ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိ တရုတ်နိုင်ငံ၏ ရှင်သန်ဆဲ စက္ကူလက်မှုအနုပညာ
နွယ်နီလင်း
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ရွာလေးတစ်ရွာတွင် ကြည်လင်စွာစီးဆင်းသော စမ်းချောင်းလေးတစ်ခုသည် မျိုးဆက်ပေါင်းများစွာ တည်ရှိလာခဲ့သည့် ရေအရင်းအမြစ်တစ်ခုထက် သာမက ရိုးရာစက္ကူထုတ်လုပ်မှုလုပ်ငန်းများ၏ အသက်သွေးကြောလည်းဖြစ်သည်။
ဒေသခံလက်မှုပညာရှင် အိုက်ရီသည် ငယ်ငယ်ကတည်းက စမ်းချောင်းမှာ ရေကစားရင်း လူကြီးများက ရေစိမ်ထားသည့် ပိုးစာအခေါက်များမှတစ်ဆင့် နူးညံ့လှပသည့် စက္ကူရွက်များအဖြစ် ဖန်တီးထုတ်လုပ်ပုံကို ရင်းရင်းနှီးနှီး မြင်တွေ့ဖူးသည်။
ရွယ်တူချင်းတော်တော်များများက မြို့ကြီးများတွင် အလုပ်ရှာရန် ရွာမှထွက်သွားကြသော်လည်း အိုက်တစ်ယောက်ကတော့ ရိုးရာဓလေ့ တောဟန်၊ တောငွေ့မှာ သာမွေ့ပျော်ဖို့ ရွေးချယ်ခဲ့သည်။
“စက္ကူတွေလုပ်ရတာက ကျွန်မစိတ်ကို အေးချမ်းစေတယ်လေ” ဟု သူကဆိုသည်။
အိမ်ထောင်စု ၆၀ ကျော် စက္ကူထုတ်ခြင်းလုပ်ငန်းကို လုပ်ကိုင်
မန်ထွမ်ကျေးရွာကလေးသည် ဒိုင်လူမျိုးများနှင့် လူမျိုးပေါင်းစုံနေထိုင်ရာ ကျေးရွာတစ်ရွာဖြစ်ပြီး ဒိုင်-ဗာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင်တည်ရှိကာ ၎င်းတို့ထုတ်လုပ်သည့် လက်လုပ်စက္ကူကြောင့် နာမည်ကျော်ကြားသည်။ ယင်းကျေးရွာရှိ အိမ်ထောင်စု ၁၇၉ စုအနက်မှ ၆၀ ကျော်သည် တစ်နှစ်ပတ်လုံး စက္ကူထုတ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကြပြီး ထွန်တုံးပိတ်လို့ စိုက်ပျိုးရေးလုပ်ငန်းများ ရပ်နားချိန်တွင်အိမ်ထောင်စု ၁၀၀ ကျော်အထိ စက္ကူထုတ်လုပ်သည့်လုပ်ငန်းကို လုပ်ကိုင်ကြသည်။
စက္ကူသည် ရှေးခေတ်တရုတ်လူမျိုးတို့၏ တီထွင်မှုကြီးလေးခုအနက်မှ တစ်ခုအပါအဝင် ဖြစ်သည်။ တရုတ်နိုင်ငံ ဟန်မင်းဆက်လက်ထက် (ဘီစီ ၂၀၂ - အေဒီ ၂၂၀) အတွင်း စက္ကူပြုလုပ်သည့် လုပ်ငန်းစဉ်ကိုတီထွင်သူ ကျိုင်လွန်၏အကြောင်း ကို အိုက်၏ အသက် ၁၃ နှစ်တွင် ပထမဆုံးသိခွင့်ရခဲ့သည်။ ကျိုင်လွန်သည် ရှေးတရုတ်လူမျိုး စက္ကူပညာရှင်တစ်ဦးဖြစ်ပြီး စက္ကူတီထွင်မှုနှင့် ပတ်သက်၍ သမိုင်းတွင်အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ၎င်းသည် အေဒီ ၁၀၅ ခန့်တွင် စက္ကူပြုလုပ်နည်းကိုတီထွင်ခဲ့ပြီး ယင်းတီထွင်မှုသည် ကမ္ဘာ့ယဉ်ကျေးမှုနှင့် ပညာရေးအတွက် အလွန်အရေးပါလှသည့် ပြောင်းလဲမှုတစ်ခုဖြစ်စေခဲ့သည်။ အိုက်က ၎င်း၏သမိုင်းဖတ်စာအုပ်တွင် ပညာရှင်ကျိုင်၏ စက္ကူပြုလုပ်ပုံကို ဖတ်မိသည့်အချိန်တွင် ၎င်း၏ကျေးရွာမှ သက်ကြီးရွယ်အိုများ စက္ကူပြုလုပ်နေကြပုံကို စိတ်ကူးပုံဖော်မိခဲ့သည်ဟု ဆိုသည်။
ကျောင်းမှဘွဲ့ရပြီးသည့်နောက်တွင်တော့ အိုက်က စက္ကူလုပ်သည့်နည်းပညာကို သင်ယူရန် ဇာတိကျေးရွာသို့ ပြန်လာခဲ့တော့သည်။ အိုက်တို့၏ရွာမှ ထုတ်သောစက္ကူကို ပိုးစာပင် (သာလဲပင်) မှရရှိသည့် အခေါက်ဖြင့်ပြုလုပ်သော ပိုးစာ (သာလဲ) ခေါက်စက္ကူဟု လူသိများသည်။ နှစ်စဉ်ဧပြီလလယ်မှ စက်တင်ဘာလအထိ ရွာသားများက အနီးနားရှိ တောင်ပေါ်ရှိ ပိုးစာပင်များမှ သစ်များခုတ်ထွင်၊ အခေါက်ခွာပြီးနောက် အခြောက်ခံသိမ်းဆည်းကာ နောက်နှစ်အတွက် စက္ကူထုတ်ရန်လိုအပ်သည့် ပစ္စည်းများကို စုဆောင်းပြင်ဆင်လေ့ရှိကြသည်။
စာရွက်တစ်ရွက်ကို ရရှိရန်အတွက် သုံးရက်ခန့်ကြာတတ်သည်။ ရေစိမ်ခြင်း၊ ပေါင်းခံခြင်း၊ အနှစ်ပြုလုပ်ခြင်း၊ စာရွက်ပုံဖော်ခြင်းနှင့် အခြောက်ခံခြင်းစသည့် အဓိကလုပ်ငန်းစဉ် အဆင့်ငါးဆင့်တွင် အသေးစိတ်လုပ်ထုံးလုပ်နည်း ၁၁ ခုတို့ ပါဝင်သည်။
“စက္ကူကို လုံးဝအရောင်တင်ဖို့ မလိုဘူး။ နေရောင်ကောင်းကောင်းရပြီး စမ်းချောင်းထဲကရေက ကြည်လင်နေသမျှ စာရွက်ကဖြူနေမှာပါ” ဟု အိုက်ကဆိုသည်။
လွန်ခဲ့သောနှစ်ပေါင်းရာချီကတည်းက မန်ထွမ်ကျေးရွာကလေးသည် တရားဝင်စက္ကူထုတ်လုပ်သည့် ကျေးရွာအဖြစ် သတ်မှတ်ခြင်းခံရပြီး ထိုရွာကလေးတွင်ပြုလုပ်ခဲ့သော စက္ကူများသည် ဗုဒ္ဓဘာသာကျမ်းဂန်များကို ကူးယူဖော်ပြရန်နှင့် သာသနာရေးဆိုင်ရာ ကျမ်းဂန်များကို ထိန်းသိမ်းဖြန့်ဝေရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အမွေအနှစ်နေရာနှစ်ခုအနက်မှ တစ်ခုအဖြစ်သတ်မှတ်
၂၀၀၆ ခုနှစ်တွင် မူဒိုင်စက္ကူပြုလုပ်ခြင်း နည်းပညာကို အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ပြီး မန်ထွမ်ကျေးရွာကို အမွေအနှစ်နေရာနှစ်ခုအနက်မှ တစ်ခုအဖြစ်သတ်မှတ်ခဲ့သည်။ ထိုနှစ်ကအိုက်စက္ကူလုပ်ရန် ရွာသို့ပြန်လာသော နှစ်လည်းဖြစ်သည်။
