Skip to main content

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမဝါယမစနစ်ကို လေ့လာခြင်း

ခန့်ဇော်(ကျေးလက်)

အာရှ-ပစိဖိတ် အပြည်ပြည်ဆိုင်ရာသမဝါယမ မဟာမိတ်အသင်း (International Cooperatives Alliance Asia and Pacific (ICA-AP)) ၏အဆိုအရ သမဝါယမအသင်းများသည် အများသဘောတူ စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်၊ ရည်မှန်းချက်များ ပြည့်မြောက်စေရန် အသင်းဝင်များကိုယ်တိုင် စီမံဆောင်ရွက်ရသည့် ပြည်သူဗဟိုပြုစီးပွားရေးလုပ်ငန်းများဖြစ်သည်ဟု ဆိုပါသည်။

သမဝါယမ၏တန်ဖိုး

သမဝါယမတန်ဖိုးသည် မိမိကိုယ်မိမိတာဝန်ယူခြင်း၊ ကူညီခြင်း၊ ဒီမိုကရေစီ၊ တန်းတူညီမျှမှု၊ တရားမျှတမှု၊ စည်းလုံးညီညွတ်မှု စသည့်တန်ဖိုးများအပေါ် အခြေခံထားရှိပြီး ထုံးတမ်းစဉ်လာအရ ရိုးသားမှု၊ပွင့်လင်းမှု၊ လူမှုရေးရာတာဝန်ယူမှုများမှာ သမဝါယမ၏ ကျင့်ဝတ်တန်ဖိုးများဖြစ်ပါသည်။

သမဝါယမ၏အခြေခံမူများ

သမဝါယမတန်ဖိုးများကို လက်တွေ့ကျင့်သုံးရန် အခြေခံမူများသတ်မှတ်ထားရှိရာ ၎င်းတို့မှာ-

၁။ ဆန္ဒအလျောက်အသင်းဝင်မှုနှင့် အသင်းဝင်ဖြစ်ရန် ကန့်သတ်ချက်များ မထားရှိခြင်း၊

၂။ အသင်းဝင်များအား ဒီမိုကရက်တစ် နည်းလမ်းဖြင့်သာ ထိန်းကွပ်ပဲ့ကိုင်ခြင်း၊

၃။ အဖွဲ့ဝင်များ အညီအမျှထည့်ဝင်၍ စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်း၊

၄။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်ခွင့် ရှိခြင်း၊

၅။ ပညာပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် သတင်းအချက်အလက်များ မျှဝေခြင်း၊

၆။ သမဝါယမ အသင်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့်

၇။ အဖွဲ့အစည်း၏ အကျိုးစီးပွားအတွက် ဖွဲ့စည်းထားသော လုပ်ငန်းဖြစ်ခြင်းတို့ ဖြစ်ပါသည်။

အာရှ-ပစိဖိတ် အပြည်ပြည်ဆိုင်ရာ သမဝါယမ မဟာမိတ်အသင်း (ICA-AP)တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အဖွဲ့ဝင်သမဝါယမအသင်းလေးသင်းပါဝင်ကြောင်း လေ့လာသိရှိရပါသည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သောနှစ်ပေါင်း (၁၀၀) ကျော်ကတည်းကပင် သမဝါယမစနစ် ဆောင်ရွက်ခဲ့ပြီး မြို့ရွာများ၏ ၉၅ ရာခိုင်နှုန်းတွင် အခြေခံကုန်စည်ပေးသွင်းမှုနှင့် စျေးကွက်ရှာဖွေရေး သမဝါယမအသင်းများ ရှိပါ သည်။ စိုက်ပျိုးရေး၊ လက်မှုပညာနှင့် ကျေးလက် ချေးငွေလုပ်ငန်းကဏ္ဍများသည် လူကြိုက်အများဆုံးဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာ လူမှုဝန်ဆောင်မှုလုပ်ငန်း များ၊ ကျေးလက်ဒေသ E-commerce လုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာ သမဝါယမအသင်းအဖွဲ့များကဲ့သို့သော ကုန်စည်ပေးသွင်းမှု၊ ဝန်ဆောင်မှုနှင့် ဈေးကွက်ရှာဖွေရေးဆိုင်ရာ သမဝါယမအသင်းများ သည် ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးမှုတွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

