကို ကာကွယ်နိုင်ပြီး အသားအရေကို ထိန်းသိမ်းနိုင်သည့်အတွက် မြန်မာအမျိုးသမီးများသာမက အမျိုးသားများပါ အသုံးပြုကြပါသည်။ မြန်မာ့သနပ်ခါးသည် မြန်မာတို့အတွက် နေ့စဉ်အသုံးပြုလျက်ရှိသော လူ့အသုံးအဆောင်တစ်ရပ်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အချို့သောနေရာဒေသများတွင် နှစ်စဉ်သင်္ကြန်အကြိုနေ့တိုင်း သနပ်ခါးသွေးပွဲတော်များ ကျင်းပလေ့ရှိသည်။ သင်္ကြန်အကြိုနေ့ညတွင် အမျိုးသမီးကလေးများက သနပ်ခါးသွေးကြပြီး အမျိုးသားများက သီချင်းတီးမှုတ်သီဆိုလေရှိကြသည်။ သွေးပြီး ရရှိလာသောသနပ်ခါးများကို ဆင်းတုတော်များအား သနပ်ခါးရည်နှင့် ဆေးကြောပြီး ကုသိုလ်ယူကြသည့် မြန်မာတို့၏ ချစ်စရာ ကောင်းသောဓလေ့သည်လည်း ယနေ့တိုင်ရှိနေပေသည်။ ထို့အပြင် ဆယ့်နှစ်လရာသီအလိုက် ကျင်းပသော မြန်မာ့သနပ်ခါးပွဲတော်များရှိကြောင်းလည်း သိရသည်။

မြန်မာတို့သည် ဘုရားဖူးခရီးကို ခုံမင်စွာမက်မော၍ သွားလာတတ်ကြရာ အညာဘုရားဖူးပြန်လာသူများက ဆွေမျိုးမိတ်ဆွေများအတွက် သနပ်ခါးကို ဝယ်ယူ၍ လက်ဆောင်ပေးတတ်သည့် ဓလေ့လည်းယနေ့တိုင် ရှင်သန်လျက်ရှိပါသည်။ သနပ်ခါးထဲတွင် လူကြိုက်အများဆုံးမှာ ရှင်မတောင်သနပ်ခါးဖြစ်သည်။ ရှင်မတောင်သနပ်ခါး၏ မွှေးရနံ့ကြောင့် မြန်မာလူမျိုးတိုင်း ရှင်မတောင်သနပ်ခါးကို နှစ်သက်ကြခြင်းဖြစ်သည်။ ရှင်မတောင်သနပ်ခါးအပြင် ရွှေဘိုသနပ်ခါးကိုလည်း နှစ်သက်ကြပါသေး သည်။

ရွှေဘိုသနပ်ခါးသည် ရှင်မတောင်သနပ်ခါးကဲ့သို့ ထူးခြားစွာ အနံ့မမွှေးသော်လည်း ဝင်းဝါသောအဆင်းရှိပြီး ညက်လှသည့်အတွက် ရွှေဘိုသနပ်ခါးကိုလည်း မြန်မာအမျိုးသမီးများက နှစ်သက်ကြသည်။ သနပ်ခါးကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းအညာဒေသတို့တွင် တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် သနပ်ခါးစိုက်ပျိုးရှင်သန်ရာ နေရာဒေသများမှာ အပူပိုင်းဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ စသည်တို့ဖြစ်သည်။ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ပြည်၊ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ နွားထိုးကြီး၊ တောင်သာ၊ အရာတော်မြို့နယ်များတွင် သနပ်ခါးပင်များကို အများဆုံးတွေ့ရသည်။

သနပ်ခါးသည် စိုက်ခင်းသစ်ပထမတစ်ကြိမ် ခုတ်၍ရောင်းချပြီး သန်မာထွားကျိုင်းသည့် သားတက်များ ဆက်ကာဆက်ကာ ထားရှိနိုင်ကာ ဘိုးစဉ်ဘောင်ဆက်အဆင့်ဆင့် ခုတ်ယူရောင်းချသောကြောင့် ဝင်ငွေရသဖြင့် “အပူပိုင်းပဒေသာပင်ဟု တင်စားပြီး အပူပိုင်းဒေသ၏ ရတနာ”ဟုပင် ခေါ်ဆိုကြလေသည်။

