Skip to main content

မြန်မာ့ယွန်းထည်လုပ်ငန်း အတတ်ပညာဆိုင်ရာ ရှေးဟောင်းသုတေသနအထောက်အထားများ

ဒေါက်တာမျိုးညွန့်အောင် (ရှေးဟောင်းသုတေသနပညာ)

မြန်မာ့ယွန်းထည်လုပ်ငန်း အတတ်ပညာသည် မြန်မာ့ရိုးရာပန်း ၁၀ မျိုး အတတ်ပညာတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ပုဂံခေတ်ရှေးဟောင်းစာပေအထောက်အထားတို့အရ ပန်းယွန်းအနုပညာအပါအဝင် ပန်း ၁၀ မျိုး အတတ်ပညာကို ပုဂံခေတ်ကတည်းက တွင်တွင်ကျယ်ကျယ် အသုံးပြုထားကြောင်း လေ့လာမှတ်သားရသည်။ မြန်မာ့ရိုးရာ ပန်း ၁၀ မျိုး အနုပညာတို့ကို အသေးစိတ်လေ့လာကြည့်ပါက ဘာသာရပ်တစ်ခုနှင့် တစ်ခုသည် ဆက်စပ်နှီးနွှယ်ပါဝင်ပေါင်းစပ်နေသည်ကို လေ့လာတွေ့ရှိရပါသည်။ ပန်းပု၊ ပန်းပွတ်၊ ပန်းရန်၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းပဲအတတ်ပညာတို့ကို ပုဂံခေတ်မတိုင်မီကာလ ပျူခေတ် (ဘီစီ ၂ ရာစု၊ အေဒီ ၉ ရာစု) ကတည်းက ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုအထောက်အထားနှင့်တကွ ဂုဏ်ယူစွာ တင်ပြအပ်ပါသည်။

မြန်မာ့ရိုးရာပန်း ၁၀ မျိုး အတတ်ပညာတွင် ထည့်သွင်းမထားသေးသည့် စဉ့်ထည်လုပ်ငန်း၊ မြေမီးဖုတ်ရုပ်ချပ် ပြုလုပ်သည့်လုပ်ငန်း၊ မြေပုတီးနှင့် အခြားကျောက်မျက်ရတနာများဖြင့် ပြုလုပ်သည့် ပုတီးလုပ်ငန်းအတတ်ပညာ၊ အနုပညာလက်ရာမြောက်သော မြေအိုးမြေထည်ပြုလုပ်သည့် အတတ်ပညာတို့ကို ပုဂံခေတ်မတိုင်မီ ပျူခေတ်ကတည်းက သေသပ်ကောင်းမွန်၍ အနုပညာလက်ရာမြောက်သော ရှေးဟောင်းဝတ္ထုပစ္စည်းများကို ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်တွေ့ရှိချက်များအရ ဖော်ထုတ်တင်ပြခဲ့ပြီးဖြစ်ပါသည်။ ပျူယဉ်ကျေးမှုထွန်းကားသည့် ဒေသများဖြစ်သည့် ပင်လယ် (မိုင်းမော)မြို့ဟောင်း၊ သရေခေတ္တရာ မြို့ဟောင်းနှင့် မွန်ယဉ်ကျေးမှုထွန်းကားသော ကျိုက်ကသာမြို့ဟောင်းတို့တွင် အထက်ပါအတတ် ပညာဆိုင်ရာ ယဉ်ကျေးမှုဝတ္ထုပစ္စည်းများကို တူးဖော်တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