သမဝါယမကဏ္ဍဖွဲ့စည်းပုံအဆင့်ဆင့်

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် သမဝါယမ အသင်းအဖွဲ့များကို အဆင့် (၅) ဆင့်ဖြင့် ဖွဲ့စည်းထားရှိပြီး ၂၀၁၇ ခုနှစ်စာရင်းအရ နိုင်ငံတော်အဆင့်တွင် ကုန်စည်ပေးသွင်းမှုနှင့် စျေးကွက်ရှာဖွေရေး သမဝါယမအသင်းချုပ် (ACFSMC) တစ်ခု၊ ပြည်နယ် အဆင့်တွင် သမဝါယမအသင်းအဖွဲ့ ၃၂ ဖွဲ့၊ ကောင်တီ စီရင်စုအဆင့်တွင် ၃၄၂ ဖွဲ့၊ မြို့နယ်အဆင့်တွင် ၂၄၀၂ ဖွဲ့၊ ကျေးရွာအဆင့်တွင် သမဝါယမအသင်းအဖွဲ့ ၃၀၂၈၁ ဖွဲ့အထိရှိကြောင်း သိရှိရပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်း သမဝါယမလုပ်ငန်းပေါင်း ၃၇၆၅၂ ခုအထိ ရှိလာပြီဖြစ်သည်။

ကျေးလက်လယ်ယာစီးပွားရေးကို မြှင့်တင်ရန်နှင့် အမျိုးသမီးများအား စွမ်းဆောင်ရည်မြှင့်တင်ရန် အတွက် စီမံခန့်ခွဲရေးဘုတ်အဖွဲ့တွင် အနည်းဆုံး အမျိုးသမီးတစ်ဦး ကိုယ်စားပြု ပါဝင်စေသည်ကို တွေ့ရှိရပါသည်။ သမဝါယမအသင်းများတွင် အမျိုးသမီးခေါင်းဆောင် ၃၃ ရာခိုင်နှုန်းရှိပြီး အဖွဲ့ဝင်ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမဝါယမကဏ္ဍပြောင်းလဲမှုသမိုင်း

၁၉၂၀ ပြည့်နှစ်အစောပိုင်းကာလတွင် စိုက်ပျိုးရေးဆိုင်ရာ ဈေးကွက်ရှာဖွေခြင်းနှင့် ချေးငွေလုပ်ငန်းဆိုင်ရာ သမဝါယမအသင်းများ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်းရှိ သမဝါယမ အသင်းများအားလုံးကိုစုစည်း၍ တရုတ်ကုန်စည်ပေးသွင်းမှုနှင့် စျေးကွက်ရှာဖွေရေး သမဝါယမ အသင်းများဌာနချုပ်(United Headquarters of the Chinese Supply and Marketing Cooperatives)ကို ဖွဲ့စည်းခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ယင်းကို ကုန်စည်ပေးသွင်းမှုနှင့် စျေးကွက်ရှာဖွေရေး သမဝါယမအသင်းချုပ် (All-China Federation of Supply and Marketing Cooperatives-ACFSMC) အဖြစ်သို့ အမည်ပြောင်းလဲခဲ့ပါသည်။ စတင်ဖွဲ့စည်း ချိန်မှစ၍ ACFSMC သည် တောင်သူများ၏ အကျိုးစီးပွားအတွက် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းများဖွံ့ဖြိုးရေးနှင့် သမဝါယမအသင်းအဖွဲ့များအတွက် စနစ်သစ်ကို ဖော်ဆောင်ရန်ကြိုးပမ်းခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ခေတ်မီဈေးကွက်ရှာဖွေရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုအတွက် ဝန်ဆောင်မှုပေးသည့် ကွန်ရက်စနစ် (New Net Project)ကို စတင်အကောင်အထည်ဖော်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် လယ်ယာထွက်ကုန်များ တိုးမြင့်စေရန်နှင့် တောင်သူများဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ တောင်သူသမဝါယမအသင်းများကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စိုက်ပျိုးရေးထွက်ကုန် များ ရောင်းချမှုကိုမြှင့်တင်ရန် ကျေးရွာ၊ မြို့နယ်နှင့် ခရိုင်အဆင့်များတွင် E-Commerce စနစ်နှင့် ဖြန့်ဖြူးရေးစနစ်များကို စတင်ကျင့်သုံးခဲ့ရာ ၂၀၁၈ ခုနှစ်တွင် E-Commerce ကုမ္ပဏီပေါင်း ၁၅၇၁ ခု သည် သမဝါယမအသင်းများနှင့် လည်ပတ်လုပ်ဆောင်လျက်ရှိပြီဖြစ်သည်။

