Skip to main content

လေထုညစ်ညမ်းမှုထိန်းချုပ်ခြင်းဖြင့် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကျန်းမာသည့် လူမှုအဖွဲ့အစည်းဆီသို့

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

လူသားတိုင်း ကျန်းမာပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ရန်အတွက် သန့်စင်သောလေကို နေ့စဉ်ရှူရှိုက်ခွင့်ရရှိရေးသည် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် လေထုညစ်ညမ်းမှုမဖြစ်ပေါ်စေရေး၊ အနာဂတ်ကာလ၌ ရင်ဆိုင်ကြုံတွေ့နိုင်သည့် လေထုညစ်ညမ်းမှုအား ကြိုတင်ကာကွယ်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များအား ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်ရေးတို့ကို မိမိတို့အားလုံးအနေဖြင့် အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

လေထုညစ်ညမ်းမှုဆိုသည်မှာ လေထုအတွင်း မလိုလားအပ်သည့် ဓာတုပစ္စည်းများနှင့် အခြားအရာများ ပါဝင်နေမှုများကြောင့် လေထုအရည်အသွေး ကျဆင်းခြင်းဟူ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ လေထုညစ်ညမ်းမှုသည် ကမ္ဘာ့မြို့ကြီးများတွင် အဓိကရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး စက်မှု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် လယ်ယာစိုက်ပျိုးရေး စသည့်ကဏ္ဍများမှထွက်ရှိသည့် အခိုးအငွေ့ ထုတ်လွှတ်မှုများ၊ စွန့်ပစ်ပစ္စည်းများအား လေဟာပြင်တွင် မီးရှို့ဖျက်ဆီးခြင်း၊ တောမီးလောင်ကျွမ်းမှုများ၊ အဓိကအားဖြင့်စက်ရုံ၊ အလုပ်ရုံများနှင့် မော်တော်ယာဉ်များမှ ထွက်ရှိလာသော အခိုးအငွေ့များနှင့် အမှုန်အမွှားများသည် သဘာဝအတိုင်း သန့်ရှင်းနေသည့် လေထုအတွင်းရောက်ရှိပြီး လေထုအရည်အသွေးကျဆင်းကာ လေထုညစ်ညမ်းလာရခြင်းဖြစ်သည်။

ကမ္ဘာ့အပူချိန်မြင့်တက်မှု

လေထုညစ်ညမ်းသည့်နေရာဒေသများတွင် နေထိုင်ကြသူများသည် အဆုတ်ကင်ဆာ၊ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ပန်းနာ ရင်ကျပ်ရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ စသည့်ရောဂါများကို ပိုမိုခံစားနေရကြောင်း လေ့လာသိရှိရသည်။ ထို့အပြင် လေထုညစ်ညမ်းစေ သောအရာများသည် အက်စစ်မိုးရွာသွန်းခြင်းကို ဖြစ်ပေါ်စေပြီး ကောင်းမွန်သော သဘာဝပတ်ဝန်း ကျင်အခြေအနေများကို ထိခိုက်စေနိုင်သည့်အပြင် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သော ကမ္ဘာ့အပူချိန် မြင့်တက်မှုကိုလည်း ဖြစ်ပေါ်စေနိုင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် လေ့လာဆန်းစစ်တွေ့ရှိမှုများအရ ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် လူဦးရေ ခုနစ်သန်းခန့်သည် အရွယ်မတိုင်မီ သေဆုံးနေကြရကြောင်း၊ ယင်းသေဆုံးမှု၏ ထက်ဝက်ကျော်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြောင်း၊ ကျေးလက်နှင့် မြို့ပြဧရိယာများတွင် လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာ့လူဦးရေ၏ ၄ ဒသမ ၂ သန်းသည် အရွယ်မတိုင်မီသေဆုံးခဲ့ကြောင်း လေ့လာသိရှိရပြီး ဖုန်မှုန့်ထုထည် ၂ ဒသမ ၅ မိုက်ခရိုမီတာပမာဏ (Particulate Matter 2.5 - PM2.5) နှင့် ၎င်းထက် သေးငယ်သောပမာဏကြောင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါများကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း၊ လေထုညစ်ညမ်းမှုကြောင့် ၅၈ ရာခိုင်နှုန်းသည် နှလုံးသွေးကြောကျဉ်းရောဂါများ၊ ၁၈ ရာခိုင်နှုန်းသည် အဆုတ်နှင့်ဆိုင်သော နာတာရှည်ရောဂါများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ခြောက်ရာခိုင်နှုန်းသည် အဆုတ်ကင်ဆာ ရောဂါများကြောင့် အရွယ်မတိုင်မီ သေဆုံးလျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။

နိုင်ငံတစ်ဝန်းရှိ လေထုအရည်အသွေး အခြေအနေသိရှိနိုင်ရန်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝန်းကျင်လေထု အရည်အသွေးကို တိုင်းတာရာ၌ Environmental Perimeter Air Monitor Station, Haz-Scanner (EPAS) ဖြင့် PM2.5 ၊ PM10 ၊ NO2 ၊ SO2 နှင့် O3 စသည့် အဓိက Parameter များကို ပုံမှန်တိုင်းတာပြီး လေ့လာ ဆန်းစစ်လျက်ရှိသည်။

၂၀၂၂ ခုနှစ် မေလအတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ထားဝယ်၊ လွိုင်ကော်၊ မော်လမြိုင်နှင့် စစ်တွေမြို့တို့တွင် တိုင်းတာရရှိသည့်ဝန်းကျင် လေထုအရည်အသွေး (Air Quality Index- AQI) တွက်ချက်ထားမှုအရ စစ်ကိုင်းမြို့ စက်မှုဇုန်အနီးဝန်းကျင်တွင် PM2.5 သည် ခံနိုင်ရည်နည်းပါးသောသူများအတွက် ကျန်းမာရေးကို ထိခိုက်နိုင်သောအဆင့် (Unhealthy for Sensitive Groups) ရှိပြီး ကျန်နေရာများတွင် ပုံမှန်ကောင်းမွန်သောအဆင့်တွင်ရှိကြောင်း ပုံပါအတိုင်း လေ့လာဆန်းစစ်တွေ့ရှိရသည်။

ဝန်းကျင်လေထု အရည်အသွေးရလဒ်များ

၂၀၂၂ ခုနှစ် မေလတွင် စတင်မိုးရွာသွန်းမှုကြောင့် လေထုအတွင်း အမှုန်အမွှား 2.5 PM2.5 နှင့် PM10 ပါဝင်မှုပမာဏလျော့ကျပြီး ဝန်းကျင်လေထုအရည် အသွေးအခြေအနေသည် ကောင်းမွန်သောအနေ အထားတွင်ရှိနေခြင်းဖြစ်နိုင်ပြီး မိုးရွာသွန်းမှုနည်းပါးပြီး ဖုန်မှုန့်ထွက်ရှိမှုများပြားသော မေလမတိုင်မီ နွေရာသီကာလတွင် လေထုအတွင်း PM2.5 နှင့် PM10 ပါဝင်မှုပမာဏများပြားပြီး ဝန်းကျင်လေထု အရည်အသွေးအခြေအနေသည် သတ်မှတ်စံချိန် စံညွှန်းများထက်ကျော်လွန်နိုင်ကြောင်း သုံးသပ်ရရှိသည်။ လေထုအပူချိန်၊ လေတိုက်နှုန်းနှင့် လေတိုက် ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု အခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှု အခြေအနေ၊ စက်ရုံများမှထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့် နေရာအနီးဝန်းကျင် အခြေအနေ တို့အပေါ်တွင် မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထု အရည်အသွေးရလဒ်များသည် ပြောင်းလဲမှု ရှိနိုင်ကြောင်း သုံးသပ်ရပါသည်။

ဝန်းကျင်လေထုအရည်အသွေးကို ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်ခြင်းအားဖြင့် ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လက်ရှိလေထုအရည်အသွေးဆိုင်ရာ လေ့လာတွေ့ရှိချက်များသည် အမျိုးသားအဆင့် လေထုအရည်အသွေး စံချိန်စံညွှန်းများ ရေးဆွဲသည့်အခါတွင် အခြေခံအချက်အလက်များအနေဖြင့် အသုံးပြုနိုင်ခြင်းနှင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ကဏ္ဍအလိုက် လေထုအရည်အသွေးထိန်းချုပ်ရေးဆိုင်ရာ စံချိန်စံညွှန်းများ၊ စည်းမျဉ်း စည်းကမ်းများ၊ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး ကဏ္ဍအသီးသီးတွင် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအစီအမံများဖြင့် ပေါင်းစပ်ဆောင်ရွက် နိုင်မည်ဖြစ်သည်။

သုတေသနပြုလေ့လာဆန်းစစ်မှုများ

လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် သန့်ရှင်းသောပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များကို အသုံးပြုသည့် စက်မှုကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လိုက်လျောညီထွေရှိသည့် နည်းပညာများ အသုံးပြုခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအသီးသီးတွင် ထည့်သွင်း ပေါင်းစပ်ဆောင်ရွက်ခြင်းတို့နှင့်အတူ ပတ်ဝန်းကျင်အရည်အသွေး ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ သုတေသနပြုလေ့လာဆန်းစစ်မှုများ ဖွံ့ဖြိုးလာစေ ရေးဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် လိုအပ်လာသည်။

လေထုညစ်ညမ်းမှုကြောင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပြည်သူများ၏ ကျန်းမာရေးအပေါ် ထိခိုက်နိုင်မှုများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဝန်းကျင်လေထုအရည်အသွေး ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်ခြင်းသည် အဓိကလုပ်ငန်းတစ်ခုအဖြစ် အစဉ်မပြတ်ဆောင်ရွက်ရမည်ဖြစ်သည်။

သက်ဆိုင်ရာအစိုးရဌာန/ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များနှင့် အထူး စီးပွားရေးဇုန်များ၊ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် မိမိတို့၏သက်ဆိုင်ရာကဏ္ဍအလိုက် တစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်းအလိုက် ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ပြီး သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကျန်းမာသည့်လူမှုအဖွဲ့အစည်းကို တည်ဆောက် နိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။