မြန်မာ့ရုပ်ရှင် စိန်ရတုခေတ်သို့ သမင်လည်ပြန်
ရုပ်ရှင်ဟူသော ဝေါဟာရအဖွင့်
ရုပ်ရှင်ဟူသောဝေါဟာရနှင့်ပတ်သက်၍ မြန်မာအဘိဓာန် က အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “ရုပ်ရှင်သည် ရုပ်ပုံများကို ရွေ့လျားစေပြီး မီးမောင်းထိုးခြင်းအားဖြင့် ပိတ်ကား ပေါ်တွင် လှုပ်ရှားမှုပေါ်ပေါက်လာသည့် ပုံရိပ်အက်ရှင် ဘိုင်အိုစကုပ်ဖြစ်သည်” ဟု ဖွင့်ဆိုထားပါသည်။ ရုပ်ရှင် သည် ရုပ်ပုံသေးပေါင်းမြောက်မြားစွာကို လူတို့၏မျက်စိ အမြင်သဘောအရလည်းကောင်း၊ ရုပ်ရှင်စက်မှုအတတ် ပညာများအရလည်းကောင်း တီထွင်ပြုလုပ်ထား၍ ရှင်နေသောအရုပ် ရုပ်ရှင်ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာ အားဖြင့် Bioscope, Film Cinema, Moving Picture(or) Motion Picture ဟု အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။ တစ်ချိန်ကမူ ရုပ်ရှင်ကို “ အရိပ်ပြပွဲ”၊ “ဓာတ်ရှင်” ဟူ၍ လည်း ခေါ်ဝေါ် ခဲ့ကြပါသေးသည်။
ရုပ်ရှင်အနုပညာကို “အနုပညာရပ်ခုနစ်ရပ် စုပေါင်း ထားခြင်း” (Seventh Art ) ဟုဖွင့်ဆိုခဲ့ကြပြီး ထိုအနုပညာ ခုနစ်ရပ်မှာ (၁) စာပေ၊ (၂) ဂီတ၊ (၃) သဘင်၊ (၄) ပန်းချီ၊ (၅) ပန်းပု၊ (၆) ဓာတ်ပုံ၊ (၇) ရုပ်ရှင်တို့ဖြစ်ကြသည်ဟု ကမ္ဘာ့အနုပညာရှင်အချို့က ဖွင့်ဆိုခဲ့ကြပါသည်။ တရုတ် အနုပညာရှင်များကမူ ပြဇာတ်ကိုပါ ထည့်သွင်း၍ အနု ပညာ (၈) ရပ် (Eighth Art) စုပေါင်းထားခြင်းဟု ဖွင့်ဆို ခဲ့ပါသည်။
ကမ္ဘာ့ရုပ်ရှင်အနုပညာရှင်အချို့ကမူ ကမ္ဘာပေါ်တွင်-
(၁) စကားပြောသော ဘာသာ (Spoken Language)
(၂) အရေးအသားဘာသာ (Written Language)
(၃) ကိုယ်ဟန်အမူအရာ လှုပ်ရှားခြင်းဘာသာ (Gesture Language) ဟူ၍ ဘာသာသုံးမျိုးရှိရာ ရုပ်ရှင် အနုပညာမှာ အမူအရာလှုပ်ရှားပြသသော ဘာသာ စကားဖြစ်သည်။ ထို့ကြောင့် ရုပ်ရှင်ကားတစ်ကားတွင် စကားပြောသည်က ၃၀ ရာခိုင်နှုန်း၊ လှုပ်ရှားမှုအမူအရာ က ၇၀ ရာခိုင်နှုန်း ပါဝင်သင့်သည်ဟုဆိုပါသည်။
အမူအရာနှင့်လှုပ်ရှားမှုများကို အများဆုံးအသုံးပြု သော ရုပ်ရှင်ကားတစ်ကားကို ကမ္ဘာက နားလည်မည်၊ ယုတ်စွအဆုံး ဘဝကံပေးမလှ၍ ဆွံ့အသူများပင်လျှင် နားလည်ခံစားနိုင်မည်။ ထို့ကြောင့် ပညာရှင်များက အဆိုရှိပြန်သည်မှာ “ရုပ်ရှင်ပိတ်ကားချပ်ကြီးသည် စကားပြောဖို့လုပ်ထားသည်မဟုတ်၊ ဤပိတ်ကားချပ် ကြီးပေါ်တွင် ဝတ္ထုဇာတ်လမ်းကို လှုပ်ရှားနေသော အရုပ် များဖြင့် ဖော်ပြရန်အတွက်ပင်ဖြစ်သည်” ဟူသော အဆို ဖြစ်ပါသည်။