သမဝါယမဥပဒေ

သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထိန်းကျောင်းကာကွယ်နိုင်ရန် ဥပဒေပြဋ္ဌာန်းခဲ့ရာ ပထမဆုံးသမဝါယမဥပဒေကို ကူမင်တန်အစိုးရလက်ထက် ၁၉၃၀ ပြည့်နှစ်တွင်လည်းကောင်း၊ ကျေးလက်ဒေသများ၌ သမဝါယမအသင်းများထူထောင်ရေး၊ အကာအကွယ်ပေးရေးနှင့် လိုအပ်သောအကူအညီများ ထောက်ပံ့ပေးရန် ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ သမဝါယမဥပဒေကို ၁၉၅၀ ပြည့်နှစ်တွင် လည်းကောင်း၊ ခေတ်မီစိုက်ပျိုးရေးစနစ်နှင့် စီမံခန့်ခွဲမှုစနစ်သစ်များ မြှင့်တင်ရန်နှင့် တောင်သူများ ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ တောင်သူများကိုအထူးပြုသည့်သမဝါယမဥပဒေကို ၂၀၀၇ ခုနှစ်တွင်လည်းကောင်း ပြဋ္ဌာန်းခဲ့ပါသည်။ တောင်သူ အထူးပြုသည့်ဥပဒေကို ၂၀၁၇ ခုနှစ်တွင် ပြန်လည် ပြင်ဆင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်း ခဲ့ပါသည်။

၂၀၁၈ ခုနှစ် ဥပဒေရှိ အဓိကအချက်များ

ပြန်လည်ပြင်ဆင်သည့်ဥပဒေတွင် တောင်သူ လယ်သမားများအား အလေးပေးသည့် ပြဋ္ဌာန်းချက်များပါဝင်သည်ကို လေ့လာတွေ့ရှိရပါသည် -

(က) တောင်သူလယ်သမား သမဝါယမအသင်းများ တရားဝင်ဖွဲ့စည်းခွင့်ပြုခြင်း၊

(ခ)အသင်းဖွဲ့စည်းရာတွင် အမျိုးအစားတူ လယ်ယာထွက်ကုန် လုပ်ကိုင်သူများဖြင့်သာ စုဖွဲ့ရမည်ဟူသည့် ကန့်သတ်ချက်အား ပယ်ဖျက်ခဲ့ခြင်း၊

(ဂ)သမဝါယမအသင်းဝင်များအား ၎င်းတို့၏ မြေယာစီမံခန့်ခွဲပိုင်ခွင့်နှင့် သစ်တောဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်ခွင့်ကဲ့သို့ စိစစ်တွက်ချက်၍ရသော၊ လွှဲပြောင်းပေးအပ်နိုင်သော ငွေကြေးအရမဟုတ် သည့်ပိုင်ဆိုင်မှုများအား ရင်းနှီးမြှုပ်နှံခွင့် ပေးခြင်း၊

(ဃ)လယ်ယာထွက်ကုန်များထုတ်လုပ်ရာတွင် အကြိုလုပ်ငန်းစဉ်အဆင့်တွင်အသုံးပြုသည့် ဓာတ်အားခကို လျှော့ပေါ့ပေးခြင်းနှင့် လယ်ယာထုတ်ကုန်များ၏စံသတ်မှတ်ဈေးနှုန်းပေါ် မူတည် ကောက်ခံပြီး စက်မှုထုတ်ကုန်များ၏ ဓာတ်အားခထက်သက်သာခြင်း။

စိုက်ပျိုးရေး သမဝါယမစနစ်မြှင့်တင်ခြင်းဖြင့် ကျေးလက်စီးပွားရေးအားကောင်းလာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် သမဝါယမစနစ်ဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်ကိုတွေ့ရပြီး အဓိကအားဖြင့် -