ရွာနှင့် ခေတ်မီစက္ကူစက်ရုံကြီးတစ်ခု ကီလိုမီတာ ၁၀၀ အကွာတွင် ရှိနေခဲ့သော်လည်း မန်ထွမ်ကျေးရွာ၏ ရိုးရာလက်မှုပညာသည် ရှင်သန်ရုံသာမက တိုးတက်အောင်မြင်မှုများကိုပါ ရရှိခဲ့သည်။
အိုက်က ရိုးရာစက္ကူဖြူကိုအခြေခံပြီး လှပသည့် ပန်းပွင့်များနှင့် သစ်ရွက်များကို ဆန်းသစ်တီထွင် အသုံးပြုကာ ကိုယ်ပိုင်ဒီဇိုင်းပုံစံသစ်များကို တီထွင်ထုတ်လုပ်ခဲ့သည်။ ပန်းများဖြင့် အရောင်ခြယ်သည့် နည်းပညာကိုလည်း စမ်းသပ်ခဲ့ပြီးတာရှည်ခံရန် နည်းစနစ်များကိုလည်း သုတေသနပြုခဲ့သည်။
ခရီးသွားများကလည်း စက္ကူဒီဇိုင်းသစ်များနှင့် ပြုလုပ်ထားသည့် လက်မှုပစ္စည်းများကို နှစ်ခြိုက်ကြပြီး လက်ဖက်ကုန်သည်များကလည်း လက်မှုထုတ်ကုန်ဒီဇိုင်းသစ်များဖြင့် လက်ဖက်ထုပ်ရန် စက္ကူဝယ်သည့်အတွက် ၎င်းထုတ်လုပ်သည့် စက္ကူများကို ဈေးကောင်းကောင်းဖြင့် ရောင်းချခဲ့ရသည်။
၂၀၁၄ ခုနှစ်တွင် အိုက်က လက်မှုအနုပညာ ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပြီး ရွာ၏စက္ကူထုတ် လုပ်သည့်အိမ်ထောင်စုများကို ပူးပေါင်းပါဝင်ရန် ဆွဲဆောင်နိုင်ခဲ့သည်။ ကုမ္ပဏီက စျေးကွက်ဝယ်လို အားအသုံးချပြီး စားပွဲတင်မီးအိမ်များ၊ မှတ်စုစာအုပ်များနှင့် လက်ကိုင်အိတ်များအပါအဝင် ယနေ့အထိယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ထုတ်ကုန်အမျိုး ၂၀ ကျော်ကို တီထွင်ခဲ့သည်။ ယင်းထုတ်ကုန်များကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကဲ့သို့ အရှေ့ တောင်အာရှနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။
“ကျွန်မတို့ရဲ့ ရိုးရာစက္ကူ လက်မှုထုတ်ကုန် ပစ္စည်းတွေကို လူတို့ရဲ့နေ့စဉ်ဘဝထဲက တစ်စိတ် တစ်ပိုင်းဖြစ်လာစေလိုပါတယ်” ဟု သူကဆိုသည်။
“စာရွက်လေးတွေက လူတွေလိုပဲ စိတ်ခံစားမှုတွေရှိတယ်။ ကိုယ်ကကောင်းကောင်းဆက်ဆံရင် သူကလည်းကိုယ့်ကို စိတ်ပျက်အောင်မလုပ်ဘူး”ဟု အိုက်ကဆိုသည်။
ယမန်နှစ်က ကျေးရွာ၏ စက္ကူထုတ်လုပ်မှုတန်ဖိုးမှာယွမ် ၇ ဒသမ ၈ သန်းကျော် (အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ သန်းခန့်) ရရှိခဲ့ပြီး စာရွက်ပေါင်း ၃ ဒသမ ၉ သန်း ကျော်ထုတ်လုပ်နိုင်ခဲ့ကာ ဒေသခံ ၁၂၀ ကျော်အတွက် အလုပ်အကိုင်များ ဖန်တီးပေးမှုနှင့်အတူ တစ်ဦးချင်းဝင်ငွေ ယွမ် ၃၀၀၀၀ ကျော်အထိ တိုးတက်လာခဲ့သည်။
ကိုးကား - ဆင်ဟွာ