ရေကြီးနစ်မြုပ်မှု ကာကွယ်ဖို့ မြစ်ချောင်းများကို ထိန်းသိမ်းစို့
သတင်းဆောင်းပါး - ဇော်မောင်မောင်၊ ဓာတ်ပုံ - စောရွှေဂွန်း
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဆိုးရွားသည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ တစ်နှစ်ထက် တစ်နှစ်ပိုမိုဖြစ်ပေါ်ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံအများ အပြားတွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ခံစားနေရပါသည်။ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်လည်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် အပူအအေးလွန်ကဲခြင်း၊ အချို့နေရာများတွင် မိုးခေါင်ရေရှားမှုများဖြစ်ပေါ်ခြင်း၊ မုန်တိုင်းများဖြစ်ပေါ်၍ အချိန်အခါမဟုတ် မိုးများသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ မြစ်ကမ်းပါးပြိုကျခြင်း၊ တောင်များပြိုကျခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတွေ့ကြုံခံစားလာနေရသည်ကို တွေ့ရှိရပါသည်။
ရေကြီးရေလျှံဖြစ်ပေါ်မှုအန္တရာယ်ကို လျှော့ချကာကွယ်
ထိုသို့ တစ်နှစ်ထက်တစ်နှစ် ပိုမိုခံစားလာရသည့် သဘာဝဘေးအန္တရာယ်များ လျော့ပါးသက်သာစေရေးအတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် အခြားဆက်စပ်ဌာနများနည်းတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေ ကြီးရေလျှံဖြစ်ပေါ်မှုများ၊ အပူလွန်ကဲမှုကြောင့် သောက်သုံးရေ၊ စိုက်ပျိုးရေရှားပါးမှုများမဖြစ်ပေါ် စေရေးအတွက်ရေလှောင်တမံများတွင် ရေများကိုလိုအပ်သလို ထိန်းညှိသိုလှောင် ထုတ်လွှတ်ပေးခြင်း၊ တာတမံများတည်ဆောက်ပြုပြင်၍ ရေဘေးအန္တရာယ်ဖြစ်ပေါ်မှုမှ လျှော့ချကာကွယ်ပေးခြင်း၊ ချောင်းကော မြောင်းကော ရေနုတ်မြောင်းများ တူးဖော်၍ ရေစီးဆင်းမှုကောင်းမွန်စေခြင်းတို့ဖြင့် ရေကြီးရေလျှံဖြစ်ပေါ်မှုအန္တရာယ်ကို လျှော့ချကာကွယ်ပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀ ခန့်တွင်တည်ရှိပြီး ကမ်းရိုးတန်းဒေသဖြစ်ကာ ပိုမိုကျယ်ပြန့်သည့် တောင်ပိုင်းမြစ်ဝကျွန်းပေါ်အတွင်း တည်ရှိသည်။ အနောက်ဘက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောက်ဘက်နှင့်အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် တောင်ဘက်တွင်မုတ္တမပင်လယ်ကွေ့တို့ တည်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးသည် ဧရိယာစတုရန်းမိုင် ၃၉၆၇ ဒသမ ၈၆၈ ကျယ်ဝန်းပြီး စုစုပေါင်းမြေဧရိယာ ဧက ၂၅၄ဝဝဝဝ ခန့်ရှိကြောင်းသိရသည်။ ပင်လယ်နှင့်နီးသော ဒေသဖြစ်၍ မိုးများပြီး စွတ်စိုပူနွေးသောရာသီဥတုရှိကာ အပူဆုံးအချိန်ဖြစ်သည့် ဧပြီလနှင့် မေလများတွင် နေ့အပူချိန်မှာ ၃၈ ဒီဂရီစင်တီဂရိတ်မှ ၄၀ ဒီဂရီ စင်တီဂရိတ်အထိရှိသဖြင့် ပျမ်းမျှအပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်ရှိပါသည်။ အအေးဆုံးအချိန်ဖြစ်သည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် နေ့အပူချိန်မှာ ၂၅ ဒီဂရီစင်တီဂရိတ်ရှိပြီး ညဘက်အပူချိန်မှာ ၁၆ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းတတ်ပါသည်။ ပျမ်းမျှမိုးရေချိန်မှာ ၁၀၃ လက်မအထိရှိကာ မိုးကာလမှာ မေလမှ အောက်တိုဘာလအထိဖြစ်ပြီး ဇူလိုင်လနှင့်ဩဂုတ်လများတွင် မိုးအများဆုံးရွာသွန်းလေ့ရှိကြောင်း သိရှိရပါသည်။
တာတမံများနှင့် ရေတံခါးများ တည်ဆောက်ပြုပြင်
ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေနှင့် စိုက်ပျိုးရေအတွက် အဓိကအားထားရသည့် ငမိုးရိပ်ရေလှောင်တမံနှင့် လဂွမ်းပြင်ရေလှောင်တမံတို့ကို ထိန်းသိမ်းပြုပြင်ခြင်း၊ ရေထိန်းတံခါးများ တည်ဆောက်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။ ၎င်းအပြင် ရေကြီးရေလျှံဖြစ်ပေါ်မှုမှ လျှော့ချကာကွယ်ပေးနိုင်ရန်အတွက် တာတမံများနှင့် ရေတံခါးများ တည်ဆောက်ပြုပြင်ထိန်းသိမ်းခြင်း၊ ချောင်းကောမြောင်းကော ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူးမြို့နယ်နှင့် ရန်ကုန်မြို့ရှိ မြို့နယ်ခုနစ်မြို့နယ်တို့အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငမိုးရိပ်ချောင်းသည် ပဲခူးရိုးမတွင် ချောင်းအဖျားခံ၍ အလျား ၇၇ မိုင်ခန့်ရှည်လျားပြီး ပဲခူးမြစ်နှင့် ရန်ကုန် မြစ်ဆုံအတွင်းသို့ စီးဝင်ပါသည်။ ၂၀၂၃ ခုနှစ် မိုးနှောင်းရာသီတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် များကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ စံချိန်တင်ရွာသွန်းခဲ့သည့် ၄.၁၀.၂၀၂၃ ရက်နေ့မှ ၁၃.၁၀.၂၀၂၃ ရက်နေ့အထိ ကာလတွင် ငမိုးရိပ်ချောင်းဝန်းကျင်တစ်ခုလုံးတွင်လည်း မိုးရေချိန် ၁၆.၆၄ လက်မအထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပါသည်။
ငမိုးရိပ်ချောင်းအထက်ပိုင်းရှိ ရေလှောင်တမံများဖြစ်သော ငမိုးရိပ်ရေလှောင်တမံ၊ မဟူရာ (ငမိုးရိပ်ရေကူ) ရေလှောင်တမံနှင့် ပေါင်းလင်း (ငမိုးရိပ်ရေကူ) ရေလှောင်တမံတို့တွင် ကန်ရေပြည့် သိုလှောင်ထားပြီးဖြစ်သဖြင့် အဆိုပါမိုးသည်း ထန်စွာအဆက်မပြတ်ရွာသွန်းသည့်ကာလအတွင်း မိုးရေကြောင့် ထပ်မံဝင်လာသည့်ရေများကို မသိုလှောင်နိုင်ခြင်း၊ ရေလှောင်တမံများ၏ အောက်ဘက်ရေဆင်းဧရိယာအတွင်းရှိ ချောင်း၊ မြောင်းများမှ စီးဝင်ရေများသည်လည်း ငမိုးရိပ်ချောင်းအတွင်းသို့ အချိန်တိုအတွင်း တစ်ဟုန်ထိုး စီးဝင်ခဲ့ခြင်း၊ ရေဆင်းဧရိယာအတွင်းရှိ သဘာဝရေထိန်းရေကန် (Retention Pond) များ တိမ်ကောလာခြင်းနှင့် အဓိကရေနုတ်ပေးနိုင်သည့် ငမိုးရိပ်ချောင်း၏ အချို့အပိုင်းများမှာ တိမ်ကောလာခြင်း တို့ကြောင့် ငမိုးရိပ်ချောင်း ဝဲ/ယာရှိ လှည်းကူးမြို့နယ်နှင့် ဒဂုံမြို့သစ်မြို့နယ်များရှိ အနိမ့်ပိုင်းနေရာ တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။