(က) မြေယာယုံကြည် အပ်နှံမှုမှတစ်ဆင့် အခြေခံ ဝန်ဆောင်မှုများပေးခြင်း (ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြင်းနှင့် လယ်ယာထွက်ကုန်များ ရောင်းချခြင်း ကဲ့သို့ ဝန်ဆောင်မှုများ)၊

(ခ) မြေယာလုပ်ကိုင်ခွင့် လွှဲပြောင်းခြင်းပေါ် အခြေခံသည့် အကြီးစားဝန်ဆောင်မှုများ၊

(ဂ) စိုက်ပျိုးရေးထုတ်ကုန်များကို အွန်လိုင်းမှ တစ်ဆင့်ရောင်းချသည့် E-Commerce စနစ် ထူထောင်ပေးခြင်း၊         

(ဃ) ထုတ်ကုန်များ ဖြန့်ဖြူးရေးကွန်ရက် ဖန်တီးပေးခြင်း၊

(င) နည်းပညာ ဝန်ဆောင်မှုများပေးခြင်း (ဥပမာ-မြေဆီလွှာစမ်းသပ်ပေးခြင်း)၊

(စ) သိပ္ပံနည်းကျသုတေသနပြုလုပ်ခြင်း၊

(ဆ) စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုအလုံးစုံ ပံ့ပိုးပေးခြင်း၊

(ဇ) စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှု လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးခြင်း၊

(ဈ) ပေါင်းစပ်ဝန်ဆောင်မှု စင်တာများ တည်ထောင်ပေးခြင်း (၂၀၁၈ ခုနှစ် စစ်တမ်းအရ ကျေးရွာ ၇၀ ရာခိုင်နှုန်း တွင် စင်တာပေါင်း ၄၂၂၀၀၀ တည်ဆောက်ပြီးဖြစ်ခြင်း)၊

(ည) စိုက်ပျိုးရေးအခန်းကဏ္ဍကို တိုးချဲ့ခြင်း (ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ဂေဟစနစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော အခြားလုပ်ငန်းများနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်း)။

အပြည်ပြည်ဆိုင်ရာ သမဝါယမကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် သမဝါယမကဏ္ဍ အားကောင်းလာစေရန်နှင့် နိုင်ငံတကာသမဝါယမအသိုက်အဝန်းကို တည်ဆောက်နိုင်ရန် ပဏာမအဆင့်အနေဖြင့် ဘဏ္ဍာရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ နည်းပညာဖလှယ်မှုနှင့် သမဝါယမအသင်းတစ်ခုမှ သမဝါယမအသင်းတစ်ခုသို့(C2C)ကုန်သွယ်မှုတို့ကို အဓိကထားလုပ်ဆောင်လျက် ရှိပါသည်။ ACFSMC သည် National Agricultural Cooperative Federation of Korea နှင့် ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ South African National Apex Cooperative(SANACO)နှင့် ၂၀၁၃ ခုနှစ်တွင် လည်းကောင်း နားလည်မှုစာချွန်လွှာများ(Memo-randum of Understanding-MoU)များ ရေးထိုး ခဲ့ပြီး သမဝါယမလုပ်ငန်းများအားလုံးအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက် ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ဘရာဇီး၊ ဘူလ်ဂေးရီးယား၊ သီရိလင်္ကာ၊ ဗီယက်နမ် အပါအဝင် အခြားနိုင်ငံများနှင့်လည်း C2Cကုန်သွယ်မှု ဆက်ဆံရေး တည်ဆောက်ထားရှိသည်ကို တွေ့ရ ပါသည်။