အသားအရေအတွက် အသုံးပြုပုံ

မြန်မာ့ရိုးရာသနပ်ခါးကို အမျိုးသမီးများသာမက အမျိုးသားများပါ ကြိုက်နှစ်သက်စွာသုံးစွဲခဲ့ကြပါသည်။ သနပ်ခါးသည် အသားအရေအမျိုးအစားမရွေး သုံးစွဲနိုင်ပြီး ယနေ့အချိန်တွင် ခရင်မ်၊ ပေါင်ဒါ၊ မျက်နှာသစ်ဆေး၊ မိတ်ကပ်၊ ဘော်ဒီလိုးရှင်း၊ ရေမွှေးအစရှိသည်ဖြင့် ကျား/မ မရွေးသုံးစွဲနိုင်အောင် ဖန်တီးထုတ်လုပ်နေကြပြီဖြစ်ပါသည်။ သနပ်ခါးတွင် အသားအရေအတွက် ကောင်းစေသော ဗီတာမင်အီး၊ Anti-bacterial နှင့် Anti- fungal ပါဝင်မှုကြောင့် အသားအရေကို ကြည်လင်သန့်စင်စေကာဝက်ခြံ၊ တင်းတိမ်ကို ပျောက်ကင်းစေသည်။

အသေးစား ထိခိုက်ရှနာဒဏ်ရာများ၊ ဆီပူလောင်ခြင်း၊ ရေနွေးပူလောင်ခြင်းနှင့် အဖြူစက်၊ အမည်းစက်များ ဖြစ်ပေါ်မှုကိုလည်း ပျောက်ကင်းစေပြီး အဖုအပိမ့်များကိုလည်း ပျောက်ကင်းစေသည်ဟု ဖော်ပြကြသည်။ သနပ်ခါးတွင် Coumarine ဓာတ်ပါဝင်သဖြင့် အသားအရေပေါ်တွင် ဗက်တီးရီးယားနှင့် မှိုကြောင့်ဖြစ်သော ရောဂါများကို ဖယ်ရှားပေးနိုင်ပြီး အိုမင်းရင့်ရော်မှုကို လျော့ကျစေပြီး အရွယ်နုပျိုလန်းဆန်းစေသည်။ Mamesin ပါဝင်မှုကြောင့် ခရမ်းလွန်ရောင်ခြည် (UV-A ray) ကြောင့် ဖြစ်ပေါ်သောမျက်နှာပေါ်တွင် အရေပြားတွန့်လိမ်ခြင်း (အရေးအကြောင်းပေါ် ခြင်း)၊ အရေပြားအရောင်ပျက်ခြင်း(Skin discolora -tion)မှ ကာကွယ်ပြီး တင်းတိတ်နှင့် အရေပြား ကင်ဆာဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပေးသည်။

ကျန်းမာရေးအတွက် အသုံးပြုပုံ

မြန်မာ့ဆေးကျမ်းများအရ သနပ်ခါးသည်ပူ၏၊ သွေးကိုကြွစေတတ်၏။ ပူခါးချုပ်ပွင့်ဖြစ်၏၊ အရေပြားယားယံခြင်း၊ ဓာတ်မတည့်ခြင်းတို့အတွက် သနပ်ခါးကို ဆားနှင့်ရောသွေးကာ လိမ်းကျံကြသည်။ ငန်းမန်းကိုနိုင်စေ၏၊ အပူနာ၊ အအေးနာ နှစ်မျိုးစလုံးနိုင်၏ဟု ဆိုထားပါသည်။