မြန်မာ့ရုပ်ရှင် စိန်ရတုခေတ်နှင့် စိန်ရတုသဘင်
(၁၉၇၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ)
အမျိုးသားယဉ်ကျေးမှုလက္ခဏာနှင့် သရုပ်မှန် ပြည်သူ့အကျိုးပြု အနုပညာသည် ခေတ်၏ရေစီးကြောင်း တွင် ကြည်လင်သည့်အသွင် သန့်စင်သည့်အလျဉ်ဖြင့် စီးဝင်နေမြဲပင်ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် အောင်မြင်ခဲ့သည့် ပြည်သူ့အနုပညာရှင်တိုင်းသည် သရုပ် မှန်အနုပညာဖန်တီးမှု စွမ်းအားနှင့်အတူ အမျိုးသားမူ၊ အမျိုးသားဟန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို မှန်ကန်စွာ ဖော်ကျူးတင်ပြနိုင်ခဲ့ခြင်းကြောင့်သာ မြန်မာ့အနုပညာ သမိုင်းမှတ်တိုင်တွင် မှတ်တမ်းတင်ခံခဲ့ရခြင်းပင် ဖြစ်ပါသည်။
ခေတ်အဆက်ဆက်၌ ပြည်သူတို့အား အသိပညာပေး ရန် လှုံ့ဆော်ခဲ့သည့် အနုပညာနယ်ပယ်အသီးသီးတွင် ရုပ်ရော၊ အသံပါ တွေ့မြင်ခံစားရသော ရုပ်ရှင်၊ ရုပ်မြင်သံ ကြား၊ ဗီဒီယိုတို့မှာ အကောင်းဆုံးသော လူထုဆက်သွယ်ရေး ကိရိယာ အနုပညာတစ်ရပ်ဖြစ်ပါသည်။ မြန်မာ့ရုပ်ရှင် စိန်ရတုခေတ်ကာလတွင် စက်မှုပညာရပ်များ ပိုမိုဖွံ့ဖြိုး တိုးတက်လာသည့်အလျောက် ရုပ်ရှင်သာမက ဗီဒီယိုကား များပါ အရေအတွက်များစွာ ထုတ်လုပ်လာကြသည့် ကာလ ဖြစ်ပါသည်။
မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ တိုင်းတစ်ပါးမှ သရုပ်ပျက်ယဉ်ကျေးမှု များ ထိုးဖောက်မှုကိုကာကွယ်ပြီး အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့အတွက် ရုပ်ရှင် ဇာတ်ကားများအနက် “ဖြေနိုင်ပေါင်၊ ငါ့ညီ ငါ့မြေ ငါ့အမေ၊ နှလုံးသားနဲ့ စစ်တာဝန်၊ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ ညတိုက် ပွဲ၊ အမိမြေမှ သားကောင်းများ၊ ပြည်လက်ရုံး၊ ဓားငမောက်၊ မြင်စိုင်းသား၊ ငါ့နိုင်ငံတော်၊ ဝေလည်းမွှေး ကြွေလည်းမွှေး၊ တိုက်ပွဲခေါ်သံ” စသည့်ရုပ်ရှင်ဇာတ်ကားတို့မှာ ထင်ရှားခဲ့ ပါသည်။
မျိုးချစ်စိတ်ဓာတ်ကိုအရင်းခံ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးအတွက်လည်းကောင်း၊ နယ်ချဲ့လက်သစ်တို့၏ ကျူးကျော်စွက်ဖက်မှုများကို တွန်းလှန်ကာကွယ်ရေးအတွက် လည်းကောင်း လှုံ့ဆော်ပေးသည့် ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးထုတ်လုပ်ခဲ့ကြပါသည်။ အမျိုးသားရေးရုပ်ရှင်ကား များကို ရိုက်ကူးတင်ဆက်ရာတွင် သမိုင်းဖြစ်ရပ်များကို အခြေခံ၍ တည်ဆောက်ပေးသည့် ရုပ်ရှင်ဇာတ်ကားများ (Historical