မြန်မာ့ပန်းထိမ်လုပ်ငန်းကို လေ့လာကြည့်ပါက ပျူခေတ်ပန်းထိမ်ပညာရှင်များသည် ပုဂံခေတ်ပန်းထိမ်ပညာရှင်များထက် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟူ၍ သမိုင်းနှင့် ရှေးဟောင်းသုတေသနပညာရှင် ဆရာကြီး ဒေါက်တာလုစ်က ချီးမွမ်းဖော်ပြခဲ့ဖူးပါသည်။ ရွှေဗုဒ္ဓဆင်းတုတော်၊ ငွေဗုဒ္ဓဆင်းတုတော်၊ ရွှေဘုရားလောင်းနတ်ရုပ်၊ ရွှေဒင်္ဂါး၊ ရွှေခါးပတ်၊ ရွှေနယားလက်ကောက်၊ ရွှေလက်စွပ်တို့ကို အံ့ဩဖွယ်အနုပညာရသမြောက်အောင် သွန်းလုပ်နိုင်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။

ရည်ရွယ်ချက်

မြန်မာ့ရိုးရာပန်း ၁၀ မျိုးအတတ်ပညာတို့ကို ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားတို့ဖြင့် ရှာဖွေဖော်ထုတ်ရန်၊ မြန်မာ့ယွန်းထည်လုပ်ငန်းအတတ်ပညာကို ရှေးဟောင်းမြန်မာ့စာပေ အထောက်အထားတို့ဖြင့် သုတေသနပြုရန်၊ မြန်မာ့ယွန်းထည်လုပ်ငန်း အတတ်ပညာအား သုတေသနပြုလုပ်ငန်းတို့နှင့်အတူ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာ့ပန်းယွန်းအနုပညာသည် အခြားသောမြန်မာ့ရိုးရာလက်မှုအနုပညာတို့နှင့် နှီးနွှယ်ပေါင်းစပ်ပါဝင်မှုကို ရှာဖွေဖော်ထုတ်ရန် စာရေးသူအနေဖြင့် မြန်မာ့ရိုးရာပန်း ၁၀ မျိုး အတတ်ပညာများထဲမှ ပုဂံခေတ်ပန်းယွန်းပညာနှင့် နှီးနွှယ်ဆက်စပ်လျက်ရှိသော ပန်းချီ၊ ပန်းပု၊ ပန်းတော့၊ ပန်းတမော့၊ ပန်းထိမ်ပညာတို့အကြောင်းကို ပုဂံခေတ်စာပေ အထောက်အထားတို့နှင့်တကွ အသေးစိတ်ဖော်ပြသွားပါမည်။

ရှေးဟောင်းမြန်မာ့စာပေမှ မြန်မာ့ယွန်းအနုပညာ

မြန်မာနိုင်ငံတွင် သစ်စေးကို အေဒီ ၁၁ ရာစု အနော်ရထာမင်းကြီးလက်ထက် မတိုင်မီကတည်းက ကောင်းမွန်စွာသုံးစွဲခဲ့သည်ကို ညောင်ဦးမြို့ ဂူကျောင်းဆရာတော် ဦးဇာဂရထံရှိ ကျောက်စာပေါင်းချုပ် စာအုပ်နောက်ဆက်တွဲစာမျက်နှာ (၁၆၅) တွင် ‘‘ကောဇာသက္ကရာဇ် (၂၃၈)တွင် အနော်ရထာမင်းသည် အိပ်မက်အရ နတ်သား၊ ပုဏ္ဏားနှင့် ရှင်အရဟံတို့ မိန့်ကြားချက်အရ ရှာဖွေခဲ့ရာ ဟိရညကတောင်ပတ်လည်မြေကို ရေနှစ်၍ တစ်တောင်ကျော်တူးစေရာမှ အုတ်ဖိုအများ တွေ့သည် အင်္ဂတေတိုက်၊ သစ်စေးအနီတိုက်တွေ့ သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ သယ်ယူတင်စေသည်’’ ဟု ဖော်ပြထားသည်။