အရွက်ကိုအသုံးပြုပုံ

သနပ်ခါးအရွက်နှင့် အပွေးတွင် ကင်ဆာကာကွယ်နိုင်သည့် အာနိသင်များပါဝင်ကြောင်း သိရသည်။ သနပ်ခါးအရွက်ကို ဝက်ရူးပြန်ရောဂါအတွက် ဆေးဖော်စပ်ရာတွင်လည်းကောင်း၊ ငှက်ဖျားရောဂါအတွက်လည်းကောင်း အသုံးပြုကြပါသည်။ အနာကြီးရောဂါသည်များအတွက် အရွက်ကိုပြုတ်၍ ရေချိုးပြီး ချွေးအောင်းခြင်း၊ အရွက်ပြုတ်ရည်ကို ဆားများများခတ်၍ ဆန်ဆေးရည်နှင့်သောက်ခြင်း၊ အရွက်ကိုအခြောက်လှန်းအမှုန့်ကြိတ်ပြီး ကွမ်းသီးလုံးခန့် ရေနှင့်သောက်ပါက အဖောအရောင် အနာကင်ဆာနှင့် ကိုယ်တွင်းရောဂါဟူသမျှ ကင်းရှင်းပပျောက် စေနိုင်သည်ဟုလည်း ဆိုထားပါသည်။ သနပ်ခါးသည် အရေပြားမှိုပိုးဝင်သည်များကို သက်သာစေနိုင်သလို အရေပြားပြဿနာကို ဖြစ်စေနိုင်သည့် ဗက်တီးရီးယားများကို တိုက်ဖျက်ပေးနိုင်သည့် အာနိသင်ရှိကြောင်း လေ့လာသိရှိရသည်။

အသီးကိုအသုံးပြုပုံ

အသီးပြုတ်ရည်ကို ပိုးကောင်ကိုက်ခံရသည့် နေရာတွင် ဆွတ်ပေးပါက အဆိပ်ပြေနိုင်ပြီး အဆစ်အမျက်များ ကိုက်ခဲသည့်အခါတွင်လည်း သနပ်ခါးလူးပေးလျှင် သက်သာစေနိုင်ကြောင်း သိရသည်။ အဆိပ်ပြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ကပ်ရောဂါ ကာကွယ်ဆေးနှင့် ပြင်းထန်သော အဖျားရောဂါများအတွက် ဖော်စပ်သော ဆေးများတွင် ထည့်သွင်းအသုံးပြုသည်ဟုဆိုသည်။

အမြစ်ကို အသုံးပြုပုံ

သနပ်ခါးအမြစ်သည် အော့အန်ခြင်း၊ ဝမ်းကိုက်ခြင်း၊ လေထိုးလေအောင့်ခြင်းများကို သက်သာစေသော အာနိသင်ရှိသည်။ ဝမ်းနုတ်ဆေး၊ ချွေးထုတ်ဆေးတို့ ဖော်စပ်ရာတွင် အသုံးပြုနိုင်သလို အမြစ်ကိုနနွင်းနှင့်သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါများလည်း ပျောက်ကင်းနိုင်သည်။ ကလေးချွဲကပ်လျှင် အမြစ်ကိုသွေး၍ ကွမ်းရွက်စိမ်းရည်နှင့် ဆတူ တိုက်ပါက ချွဲအမြန်ကျပြီး သနပ်ခါးအမြစ်၊ ပန်းနုအမှုန့်ငါးပဲသားစီကို ပျားရည် ခြောက်ပဲသားနှင့်ရော၍ စားသုံးသော် မြွေဆိပ်ပျောက်ကင်း နိုင်ကြောင်းဆိုသည်။ သနပ်ခါးမြစ်မှုန့် သုံးကျပ်သားကို သကြား၊ ပျားရည်နှင့်ရောလျက်သောက်ပါက အစာအိမ်ရှိအဆိပ်ပြေစေသည်ဟု ဆိုထားကြောင်း သိရသည်။

ဆိုရပါလျှင် ခေတ်အဆက်ဆက် သမိုင်း အဆက်ဆက် တည်ရှိလာခဲ့သော မြန်မာ့သနပ်ခါးသည် မြန်မာတို့အတွက် အဖိုးမဖြတ်နိုင်သော မြန်မာ့အမွေအနှစ်တစ်ခုအဖြစ် အခိုင်အမာရပ်တည်လျက်ရှိပါသည်။ တန်ဖိုးကြီးမားလှသည့် မြန်မာ့သနပ်ခါးကို နှစ်သက်စွာ လိမ်းခြယ်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိပြီး လှပတင့်တယ်ကျက်သရေရှိသော ဂုဏ်အင်္ဂါနှင့် ပြည့်စုံစေမည်ဖြစ်ပါကြောင်း ရေးသားလိုက် ရပါသည်။ ။