Plot Construction)လည်း ပါဝင်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ သာဓကအားဖြင့် “ဖြေနိုင်ပေါင်” ရုပ်ရှင်ဇာတ်ကားသည် ဒုတိယကမ္ဘာစစ်အပြီးအတွင်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းခဲ့ပုံများ၊ လွတ်လပ်ရေးရပြီး ကာလ မြန်မာ့တပ်မတော်က ပြည်တွင်းသောင်းကျန်းဆူပူ မှုအန္တရာယ်များကို ကာကွယ်တွန်းလှန်ခဲ့ပုံ စသည့် သမိုင်း နောက်ခံဖြစ်ရပ်များ၊ နယ်စပ်ဒေသပညာရေး၊ ကျန်းမာရေးဖွံ့ဖြိုးမှုလုပ်ငန်းများပေါ်တွင် အခြေခံ၍ ရိုက်ကူးတင်ဆက်ခဲ့ သော မေတ္တာဘွဲ့ ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်ကို တွေ့ရှိရပါသည်။ ထို့အပြင် “ဝေလည်းမွှေး ကြွေလည်းမွှေး” အမည်ရှိ ရုပ်ရှင်ဇာတ်ကားမှာလည်း မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားကာကွယ်ရေးစိတ်ဓာတ်တို့ကို မြှင့်တင်ပေးထား သည့် ရုပ်ရှင်ကား ကောင်းတစ်ကားအဖြစ် မြန်မာ့ရုပ်ရှင် စိန်ရတုခေတ်ကို ဂုဏ်ပြုမြှင့်တင်ပေးနိုင်ခဲ့သည်ကို ကြည့်ရှု ခံစားကြရမည်ဖြစ်ပါသည်။ ထိုဇာတ်ကားတွင် တပ်မတော် သို့ ဝင်လာကြသောသားအဖ တစ်ဦးနှင့်တစ်ဦးမသိရှာကြပုံ၊ နိုင်ငံတော်၏ ရန်ဆူးရန်ငြောင့်များကို တပ်မတော်သားများ ကသာ အသက်စွန့်၍ တိုက်ခိုက်ကာကွယ်ကြရပုံ၊ တပ်မတော်သားများမှာ တရားသောစစ်အတွက် အသက်ကို ပေးလှူကြရန် ဝန်မလေးကြပုံများကို မြင်တွေ့ခံစားခဲ့ကြရ သည်။ ထိုဇာတ်ကားမှာ လက်နက်ပစ္စည်းများမှစ၍ သရုပ်ဆောင် များပါမကျန် သဘာဝကျစွာသရုပ်ဆောင်နိုင်ကြရန် တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၏ ခွင့်ပြုချက်၊ အကြံပေး မှုအကူအညီများကို ရယူခဲ့သဖြင့် အသက်ဝင်သဘာဝကျ လှပြီး ပီပြင်ပြောင်မြောက်သည့် ဂန္ထဝင်စစ်ကားတစ်ကား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်ကို တွေ့ရသည်။
ထို့ပြင် ကိုလိုနီခေတ် အမွေဆိုးတစ်ခုဖြစ်သော စာမတတ်သူ ဘဝဆိုးဘဝမှောင်ထဲမှ လွတ်မြောက် အလင်းရောင်ရရန် “အရေး၊ အဖတ်၊ အတွက်” ဟူသော “အသုံးလုံး” တတ်မြောက်ရေးအတွက် ဒါရိုက်တာစာရေး ဆရာကြီး ဦးသုခ၏ “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” (၁၉၇၃) အမည်ရှိ ရုပ်ရှင်ဇာတ်ကားမှာ စာရေးဆရာ မင်းကျော်၏ ခရီးသွားဆောင်းပါးရှည်ကြီးကို အခြေခံ၍ ပညာပေးရသမြောက်လွန်းအောင် ဖော်ကျူးတင်ဆက်နိုင် ခဲ့သည့် စံပြရုပ်ရှင် ဂန္ထဝင်ရုပ်ရှင်ကားတစ်ကားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။