ယင်းကျောက်စာပေါင်းချုပ်တွင် ဆက်လက်ဖော်ပြထားသည်မှာ တန့်ကြည်တောင်ဘုရားသည် ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သောစေတီဖြစ်ကြောင်း၊ နောက်နောင်မင်းတို့ ပြင်ဆင်ရန် အုတ်များကိုဖုတ်ပြီး မြေတွင် အင်္ဂတေတိုက်၊ သစ်စေးအနီတိုက်ပြုလုပ်၍ စနစ်တကျ သိမ်းဆည်းထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပုဂံခေတ်ကျန်စစ်သားမင်းကြီး မွန်ဘာသာဖြင့် အေဒီ ၁၁ ရာစုတွင် ရေးထိုးသော နန်းတည်ကျောက်စာတွင် ဆီမီးဒေါင်းလန်း၊ သင်ပုတ်ဒေါင်းလန်းတို့ဖြင့် ပူဇော်ကြောင်း၊ ကျောက်စာကြောင်းရေ (၁) မှ (၅) အထိနှင့် စာကြောင်းရေ ၃၆ တို့တွင် အခိုင်အမာဖော်ပြထားသည်။ ဒေါင်းလန်းဆိုသည်မှာ ပုဂံခေတ်မှ ရတနာပုံခေတ်တိုင်အောင် ထီးသုံးနန်းသုံးပစ္စည်းတစ်ခုဖြစ်ကြောင်း ထင်ရှားပါသည်။ မြန်မာ့ယွန်း အနုပညာဖြင့် ပြုလုပ်လေ့ရှိသော ဒေါင်းလန်းမှာ ပုဂံခေတ်မှစ၍ ဘာသာရေး၊ သာသနာရေးဆိုင်ရာကိစ္စရပ်တို့တွင် အသုံးပြုခဲ့ကြောင်း ပုဂံခေတ် မွန်ကျောက်စာအရ အခိုင်အမာသိရှိနိုင်သည်။

ကုန်းဘောင်ခေတ်ဘိုးတော်ဘုရား၏ တိုက်တွန်းချက်အရ ကျောက်စာဝန်တွင်းသင်းတိုက်ဝန် မဟာစည်သူပြုစုရေးသားသော တွင်းသင်းမြန်မာ ရာဇဝင်သစ် (ပထမတွဲ) စာမျက်နှာ (၁၃၄) တွင် ‘‘ပုဂံခေတ်နရပတိစည်သူမင်းကြီးလက်ထက်တွင် မာလာယုကျွန်းမှရခဲ့သော စန္ဒကူးသရက္ခန်ကို ထုလုပ်သည့် ဘုရားရှင်ငါးဆူတည်း၊ သီဟတောတစ်၊ ရှင်မတောင်တစ်၊ ကွန်းရွာရွှေတံ့တစ်တစ်၊ ဆင့်ကျိုးရွှေဂူတစ်၊ ပုခန်းစည်သူရှင်တစ်၊ ဆောက်စာကိုပေါင်း၍ လုပ်သည်ကား မြတ်ပေါင်းပဉ္ဇူတည်း၊ သပြေပင်သိဃိုဠ်ကျွန်းမှရခဲ့သော ရှင်ဖြူရှင်လှ၊ ဖောင်တော်ဦး၊ စကားသားကို ထုလုပ်ခဲ့သော ဆင်းတုတော်ကိုးဆူ၊ ဆောက်စာကိုလုပ်သော မံဘုရားတစ်ဆူ၊ ဘုရားရှင်ရုပ်တုတော်များကို အညာစဉ့်ကူး၊ စစ်ကိုင်း အစရှိသည့် နေရာတို့တွင် ကိန်းဝပ်တော်မူကာ သင့်ရာဘုရားတည်တော်မူ၏’’ ဟု ဖော်ပြထားပါသည်။