ရေကြီးမှုဖြစ်စဉ်
ရေကြီးမှုဖြစ်စဉ်အား သုံးသပ်ရာတွင်ငမိုးရိပ် ရေလှောင်တမံတည်ဆောက်ပြီးနောက်ပိုင်းတွင် စီးဝင်ရေအများစုကို တမံအတွင်းသိုလှောင်လိုက်သဖြင့် တမံအောက်ပိုင်းရှိ ငမိုးရိပ်ချောင်းအတွင်း ရေစီးဆင်းမှု လျော့နည်းလာသည်နှင့်အတူ ချောင်းရိုးကျဉ်းမြောင်းလာပြီး ပေါ်ထွန်းလာသော သောင်မြေ ပေါ်တွင် ကျူးကျော်နေထိုင် စိုက်ပျိုးမှုနှင့် စည်းကမ်းမဲ့အမှိုက်များစွန့်ပစ်မှုတို့ကြောင့် ငမိုးရိပ်ချောင်းသည် ပိုမိုကျဉ်းမြောင်းတိမ်ကောလာခြင်း၊ မြစ်ချောင်းကမ်းပါးများတစ်လျှောက်တွင် လူနေအိမ်များ၊ စားသောက်ဆိုင်များ၊ အပန်းဖြေစခန်းများ၊ စက်ရုံ၊ အလုပ်ရုံများဆောက်လုပ်လာခြင်း၊ ငမိုးရိပ်ရေလှောင်တမံအောက်ဘက် ရေဆင်းဧရိယာမှာ ၃၀၀ စတုရန်းမိုင်ရှိပြီး ရေဆင်းဧရိယာအတွင်းရှိ ချောင်းလက်တက်များသည် ငမိုးရိပ်ချောင်းအတွင်း သို့စီးဝင်ကာ မိုးရေချိန်များပြားသည့်အခါများတွင် ငမိုးရိပ်ချောင်းအတွင်းသို့ ရေများအချိန်တိုအတွင်း တစ်ဟုန်ထိုးစီးဆင်းဝင်ရောက်ခြင်း၊ မိုးများချိန်တွင် ဒီရေအတက်ဆုံးအချိန်များနှင့် တိုက်ဆိုင်ခဲ့သဖြင့် ငမိုးရိပ်ချောင်းပေါ်ရှိ ပင်မရေနုတ်မြောင်းဖြစ် သော ငမိုးရိပ်ရေတံခါးမှ ရေများထုတ်နုတ်နိုင်မှု လျော့နည်းလာခြင်းတို့ကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သည်ဟု သိရှိရပါသည်။ ၎င်းအပြင် မြို့ရွာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်လာခြင်း၊ ဆက်သွယ်ရေးလမ်း၊ တံတားများ၊ လူနေအိမ်ခြေများ၊ မြို့သစ်များနှင့် ရပ်ကွက်သစ်များ တိုးချဲ့တည်ဆောက်လာခြင်းတို့သည်လည်း ယာယီ ရေဝပ်ဧရိယာ (Retention Pond) များ နည်းပါးလာစေပြီး ရေစီးလမ်းကြောင်းများ ကျဉ်းမြောင်းလာခြင်းကိုဖြစ်ပေါ်စေသဖြင့် ရေကြီးမှုဖြစ်ပေါ်စေရခြင်း၏ အကြောင်းတစ်ခုအပါအဝင်ဖြစ်ကြောင်း သိရှိရပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေးအတွက် ငမိုးရိပ်ချောင်း ရေစီးရေလာကောင်းမွန်စေရန် ငမိုးရိပ်ချောင်းအတွင်း နုန်းများတူးဖော်ခြင်း၊ ငမိုးရိပ်ချောင်းနှင့် ဆက်စပ်နေသည့် ချောင်း/မြောင်း/ ရိုးများကို နုန်းဆယ်ကာပြန်လည်တူးဖော်ခြင်း၊ တာတမံများကို တောင့်တင်းခိုင်မာအောင် ပြုပြင်ထိန်းသိမ်းခြင်း၊ ငမိုးရိပ်ရေတံခါး၏အထက်ဘက်မှ စီးဆင်းလာသောရေများမှ တချို့တစ်ဝက်ကို ရေတံခါးသို့မရောက်မီ လေးဒေါင့်ကန်ချောင်း၊ မအူချောင်း၊ မစိုချောင်း၊ ဘဲလမ်းရိုး၊ ဆိပ်ကမ်းသာ မြောင်းများမှတစ်ဆင့် ပဲခူးမြစ်အတွင်းသို့ တိုက်ရိုက်စီးဆင်းစေခြင်း၊ ဘားလားချောင်း၊ တော်တမတ်ရိုးတို့မှတစ်ဆင့် စီးဝင်ရေအချို့ကို ငမိုးရိပ်ရေတံခါး၏ အောက်ဘက်သို့ တိုက်ရိုက် စီးဆင်းစေခြင်း၊ ငမိုးရိပ်ရေတံခါးမှ ရေထုတ်နုတ်မှုကောင်းမွန်စေရန်၊ နုန်းအနည်ချမှုသက်သာစေရန်နှင့် ရေလေလွင့်မှုနည်းပါးစေရန် ရေတံခါးရွက်များကို Slide Gate များနှင့် လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းတို့ဆောင်ရွက်ခဲ့ပြီး လဂွမ်းပြင်ချောင်း နှင့်ဆက်စပ်လျက်ရှိသော ချောင်း/ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ရင်ဆိုင်တုံ့ပြန်ကာကွယ်
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် မိုးရွာသွန်းမှုပုံစံမမှန်၍ မိုးများပြီး ရေကြီးနစ်မြုပ်မှုများ၊ မြေပြိုမှုများ၊ မိုးခေါင်၍ ရေရှားပါးမှုများ၊ အပူအအေးလွန်ကဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိရာ ထိုဖြစ်စဉ်များမှ ရေကြီးနစ်မြုပ်မှု အန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်ကာကွယ်နိုင်ရန်အတွက် မိုးရေကြောင့် မြေဆီမြေလွှာတိုက်စားပြီး မြစ်၊ ချောင်းများအတွင်း နုန်းအနည်ဝင်ရောက်မှုကို လျှော့ချကာကွယ်နိုင်ရန် သစ်တောသစ်ပင်များ ပြုန်းတီးမှုကို ထိရောက်စွာ ကာကွယ်ခြင်းနှင့် အစားထိုးစိုက်ပျိုးခြင်း၊ နုန်းပို့ချ၍ တိမ်ကောလာသည့် မြစ်၊ ချောင်း၊ ရိုးများကို ပြန်လည်တူးဖော်၍ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ မြစ်၊ ချောင်းများအတွင်းသို့ လူနေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံများ တိုးချဲ့ဆောက်လုပ်လာမှုများကို ဥပဒေနှင့်အညီ စနစ်တကျထိန်းသိမ်းကြပ်မတ်ခြင်း၊ အမှိုက်နှင့်အညစ်အကြေးများကို ချောင်း၊ မြောင်းများအတွင်းသို့ စွန့်ပစ်ခြင်းတို့ကို ကာကွယ်တားဆီးခြင်း၊ မြို့ရွာများအတွင်းရှိ ရေနုတ်မြောင်း/ ချောင်းများကို ရေစီးရေလာကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်းခြင်း၊ မြေနိမ့်ဒေသများရှိ သဘာဝ ရေလှောင်ကန်များ၊ အိုင်များကို ထိန်းသိမ်းပြုပြင်ခြင်းတို့ကို နိုင်ငံတော်နှင့် ပြည်သူလူထုလက်တွဲ၍ ဝိုင်းဝန်းစောင့်ရှောက် ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ရာသီဥတုမမှန်မှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သော ရေကြီး နစ်မြုပ်မှုအန္တရာယ်ကို ကာကွယ်သွားနိုင်မည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါသည်။ ။