ထိုစိန်ရတုခေတ်မှာပင် နှိုင်းတုမရသည့် မိဘမေတ္တာ ကို သရုပ်ဖော်ရိုက်ကူးတင်ဆက်ခဲ့သည့် ဆရာဦးသုခ၏ “ရွှေခြည်ငွေခြည်တန်းပါလို့” (၁၉၇၅) ၊ ဒါရိုက်တာပန်းချီ စိုးမိုး၏ “ကျနော်နှင့်ကိုဘကျော်” (၁၉၇၅)၊ ဒါရိုက်တာ ကြည်စိုးထွန်း၏ “စုန်ရေ” (၁၉၈၉)နှင့် မိခင်မေတ္တာသရုပ်ဖော်“သမီးနှင့်အမေများ” (၁၉၉၁) ရုပ်ရှင် ဇာတ်ကားတို့မှာ လည်း ထူးခြားအောင်မြင်ပြောင်မြောက်ခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် ဒါရိုက်တာမောင်တင်ဦး၏ မြန်မာ့ရိုးရာ သင်္ကြန် ယဉ်ကျေးမှုနှင့် မြန်မာ့ဂီတအနုပညာ၏ တန်ဖိုးအလှကို ရသမြောက်စွာ ဖော်ကျူးတင်ဆက်ခဲ့သည့် “သင်္ကြန်မိုး” စသည့် ရုပ်ရှင်ဇာတ်ကားတို့မှာလည်း ထူးခြားအောင်မြင် ပြောင်မြောက်ခဲ့ပါသည်။ စိန်ရတုခေတ်မှာပင် ဒါရိုက်တာ ဆရာဦးသုခနှင့် တွဲဖက်ဒါရိုက်တာ မောင်နှင်းမိုးတို့၏ “ရဟန်းစားသော ဆွမ်းတစ်နပ်” (၁၉၉၁) အမည်ရှိ မြန်မာ့ရုပ်မြင်သံကြားဇာတ်လမ်းမှာ ရုပ်ရှင်ဇာတ်ကား တစ်ကားမဟုတ်သော်လည်း ထေရဝါဒ ဗုဒ္ဓသာသနာပြု ရုပ်မြင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ခြင်းကြောင့် စိန်ရတု ခေတ်ကာလအတွင်း စံပြဂုဏ်ယူဖွယ်ဖြစ်ခဲ့ပါသည်။
မြန်မာ့ရုပ်ရှင် စိန်ရတုသဘင် စာတမ်းဖတ်ပွဲကြီး
လွန်ခဲ့သည့် ၁၉၉၅ ခုနှစ်မှာ မြန်မာ့ရုပ်ရှင်စိန်ရတု ကာလ (၇၅)နှစ် ပြည့်မြောက်သည့်နှစ်ဖြစ်၍ ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရသည် မြန်မာ့ရုပ်ရှင်စိန်ရတုသဘင် အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ထိုစဉ် က ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြဝတီစာပေတိုက် အမှုဆောင်အရာရှိချုပ် ဦးသိန်းစိန်အား မြန်မာ့ရုပ်ရှင်စိန်ရတုသဘင် အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့ပါသည်။
အစည်းအဝေးဆုံးဖြတ်ချက်အရ မြန်မာ့ရုပ်ရှင် ဆိုင်ရာ စာတမ်း ၁၀ စောင် ဖတ်ကြားတင်သွင်းရမည် ဖြစ်၍ တစ်ရက်လျှင် စာတမ်းငါးစောင်နှုန်းဖြင့် နှစ်ရက် ကျင်းပခဲ့ရသည်။ မြန်မာ့ရုပ်ရှင် စိန်ရတုသဘင် စာတမ်းဖတ်ပွဲကြီးကို ၁၉၉၅ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ နှင့် ၂၇ ရက်နေ့များတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းရှိ ပဒုမ္မာအမျိုးသားဇာတ်ရုံကြီး၌ ကျင်းပ ပြုလုပ်ခဲ့ရာ ထိုစဉ်က နိုင်ငံတော်အကြီးအကဲအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်အေးကျော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရုပ်ရှင်၊ စာပေ၊ ဂီတသဘင် ဆိုင်ရာ အနုပညာရှင်များ၊ စိတ်ဝင်စားသူပရိသတ်များ တစ်ခဲနက် တက်ရောက်ခဲ့ကြသည်။