တွင်းသင်းမြန်မာရာဇဝင်သစ်အရ ပုဂံခေတ်၌ နရပတိစည်သူမင်းကြီးလက်ထက်တွင် စူးစာဆောက်စာတို့ကို မံ၍တည်သည့် ဘုရားဆင်းတုတော်များ ပေါ်ပေါက်နေပြီဖြစ်သည်။ စာရေးသူအနေဖြင့် ဖော်ပြရသော် ထိုမံဘုရားတို့မှာ ယွန်းဘုရားဆင်းတုတော်များပင်ဖြစ်ပါသည်။ မံထားသည့် အရာဝတ္ထုထဲတွင် သစ်စေးပါဝင်မည်ဟု ယူဆပါသည်။ ပုဂံခေတ်မှ ခေတ်အဆက်ဆက်တိုင်အောင် မံဘုရား (သို့) ယွန်းဘုရားများကိုလည်း ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် လေ့လာတွေ့ရှိနိုင်ပါသည်။ သက္ကရာဇ် ၅၈၅ ခုနှစ် ရေးထိုးသော ရွှေကွန်ချာဘုရား ကျောက်စာတွင် စာကြောင်းရေ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁ တို့တွင် ‘‘ရွှေဘုရား ၃၃ ဆူ၊ ကြေးဘုရား လေးဆူ၊ ဆေး(ဆိယ်) ဘုရား နှစ်ဆူ၊ ကျောက်ဘုရား ၄၄ ဆူလှူ၏ ဌာပနာသောဘုရားမှာ ရွှေပုထိုဝ် ၂၊ ငွေပုထိုဝ် ၂၊ စန္ဒကူပုထိုဝ် ၄။ ဆင်စွယ် ပုထိုဝ် ၂၊ ဟင်္သပတာ ပုထိုဝ် ၂၊ ဇိဓန် (ဆေးဒန်း) ပုထိုဝ် ၅၊ ကျောက်ပုထိုဝ် ၅၊ ရွှေထီး ၅၊ သရီရဓာတ်နှင့် ထည့်၍ ဌာပနာ၏’’ဟု ဖော်ပြထားပါသည်။ စာရေးသူအနေဖြင့် ဆေး (ဆိယ်) ဘုရားမှာ မံဘုရားခေါ် ယွန်းဘုရားဖြစ်နိုင်သည်ဟု ယူဆပါသည်။ သစ်စေးဘုရားဆင်းတုတော်ဖြစ်နိုင်ပါသည်။ ပညာရှင်တို့၏ လေ့လာချက်အရ ဆေးဘုရားမှာ ခေတ်အဆက်ဆက် (ပုဂံခေတ်မှ ယနေ့တိုင်)ရှိခဲ့ကြောင်း၊ တိုင်းရင်းဆေး ဆရာများက ပယောဂများကုရာတွင် အသုံးပြုခဲ့ ကြောင်း၊ အမှန်တကယ်တော့ အနက်ရောင်မံဆင်းတု (သို) ယွန်းဆင်းတုသာဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ပုဂံရှေးဟောင်း သုတေသနပြတိုက် တွင် တစ်ဆူထိန်းသိမ်းထားပါသည်။ မြန်မာနိုင်ငံတွင် တွေ့ရှိသော ကျောက်ခေတ်သစ်လက်နက်များကို အချို့တိုင်းရင်းဆေးဆရာများနှင့် အခြားပုဂ္ဂိုလ်များက မိုးကြိုးသွားလက်နက်အဖြစ် တိုင်းရင်းဆေးကုသရာတွင် အသုံးပြုလျက်ရှိကြပါသည်။ ရှေးဟောင်းသုတေသနပညာရှင် (Archaeologist) များအတွက် ယင်းလက်နက်များမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က ကျောက်ခေတ်သစ် လူသားတို့ အသုံးပြုခဲ့ကြသော ကျောက်ခေတ်သစ်လက်နက်များပင် ဖြစ်ပေသည်။ ကျောက်စာတွင် ဖော်ပြထားသော ဟင်္သပြဒါးပုထိုးနှင့် ဆေးဒန်းပုထိုးတို့မှာ ယွန်းပညာရှင်တို့၏ ဆွေးနွေးချက်အရ သစ်စေးနှင့်ရောနှော၍ အသုံးပြုထားသော ပုထိုးများဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်တွေ့ရှိရပါသည်။

ပုဂံခေတ်မှ ယနေ့တိုင်အောင် ယွန်းထည်လုပ်ငန်းတွင် အများဆုံးအသုံးပြုခဲ့သော ဟင်္သပြဒါးနှင့် ဆေးဒန်းမှာ ယွန်းထည်လုပ်ငန်းအတွက် အဓိကကုန်ကြမ်းပစ္စည်းအဖြစ် ပါဝင်လျက်ရှိသည်ကို မီးမောင်းထိုး၍ ပြသလျက်ရှိပါသည်။ သက္ကရာဇ် ၅၉၈ ခုနှစ်တွင် ရေးထိုးသော စောလှဝန်းဘုရားမှ ရရှိသည့် အမတ်အသဝတ်ဓမ္မာ မယားကျောက်စာတွင်လည်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ဆေးဒန်း၊ ဟင်္သပြဒါး၊ ဆုန်း၊ မြေဖြူ၊ ချိပ် စသဖြင့် ဖော်ပြထားသည်။ ဆုန်းဟူသည် ဟင်္သပဒါး တစ်မျိုး ဖြစ်ကြောင်း တွေ့ရှိရသည်။ ပုဂံခေတ်တွင် ဆေးဒန်းနှင့် ဟင်္သပြဒါးကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြောင်း လေ့လာမှတ်သားရသည်။ သစ်စေးနှင့် နှိုင်းယှဉ်ကြည့်ပါက ဆေးဒန်းနှင့် ဟင်္သပြဒါးတို့ထက် စာလျှင်သစ်စေးကို ရရှိရန်လွယ်ကူနိုင်ကြောင်း စာရေးသူအနေဖြင့် ထင်မြင်ယူဆမိပါသည်။

အာနန္ဒာဘုရားကြီးအရှေ့ဘက် မောင်ချစ်စကုန်းမှရရှိသော အုတ်ခွက်ပဲ့ တစ်ချပ်ပေါ်တွင် သေစ်ဆိလို့ ရေးထားသည်မှာ စာရေးသူအနေဖြင့် သေစ်ဆိမှ သေစ်ဆိယ် (သစ်စေး) ဖြစ်မည်ဟု ယူဆပါသည်။ အုတ်ခွက်ပဲ့နေ၍ အပြည့်အစုံစာသားများ ဖတ်၍မရခဲ့ခြင်းဖြစ်ပါသည်။ ၁၇ ရာစု ညောင်ရမ်းခေတ်တွင် ဝန်ကြီးပဒေသရာဇာသည် ထန်းတက်ဘွဲ့တျာချင်းကို ရေးစပ်ထားပြီး ထန်းသမားမိသားစု၏ ဘဝကိုဖော်ကျူးရာတွင်လည်း နှီးဒေါင်းလန်းကြီးအကြောင်းကိုလည်း ဖော်ပြထားပါသည်။