အောင်မြင်မှုရရှိခဲ့သည့်သမဝါယမလုပ်ငန်းများ

(က) ဒါဘိုင်း (Darbie) တောင်ပေါ်ဒေသ ဆင်းရဲမှု လျှော့ချပေးခြင်း

တရုတ်နိုင်ငံအရှေ့ခြမ်းရှိ အန်ဟွေး (Anhui) ၊ ဟူဘေး (Hubei) နှင့် ဟီနမ် (Henam) ပြည်နယ်တို့၏နယ်စပ်တွင်ရှိသည့် ဒါဘိုင်း (Darbie) တောင်ပေါ်ဒေသသည် ဝေးလံခေါင်းပါး သွားလာရခက်ခဲသော ဆင်းရဲနွမ်းပါးဒေသဖြစ်ရာ ကျေးရွာများတွင် လက်ဖက်စိုက်ပျိုးခြင်း၊ သစ်သီးဝလံနှင့်ဆေးဖက်ဝင်အပင်များ စိုက်ပျိုးထုတ်လုပ်ခြင်းကဲ့သို့သော မိရိုးဖလာလုပ်ငန်းများကိုအခြေခံ၍ သမဝါယမအသင်းများ ဖွဲ့စည်းစေပြီး ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြင့် ဆင်းရဲမှုမှလွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။

(ခ) ခေတ်မီလယ်ယာသုံး စက်ပစ္စည်းဝန်ဆောင်မှု သမဝါယမအသင်း

ဟေလောင်ကျင်း (Heilongjiang) စီရင်စုရှိ ရန်ဖာခေတ်မီလယ်ယာ စက်ပစ္စည်းဝန်ဆောင်မှု သမဝါယမအသင်းသည် လုပ်ကွက်ငယ်တောင်သူလယ်သမားများအတွက် လယ်ယာသုံးစက်ပစ္စည်း ဝန်ဆောင်မှုများပေးရန် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင်တောင်သူလယ်သမားများအနေဖြင့် ၎င်းတို့၏ လယ်ယာမြေများကိုအသင်းသို့ လွှဲပြောင်းပေးပါက အကျိုးအမြတ်အနေဖြင့် အစုရှယ်ယာများရရှိမည်ဟု သတ်မှတ်ခဲ့ကြပါသည်။ မြေတန်ဖိုးကို ဈေးကွက်၏ တန်ဖိုးထက် ၅၀ ရာခိုင်နှုန်းမြင့်၍ ခန့်မှန်းတန်ဖိုးသတ်မှတ်ပေးခဲ့ပြီး လုပ်ငန်းအမြတ်အစွန်းကို နှစ်ကုန်တွင် ပစ္စည်းအစုရှယ်ယာနှင့် ငွေသားရှယ်ယာပုံစံနှစ်မျိုးဖြင့် ခွဲဝေပေးခဲ့ပါသည်။ ထို့အပြင် တောင်သူလယ်သမား များအနေဖြင့် မြေယာလွှဲပြောင်းပေးခြင်းဖြင့် နှစ်စဉ် ၃၅၀RMB/mu အာမခံထားသော အမြတ်ဝေစုကိုရရှိပြီး သမဝါယမအသင်းထံမှ ချေးငွေယူမည် ဆိုပါကလည်း အဆိုပါလွှဲပြောင်းထားသော မြေယာကို အာမခံအဖြစ် အသုံးပြုနိုင်ပါသည်။ အဆိုပါ လွှဲပြောင်းမြေယာများကို သမဝါယမအသင်းမှ အတူတကွ စီမံခန့်ခွဲလုပ်ကိုင်သော်လည်း မြေယာအတွက် အစိုးရထံမှရရှိသည့် ထောက်ပံ့ငွေများကိုမူ တောင်သူများမှ တိုက်ရိုက်ခံစားနိုင်ခွင့်ရှိကြပေသည်။

အသင်းဝင်တောင်သူများအတွက် အကျိုးအမြတ်သေချာမှုရှိစေသည့်အပြင် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေများကို အသင်းမှတာဝန်ယူသည့်အတွက် အသင်းဝင်ဖြစ်ရန် ပိုမိုစိတ်အားထက်သန်လာကြပြီး အဆိုပါနည်းလမ်းကိုကျင့်သုံးသည့် တစ်ပတ်အတွင်းမှာပင်ကျေးရွာရှိ စုစုပေါင်းအိမ်ထောင်စု၏ ၄၀ ရာခိုင်နှုန်း၊ တောင်သူလယ်သမား ၃၀၇ ဦးသည် အသင်းသားအဖြစ် ဝင်ရောက်လာခဲ့ပါသည်။ အကျိုးရလဒ်အနေဖြင့် စိုက်ပျိုးထွန်ယက်မြေဧရိယာ ၁၀၀၀ ဟက်တာအထိ တိုးပွားလာနိုင်ခဲ့ပြီး အကြီးစားလယ်ယာသုံးစက်ပစ္စည်းများကိုလည်း လက်တွေ့ပိုမိုအသုံးပြုနိုင်ခဲ့ကာ ကုန်ကျစရိတ်အမျိုးမျိုးကိုလည်း လျှော့ချနိုင်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