ထိုအခမ်းအနားကြီးတွင် မြန်မာ့ရုပ်ရှင်အနုပညာ ဆိုင်ရာ အစဉ်အလာများကို စာပေအနေဖြင့် သုတေသန ပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ သမိုင်းပြုစုခြင်းစသည့် လုပ်ငန်းများကို နောင်လာနောက်သားများအတွက် စဉ်ဆက်မပြတ်ပြုလုပ်သွားရေး နှင့်စပ်လျဉ်း၍ မြန်မာ့ ရုပ်ရှင်စိန်ရတုသဘင် အခမ်းအနားကျင်းပရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဦးသိန်းစိန်က "မြန်မာ့ရုပ်ရှင်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုခဲ့တဲ့ အနုပညာတစ်ရပ်အနေနဲ့ စတင် ခဲ့တာဖြစ်တဲ့အပြင် ခေတ်အဆက်ဆက်မှာ အနုပညာ အစဉ်အလာကောင်းများ၊ အမျိုးသားရေးအစဉ်အလာ ကောင်းများ ၊ အတတ်ပညာပိုင်းဆိုင်ရာ တီထွင်မှုအစဉ် အလာကောင်းများ မြောက်မြားစွာရှိခဲ့တဲ့ အနုပညာလုပ်ငန်း တစ်ရပ်ဖြစ်ပါတယ်။ ဒီလိုအစဉ်အလာကောင်းများရှိပြီး ဖြစ်တဲ့ မြန်မာ့ရုပ်ရှင်အနုပညာဆိုင်ရာ အစဉ်အလာများကို စာပေနဲ့ သုတေသနပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ သမိုင်း ပြုစုခြင်းစတဲ့လုပ်ငန်းတွေကို နောင်လာနောက်သား အတွက် အမြဲမပြတ်ပြုလုပ်သွားဖို့ လိုပါတယ်။ ဒီလိုပြုလုပ် သွားခြင်းဖြင့် ရုပ်ရှင်လောကတစ်ခုတည်းအတွက် သာမကဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် အမျိုးသား ယဉ်ကျေးမှုမြှင့်တင်ရေးလုပ်ငန်းကိုပါ ဖြည့်ဆည်းပေးရာ လည်းရောက်ပါတယ်။ ဒါ့အပြင် အနာဂတ်မျိုးဆက်သစ် ရုပ်ရှင်အနုပညာရှင်များအတွက် အမွေခံကောင်းများကို လက်ဆင့်ကမ်းပေးရာလည်း ရောက်ပါတယ်။
ယခုလို စာတမ်းဖတ်ပွဲမျိုးဟာ မြန်မာ့ရုပ်ရှင်ရဲ့ ၇၅ နှစ်တာ ခရီးမှာ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ အခမ်းအနားဖြစ်တဲ့အတွက် မြန်မာ့ရုပ်ရှင်သမိုင်းမှာ အလွန်ထူးခြားလေးနက်လှတဲ့ ဆောင်ရွက်ချက်တစ်ရပ် အဖြစ် မော်ကွန်းမှတ်တိုင် စိုက်ထူရမှာဖြစ်ပါတယ်။
အနာဂတ်မှာလည်း မျိုးဆက်သစ်ရုပ်ရှင်အနုပညာရှင် များအတွက် ရုပ်ရှင်ဆိုင်ရာကောင်းမွေများကို လက်ရှိ ရုပ်ရှင်ပညာသည် များက လက်ဆင့်ကမ်းပေးအပ်နိုင်ဖို့ ရုပ်ရှင်ဆိုင်ရာ အထောက်အထားများ၊ မှတ်တမ်းမှတ်ရာ များ၊ စာအုပ်စာတမ်းများ၊ စာကြည့်တိုက်၊ ပြတိုက်များ စနစ်တကျရှိဖို့ လိုအပ်နေပြီလို့ ပြောကြားလိုပါတယ်။ အထောက်အထား မှတ်တမ်းမှတ်ရာ များမရှိခဲ့ရင် သမိုင်း ရေးရာပြုစုရာမှာ မစုံမလင်နဲ့ မတိကျမှုတွေ ဖြစ်တတ်ပါ တယ်။