ထို့ပြင် ညောင်ရမ်းခေတ်ယွန်းထည်လုပ်ငန်းအတတ်ပညာသည် အဖြူထည်ပေါ်တွင် သစ်စေးသုတ်ပြီး သုံးစွဲသည့် အနက်ထည်အဆင့်မျှသာ မကဘဲယွန်းအနက်ထည်ပေါ်တွင် သံကညစ်ဖြင့် ရေးထိုးသည့် ကညစ်ယွန်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ သက္ကရာဇ် ၁၁၁၃ ခု ဟံသာဝတီရောက်မင်းလက်ထက် ရွှေတောင်ရာဇကျော်ခေါ် စိန္တကျော်သူဦးဩ၏ ကဝိလက္ခဏာသတ်ပုံ ပိုဒ်ရေ (၇၅၂) တွင် ‘‘တိတိဝန်းဝန်း ထိုးသည့်ယွန်း၊ သွန်းသွန်းသွယ်သွယ်ပေ’’ဟု ရေးဖွဲ့ထားပါသည်။ ကုန်းဘောင်ခေတ်တွင် ကညစ်ယွန်းတွင်သာမကဘဲ ယွန်းထည်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ ကဝိလက္ခဏာသတ်ပုံအရ သိရှိမှတ်သားရပါသည်။ ပုဂံခေတ် အေဒီ ၁၃ ရာစု အစောပိုင်းကာလတွင် မင်းအနန္တသူရ ဇနီးမောင်နှံတည်ထားသော လေးမျက်နှာကျောင်းတိုက်အတွင်းရှိ သုံးထပ်ဘုန်းကြီးကျောင်းကြီးအား ရှေးဟောင်းသုတေသနဦးစီးဌာနမှ ၁၉၉၄ ခုနှစ်ခန့်က တူးဖော်ခဲ့ရာတွင် အဆောက်အအုံ၏အတွင်းမှ ယွန်းအနက်ထည်ဖြင့် ပြုလုပ်ထားသော ယွန်းရေခွက်ပဲ့ ငါးလုံးက‌တွေ့ရှိခဲ့ပါသည်။ ယခုအချိန်တွင် အဆိုပါယွန်းရေခွက်ပဲ့များကို ပုဂံရှေးဟောင်းသုတေသနပြတိုက်နှင့် ယွန်းပညာ ကောလိပ်ပြတိုက်တွင် ပြသထားပါသည်။ လေးမျက်နှာကျောက်စာ အထောက်အထားအရ အဆိုပါယွန်းရေခွက်များကို ၁၂၂၃ ခုနှစ်ခန့်တွင် ပြုလုပ်ခဲ့မည်ဟု ခန့်မှန်းပါသည်။ ရှေးဟောင်းသုတေသနဦးစီးဌာန၏ တူးဖော်တွေ့ရှိချက်အရ မြန်မာ့ယွန်းထည် (အနက်ထည်) လုပ်ငန်းအတတ်ပညာသည် ပုဂံခေတ်ကာလခန့်ကတည်းက ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နေပြီဖြစ်ကြောင်း အခိုင်အမာပြောနိုင်သည်။

နံရံဆေးရေးပန်းချီကပြောသော ယွန်းအနုပညာ

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဘုရားပေါင်း ၃၈၂၂ ဆူရှိသည့်အနက် ဘုရားပေါင်း ၄ဝဝ ကျော်ကို နံရံဆေးရေးပန်းချီရေးခြယ်ထားကြောင်း လေ့လာသိရှိရပါသည်။ ပုဂံဒေသရှိ စေတီဂူဘုရား၊ ဘုန်းကြီးကျောင်းတို့မှာ ပုဂံခေတ်တွင်သာတည်ဆောက်ခဲ့ခြင်းမဟုတ်ဘဲ ပင်းယခေတ်၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်နှင့် ရတနာပုံခေတ်တိုင်အောင် သာသနိကအဆောက် အအုံများကို ပုဂံဒေသတွင် တည်ဆောက်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ ပုဂံဘုရားများ၏ အတွင်းပိုင်းရှိ နံရံဆေးရေးပန်းချီလက်ရာများမှာ ပုဂံခေတ်မှ ကုန်းဘောင်ခေတ်တိုင်အောင် ဆက်လက်ရေးဆွဲထားသည်ကို လေ့လာသိရှိရပါသည်။