အမြတ်အစွန်းပိုမိုရရှိစေရန် တိုးချဲ့ဆောင်ရွက်ခြင်း

ထို့နောက် သမဝါယမအသင်းသည် အာလူး စိုက်ပျိုးထုတ်လုပ်ရန်အတွက် လိုအပ်သော မျိုးစေ့ နှင့် ထုတ်လုပ်မှုနည်းပညာကို ပံ့ပိုးပေးမည့် ဩစတြေးလျနိုင်ငံအခြေစိုက် Mc Cain Harbin ကုမ္ပဏီနှင့် ၂၀၁၁ ခုနှစ်တွင် စာချုပ်ချုပ်ဆို ဆောင်ရွက်နိုင်ခဲ့သဖြင့် စုစုပေါင်းစိုက်ပျိုးမြေ၏ ၁၃ ဒသမ ၃ ရာခိုင်နှုန်းသာ အာလူးစိုက်ပျိုးခဲ့သော်လည်း အသင်း၏ လုပ်ငန်းအားလုံးမှရရှိသော စုစုပေါင်းအမြတ်၏ ၃၄ ဒသမ ၄ ရာခိုင်နှုန်းအထိ အမြတ်ရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ အမြတ်အစွန်း ပိုမိုရရှိလာသည်နှင့်အမျှ သီးနှံအထွက်တိုး လုပ်ငန်းများကိုတိုးချဲ့လုပ်ဆောင်နိုင်ခဲ့ရာ ထုတ်လုပ်မှုကွင်းဆက်လုပ်ငန်းစဉ်အဖြစ် ကုန်ချောထုတ်လုပ်ခြင်းကိုပါ ဆက်လက်လုပ်ဆောင်နိုင်ခဲ့ကြပါသည်။

(ဂ) နို့စားနွားမွေးမြူရေး သမဝါယမအသင်းချုပ်

နို့စားနွားမွေးမြူရေး သမဝါယမအသင်းချုပ်ကို ၂၀၀၆ ခုနှစ်တွင် ပေကျင်းမြို့၌ တည်ထောင်ခဲ့ပြီး လီဂျီကျောင်း(Ligezhuang) နို့စားနွားမွေးမြူရေးသမဝါယမအသင်းကို Miyun စီရင်စုအတွင်း နို့စားနွားမွေးမြူသည့် သမဝါယမအသင်းများ၊ နို့စားနွားမွေးမြူရေးခြံလုပ်ငန်း ဆောင်ရွက်သည့် တောင်သူများနှင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ Ligezhuang သမဝါယမအသင်းမှ ထုတ်လုပ်ရရှိသည့် နွားနို့ ထွက်ရှိနှုန်းသည် စီရင်စုတစ်ခုလုံးရှိ ထုတ်လုပ်မှု အားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်ရှိပါသည်။ ဈေးကွက်ချဲ့ထွင်နိုင်ရန် ၂၅ တန်ဆံ့ကုန်တင်ကား လေးစီးဝယ်ယူခဲ့ကာ အခြားမြို့များသို့ တိုးချဲ့ ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့သည့်အပြင် ဟီဘေး (Hebei) ပြည်နယ်ရှိ ဆန်းယွန်း (Sanyuan) နို့ထွက်ပစ္စည်းစက်ရုံအနီးတစ်ဝိုက်အထိပို့ဆောင်၍ ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့သဖြင့် ယခင်က လျှော့ဈေးဖြင့်ဈေးနှိမ်ခံ၍ နို့ထွက်ပစ္စည်းစက်ရုံသို့ နွားနို့များရောင်းချခဲ့ကြရသည့် နို့စားနွားမွေးမြူရေးသမားများ၏အခြေအနေကို လုံးဝပြောင်းလဲပေးနိုင်ခဲ့ပါသည်။