ဒါကြောင့် ယနေ့စိန်ရတုနေ့ကာလမှသည် လာမည့် ရာပြည့်နှစ်များအထိ ရုပ်ရှင်လောကတစ်ခုလုံးအတွက် ရော၊ နိုင်ငံနဲ့လူမျိုးအတွက်ပါ သမိုင်းတန်ဖိုးရှိနေမယ့် ရုပ်ရှင်ဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ပြတိုက်လုပ်ငန်း များ ပီပီပြင်ပြင် ခိုင်ခိုင်မာမာပေါ်ပေါက်လာအောင် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ စည်းရုံးဦးဆောင်မှုကို ရုပ်ရှင် ပညာသည်များကပါ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး ကြပါလို့ အလေးအနက်တိုက်တွန်းအပ်ပါတယ်"ဟူ၍ အဖွင့်အမှာစကားပြောကြားသွားခဲ့ရာ ထိုလမ်းညွှန်အကြံ ပေး အမှာစကား ဩဝါဒမှာ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူပြုလိမ့်မည် ဟု ခံယူထင်မြင်မိပါသည်။
မြန်မာ့ရုပ်ရှင် စိန်ရတုသဘင်စာတမ်းဖတ်ပွဲကြီးတွင် သဘာပတိများအဖြစ် ဒါရိုက်တာဦးခင်ဇော်နှင့် ဇာတ်ညွှန်း ဦးနေမျိုးတို့က ဆောင်ရွက်ခဲ့ကြပြီး စာတမ်းများ ဖတ်ကြားတင်သွင်းရာ၌ (၁) “ မြန်မာ့ရုပ်ရှင်စက်မှုအတတ် ပညာပိုင်းဆိုင်ရာ အဆင့်ဆင့် တိုးတက်လာမှုများ” စာတမ်းကို မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ဦးစိုးဝင်း (စိုးဝင်းထွန်း) ကလည်းကောင်း၊ (၂) “ရသမြောက်သော အချစ်ရုပ်ရှင် ကားများ” စာတမ်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဌာနမှ ဦးစောထွန်း (အောင်စောထွန်း-ကျောင်းကုန်း) ကလည်းကောင်း၊ (၃) “သမိုင်းတင်ကျန်ရစ်သော ရုပ်ရှင် တေးဂီတများ”စာတမ်းကို မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာနမှ ဒေါ်ခင်ဆွေဟန်ကလည်းကောင်း၊ (၄) “ရသမြောက်သော ဟာသရုပ်ရှင်ကားများ” စာတမ်းကို သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဝင်းတင် (သီဟအောင်)ကလည်းကောင်း၊(၅) “လူစွန့်စား မြန်မာစတန့်သမားများ” စာတမ်းကို စာရေးဆရာ ဒါရိုက်တာ (ဦး)ပြည့်စုံက လည်းကောင်း၊ (၆) “မြန်မာ့သမိုင်းကို မှတ်တမ်းတင်သော မှတ်တမ်းတင်ရုပ်ရှင်ကားများ” စာတမ်းကို မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ ဦးပွင့်ကျော် (မြပွင့်) ကလည်းကောင်း၊ (၇) “ရိုးရာ ယဉ်ကျေးမှုကို ထင်ဟပ်ပြသသော ရုပ်ရှင်ကားများ”စာတမ်း ကို စာပေဗိမာန်မှ ဦးစိုးမြင့် (စိုးလွင်မြင့်) ကလည်းကောင်း (၈) “ ကလေးဇာတ်လိုက်များကို အဓိကထား၍ ရိုက်ကူး သော ရုပ်ရှင်ကားများ”စာတမ်းကို ရုပ်ရှင်သရုပ်ဆောင် (ဒေါ်) ချစ်ချစ်ဇော်ကလည်းကောင်း၊ (၉) “ မျိုးချစ်စိတ်ဓာတ် ကို လှုံ့ဆော်သော ရုပ်ရှင်ကားများ” စာတမ်းကို မြဝတီစာပေ တိုက်မှ စာရေးသူကလည်းကောင်း၊ (၁၀) “မြန်မာ့ရုပ်ရုင် သက်တမ်းတစ်လျှောက် ပြောင်းလဲလာသော ဝတ်စား ဆင်ယင်မှုများ” စာတမ်းကို စာရေးဆရာမကြီး (ဒေါ်) စောမုံညင်းတို့က အသီးသီးဖတ်ကြားတင်သွင်းခဲ့ကြပါ သည်။
၁၉၂၀ ပြည့်နှစ်မှ ထိုစဉ်က ၁၉၉၅ ခုနှစ်အထိ (၇၅) နှစ်ပြည့်မြောက်ခဲ့သည့် မြန်မာ့ရုပ်ရှင်စိန်ရတုကာလအထိ ထိုစဉ်က သက်ရှိထင်ရှား ရုပ်ရှင်အနုပညာရှင်များစွာနှင့် မြန်မာ့ရုပ်ရှင်ဆိုင်ရာ မဂ္ဂဇင်းများ၊ စာစောင်များကို ကျကျနန လေ့လာကြည့်သောအခါ ကိုလိုနီသူ့ကျွန်ဘဝအောက်မှ လွတ်မြောက်ရေးအတွက် ရုပ်ရှင်အနုပညာဖြင့် သရုပ်ဖော် လှုံ့ဆော် တင်ဆက် ခဲ့ကြရာ နယ်ချဲ့အစိုးရအာဏာပိုင်များ၏ အရေးယူခံခဲ့ရပုံများ၊ ရုပ်ရှင်အနုပညာရှင်များ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ခဲ့ပုံများ၊ အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် တိုင်းကျိုးပြည်ပြုဇာတ်ကား များ ရိုက်ကူးတင်ပြခဲ့ပုံများ၊ ပုဂ္ဂလိကအကျိုးစီးပွား အတွက်သာမဟုတ်ဘဲ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်အချို့၏ မွန်မြတ်လှသော ခံယူချက်များ၊ လွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်၏ အမျိုးသားရေး လုပ်ငန်းမှန်သမျှတွင် ရုပ်ရှင် အနုပညာရှင်များ ကျရာအခန်းကဏ္ဍမှ ပါဝင်ခဲ့ပုံများကို ထဲထဲဝင်ဝင်သိရှိလာရသဖြင့် စာတမ်းတစ်စောင် တစ်ဖွဲ့ သာမက ကျမ်းကြီး ကျမ်းငယ် အစောင်စောင်ရေးသားပြုစု ရမည်ဖြစ်ပါသည်။
ထိုစဉ်က ရန်ကုန်တက္ကသိုလ်ရှိ မြန်မာစာဌာန၊ သမိုင်း ဌာန၊ ဒဿနိကဗေဒဌာနရှိ မဟာဝိဇ္ဇာဘွဲ့ယူကျမ်းများ ရေးသားပြုစုကြရာ တွင် မြန်မာ့ရုပ်ရှင်၊ မြန်မာ့ဂီတ၊ မြန်မာ့ သဘင်စသည့် အနုသုခုမပညာရပ်ဆိုင်ရာ သုတေသနကျမ်း များ ပါဝင်နေသည်ကို တွေ့ရှိခဲ့ရသည်။ ၁၉၂၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်၊ ၁၉၄၆ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ မြန်မာ့ ရုပ်ရှင်ငွေရတုရော ရွှေရတုသဘင်အခမ်းအနားများ၌ပါ မြန်မာ့ရုပ်ရှင်ဆိုင်ရာ စာတမ်းဖတ်ကြားပွဲများ မကျင်းပ နိုင်ခဲ့ပါ။ မြန်မာ့ရုပ်ရှင်သက်တမ်း (၇၅) နှစ်ပြည့်မြောက် သည့် စိန်ရတုသဘင်အခမ်းအနားကျင်းပမှသာ နိုင်ငံတော် အစိုးရက ဦးဆောင်ကာ မြန်မာ့ရုပ်ရှင်စိန်ရတုသဘင် စာတမ်းဖတ်ပွဲအခမ်းအနားကြီးကို ပထမဦးဆုံးစတင် ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ဖတ်ကြားတင်သွင်းခဲ့သော မြန်မာ့ရုပ်ရှင်ဆိုင်ရာ သုတေသနစာတမ်း ၁၀ စောင်ကို မြန်မာ့ရုပ်ရှင်စိန်ရတုသဘင်ကျင်းပရေး သုတေသန လုပ်ငန်းအဖွဲ့၏ အစီအစဉ်ဖြင့် မြဝတီစာပေတိုက်မှ ပုံနှိပ် ထုတ်ဝေဖြန့်ချိနိုင်ခဲ့ပါသည်။ ယခုကျင်းပမည့် မြန်မာ့ ရုပ်ရှင် နှစ်တစ်ရာပြည့် အခမ်းအနားကြီး၌လည်း မြန်မာ့ ရုပ်ရှင်ဆိုင်ရာ စာတမ်းဖတ်ပွဲပါဝင်မည်ကို ကြားသိရပါ သဖြင့် အလွန်ဝမ်းမြောက်ပီတိဖြစ်ရပါသည်။ နှုတ်တစ်ရာ စာတစ်လုံးဆိုသကဲ့သို့ ဖတ်ကြားတင်သွင်းရာတွင် သုတေသနစာတမ်းများကို ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည် ဆိုပါက မြန်မာ့ရုပ်ရှင်သမိုင်းအတွက် မော်ကွန်း၊ မှတ်တမ်း၊ သမိုင်းဆိုင်ရာ အထောက်အထားများ ရရှိနိုင်မည် ဖြစ်ပါသည်။
အချုပ်ဆိုရပါလျှင် မြန်မာ့ရုပ်ရှင်လုပ်ငန်းသည် ကနဦး စတင်ပေါ်ပေါက်လာခဲ့သည့် အချိန်မှစ၍ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုများနှင့်အတူ ဖျော်ဖြေရေး သက်သက်မဟုတ်ဘဲ ဖြတ်သန်းလာခဲ့ရသည့် ခေတ် အဆက်ဆက်တွင် တိုင်းပြည်ချစ်စိတ်ထွန်းကားရေး၊ ပရိသတ်ပြည်သူများ အသိအမြင်ပညာနှင့် ဘဝသင်ခန်းစာ ကောင်းများရရှိရေး၊ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ကောင်းများ ထွန်းကားရေး၊ သရုပ်ပျက်ယဉ်ကျေးမှု တိုက်ဖျက်ရေးနှင့် ရသအနုပညာ ခံစားနိုင်ရေးတို့ကို ရှေးရှုပြီး ရိုက်ကူးတင်ဆက်ခဲ့ကြသည်ကို ဂုဏ်ယူဖွယ် တွေ့ရပါသည်။ မြန်မာ့ရုပ်ရှင်အနုပညာရှင်များသည် အမိမြန်မာနိုင်ငံတော်ကြီး ဖြတ်သန်းခဲ့ရသည့် ခေတ်ကာလ အဆက်ဆက်တွင် အမျိုးသားရေးလုပ်ငန်းများ၌ ကိုယ်တိုင်ကိုယ်ကျ စွန့်စားကြိုးပမ်းပါဝင်ဆင်နွှဲခဲ့ကြ သည်များမှာလည်း သမိုင်းမော်ကွန်း ထိုးနိုင်ခဲ့ပြီဖြစ်ပါ သည်။ မြန်မာ့ရုပ်ရှင်လောကတွင် အနုပညာအစဉ်အလာ ကောင်းများရှိပြီးဖြစ်ရာ နှစ်တစ်ရာပြည့် မြန်မာ့ရုပ်ရှင် ပွဲတော်ကြီးမှသည် အနာဂတ်မြန်မာ့ရုပ်ရှင်လောက တစ်လျှောက်လုံး အနုပညာ၊ အတတ်ပညာ၊ နည်းပညာ ကြွယ်ဝစွာဖြင့် စံပြုထိုက်သည့် မြန်မာ့ဂန္ထဝင်ရုပ်ရှင် ဇာတ်ကားကောင်းများအဖြစ် ကမ္ဘာ့ရုပ်ရှင် ပရဝဏ် အတွင်းသို့ အောင်မြင်စွာ ထိုးဖောက်လွှမ်းမိုးနိုင်ပါစေ ကြောင်း အရေးထားလေးစားစွာဖြင့် ရေးသားဆန္ဒပြု တင်ပြလိုက်ပါသည်။ ။
စန်းနီလာဝင်း