ယွန်းအနုပညာအတွက် နံရံဆေးရေးပန်းချီမှ ယူငင်အသုံးပြုရန် ဇာတ်ငါးရာ့ငါးဆယ်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ဗုဒ္ဓဝင်အခန်း ၈ဝ၊ ဗုဒ္ဓဝင်ရှစ်ခန်း၊ ဗုဒ္ဓဝင်လေးခန်း၊ သတ္တဌာနခန်းနှင့် မြတ်စွာဘုရား၏ ခြေတော်ရာပုံတို့ကို ကညစ်ယွန်း၊ ရွှေဇဝါယွန်းနှင့် သရိုးပန်းယွန်းတို့တွင် အများဆုံးအသုံးပြုနိုင်ပါသည်။ ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်တိုင်အောင် ခေတ်အသီးသီး၏ နံရံဆေးရေးပန်းချီများကို ပုဂံဒေသတစ်ခုတည်းတွင် လေ့လာကြည့်ရှုနှိုင်းယှဉ်နိုင်ပါသည်။ မြတ်စွာဘုရားရှင်၏ဇာတာ၊ ဘုရားရှင်အား မာရ်နတ်စစ်တိုက်ခန်း၊ မာရ်နတ်ထွက်ပြေးခန်းနှင့် ခေတ်အဆက်ဆက် ပန်းဒီဇိုင်းအမျိုးမျိုးတို့ဖြစ်သည့် သဇင်ခွေပန်းတန်း၊ ကြာပန်း၊ ကြာမောက်၊ ကြာလန်ပန်းနှင့် ဖောင်းလုံးပန်းတန်းတို့ကို အတုယူ၍ မြန်မာ့ယွန်းထည်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးချဆောင်ရွက်နိုင်ပါသည်။ ပုဂံခေတ်ကျောက်စာနှင့် မင်စာအထောက်အထားတို့အရ ပန်းချီဆရာတို့၏ အမည်တို့ကို ဖော်ပြလေ့ရှိပါသည်။ သက္ကရာဇ် ၅၉၈ ခုနှစ်တွင် မင်းမတ်ဉာဏပိစည်ရေးထိုးသော ပုဂံခေတ်ကျောက်စာအရ ပန်းချီဆရာပေးသော လက်ခငွေမှာ ဆင်ဟိုင်းတစ်စီး၊ မြင်းတစ်စီး၊ ခါးစီးဖျင်ပွယ်နှစ်စုံတို့ပေးခဲ့ကြောင်း လေ့လာမှတ်သားရပါသည်။

သစ်သားပန်းပုအနုပညာ

မြန်မာနိုင်ငံတွင် သစ်သားထည်လုပ်ငန်းကို လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝဝ ခန့် သံခေတ်ကာလလောက်မှ စ၍အသုံးပြုခဲ့ကြောင်း ရှေးဟောင်းသုတေသန တူးဖော်မှုအထောက်အထားများအရ သိရှိရပါသည်။ သစ်သားပန်းပုအနုပညာသည် ပျူခေတ်တွင် ကောင်းမွန်စွာတတ်ကျွမ်းနေပြီ ဖြစ်ပါသည်။ ပုဂံခေတ် သစ်သားပန်းပုလုပ်ငန်းသည် ပုဂံခေတ်စာပေ အထောက်အထားနှင့်တကွ အခိုင်အမာပြောနိုင်ပြီဖြစ်ပါသည်။ ပန်းပုဆရာအမည်၊ ပန်းပုဆရာပေးသော လက်ခငွေ၊ သစ်ဖိုးပေးချေရသည့် ငွေတို့ကို ပုဂံခေတ်ကျောက်စာများတွင် အသေးစိတ်ဖော်ပြထားကြောင်း လေ့လာမှတ်သားရပါသည်။

ပုဂံခေတ်မှ ရတနာပုံခေတ်တိုင်အောင် ခေတ်အသီးသီးတွင် မြန်မာ့ယွန်းထည်အနုပညာအတွက် အထူးရေပန်းစားအရေးပါသော ဝတ္ထုပစ္စည်းမှာ ရှေးဟောင်းပေစာ၊ ပုရပိုက်စာများကို သေချာစွာ သိမ်းဆည်းထားသော ယွန်းစာတိုက်များပင် ဖြစ်ပါသည်။ ယွန်းစာတိုက်နှင့်ပတ်သက်၍ နှစ်မျိုးတွေ့ရှိ ရပါသည်။ စာတိုက်သေတ္တာနှင့် စာတိုက်ဗီရိုတို့ကို တွေ့ရှိရပါသည်။ ခေတ်အသီးသီးတွင် မြန်မာ့ရိုးရာ စာတိုက်များကို သရိုးပန်းယွန်းနှင့် ကညစ်ယွန်းကို အခြေခံ၍ဆောင်ရွက်ခဲ့သည်ကို လေ့လာမှတ်သား ရပါသည်။

(ဆက်လက်ဖော်ပြပါမည်)