(ဃ) ဈေးကွက်ရှာဖွေရေးသမဝါယမအသင်း

ဂျင်ဆု (Jiangsu) ပြည်နယ်ရှိ ဆူးဟီရန်ကျိုး (Suhe Yangzhou) စျေးကွက်ရှာဖွေရေး သမဝါယမ အသင်းကို ရင်းနှီးမြှုပ်နှံငွေ ယွမ် ၂၇ ဒသမ ၁၈၈ သန်းဖြင့် ၂၀၀၉ ခုနှစ် ဩဂုတ်လ ၁၈ ရက်တွင်စတင်ထူထောင်ခဲ့ရာ ထိုရင်းနှီးမြှုပ်နှံငွေများအနက် ယွမ်ခြောက်သိန်းသည် အဖွဲ့ဝင်များ၏ ငွေသားထည့်ဝင်ခြင်းဖြစ်ပြီး ကျန်ငွေများမှာသမဝါယမအသင်း ၂၂ ဖွဲ့၏ ရင်းနှီးမြှုပ်နှံငွေ ဖြစ်ပါသည်။ သမဝါယမအသင်းသည် ကြာမြစ်၊ ကြက်ဥနှင့်ပျားရည်စသည့် ထုတ်ကုန် ၁၇ မျိုး ထုတ်လုပ်ပြီး ၎င်းထုတ်ကုန်များ ကို ရန်ကျိုး (Yangzhou) မြို့ရှိ အရောင်းဆိုင် ခြောက်ဆိုင်သို့ တိုက်ရိုက်ပေးပို့ရောင်းချ၍ စိုက်ပျိုးရေးထွက်ကုန်များအတွက် အရောင်းဈေးကွက်ကို ဖြည်းဖြည်းချင်း တည်ထောင်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။

ဘာကြောင့်အောင်မြင်သလဲ၊ ဘာတွေပြုပြင်ရမလဲ

တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှုလျှော့ချရေးတွင် သမဝါယမကဏ္ဍသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်သည်ကိုတွေ့ရှိရပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်သည်ကို တွေ့ရှိရပေသည်။

အောင်မြင်ရသည့် အကြောင်းရင်းများကို လေ့လာကြည့်ရာတွင် အသင်းအဖွဲ့များ၏ စုပေါင်းအင်အားကြီးမားသည့်အတွက်လုပ်နိုင်သည့် လုပ်ငန်းပမာဏကြီးမားခြင်း၊ ကုန်ချောထုတ်လုပ်မှုအထိ Industrialize ဆောင်ရွက်နိုင်ခြင်း၊ အသင်းအဖွဲ့ဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းကြီးများ ကဲ့သို့ စီးပွားဖြစ်လုပ်ဆောင်နိုင်ခြင်း၊ ရောင်းဝယ် ဖောက်ကားမှုကို E-Commerce စနစ်ဖြင့် ဆောင်ရွက်နိုင်သည့်အတွက် ထိရောက်မြန်ဆန်စွာ ရောင်းချနိုင်ခြင်း၊ လုပ်နိုင်စွမ်းရှိသူများက ဦးစီးရှေ့ဆောင် ဆောင်ရွက်သည့်အတွက် အလုပ်တွင်ပြီး အကျိုးဖြစ်ထွန်းမှုရှိခြင်း၊ ဥပဒေနှင့်မူဝါဒများခိုင်မာစွာချမှတ်ထားရှိပြီး လိုလားချက်နှင့် လိုက်လျော ညီထွေရှိခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း တွေ့မြင်ရပါသည်။

ဤသို့ အောင်မြင်မှုများ အားရဖွယ်တွေ့မြင်ရသကဲ့သို့ တစ်ဖက်တွင်လည်း အခက်အခဲအတားအဆီးနှင့် စိန်ခေါ်မှုများရှိနေသည်ကို တွေ့မြင်ရပါသည်။ လုပ်ငန်းတူအဖွဲ့အချင်းချင်း ပေါင်းစည်းလုပ်ကိုင်ခြင်း (သို့မဟုတ်) ထုတ်လုပ်ဖြန့်ချိရောင်းချသည့် အဆင့်တွင် ပါဝင်သည့်အခြားအဖွဲ့များနှင့် အထက်အောက် ပေါင်းစည်းလုပ်ကိုင်ခြင်းသည် ဈေးကွက်တွန်းအားကြောင့် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်လာခဲ့ရာ တောင်သူသမဝါယမအသင်းများအနေဖြင့် အဓိကစိန်ခေါ်မှု (၃) ရပ် ရင်ဆိုင်ခဲ့သည်ကို တွေ့ရပါသည်-

(က) တောင်သူသမဝါယမအသင်းများ၏ စီမံ ခန့်ခွဲမှုစွမ်းရည်ကိုမြှင့်တင်ရန် လိုအပ်ခြင်း၊

(ခ) တောင်သူသမဝါယမ အသင်းများတွင် ကျွမ်းကျင်ဝန်ထမ်းမရှိခြင်း၊ လိုအပ်ခြင်း၊

(ဂ) မူဝါဒများ၊ သက်ဆိုင်ရာဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများသည် တောင်သူသမဝါယမအသင်းများ၏ ဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဖြည့်ဆည်းမပေး နိုင်ခြင်း။

ထိုစိန်ခေါ်မှု (၃) ရပ်သည် တရုတ်နိုင်ငံအတွက် သာမက မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူထုတ်လုပ်သူ တောင်သူ သမဝါယမအသင်းများအတွက်လည်း ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများပင်ဖြစ်ပါသည်။ သမဝါယမစနစ်သည် စုပေါင်းလုပ်ဆောင်ရခြင်းဖြစ်၍ သွင်းအားစုများပံ့ပိုးခြင်း၊ ဈေးကွက်ရှာဖွေခြင်း၊ ကုန်စည်ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းတို့ကို အစုအဖွဲ့အင်အားဖြင့် အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်သည့် အားသာချက်များရှိပါသည်။ သို့ရာတွင် ထိုသို့လုပ်ဆောင်နိုင်ရန် စီမံခန့်ခွဲမှုအားကောင်းသော လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သကဲ့သို့ အသင်းဝင်အဖြစ် ပါဝင်လိုသူများတွင် အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်လိုသည့် အသင်းအဖွဲ့စိတ်ဓာတ်ရှိရန်လိုအပ်ပါသည်။ အသင်းအဖွဲ့ကို ဦးစီးရှေ့ဆောင် ဆောင်ရွက်သူများသည်လည်း ဈေးကွက်စီးပွားရေးအသိအမြင် ကြွယ်ဝရန်လိုအပ်သည့်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် သမဝါယမအသင်းများတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ပူးပေါင်းပါဝင်ပံ့ပိုးမှုရှိရန် အထူးလိုအပ်လှပါသည်။ သို့မှသာ တန်ဖိုးကွင်းဆက်များ တစ်ခုနှင့်တစ်ခုချိတ်ဆက်၍ လုပ်ငန်းနယ်ပယ်များ တိုးချဲ့လာနိုင်ပြီး အောင်မြင်သောသမဝါယမအသင်း အစုအဖွဲ့များပေါ်ပေါက်လာမည်ဖြစ်ပါသည်။

ထိုသို့ အောင်မြင်သည့် သမဝါယမအသင်းများ ပေါ်ပေါက်လာစေရေးတွင် ခေတ်ကာလနှင့် လိုက်လျောညီထွေရှိစွာ ထိန်းကျောင်းပဲ့ကိုင်နိုင် မည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒများ ခိုင်ခိုင်မာမာချမှတ်ထားရှိမှုသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ပါသည်။ မြန်မာနိုင်ငံ၏လက်ရှိ သမဝါယမအသင်းဥပဒေ (၁၉၉၂) နှင့် နည်းဥပဒေ (၂၀၁၃) တို့သည် အချိန်ကာလတစ်ခု ကြာမြင့်ခဲ့ပြီဖြစ်၍ ၎င်းတို့၏အားသာချက်၊ အားနည်းချက်များကို ပကတိပြန်လည်သုံးသပ်ပြီး မြေပြင်လိုအပ်ချက်နှင့် လိုက်လျောညီထွေမှုရှိအောင် ပြင်ဆင်ရေးဆွဲသွားရန် လိုအပ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။ ။

ကိုးကားစာရင်း

 https://icaap.coop/ICANew/President/assets/BGI%25204%2520China%2520country%2520snapshot.pdf (BGI 4 China country snapshot.pdf)

-         China: Rapid Development of Farmer Cooperatives written by Pro. Ren Dapeng and Wei Rong