Skip to main content

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနှင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှု ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၂) ရက် ကမ္ဘာ့က‌လေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့၏ အရေးပါမှု

အားမာန်(အလရ)

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ ကလေးအလုပ်သမားများ၏ အတိဒုက္ခများ၊ အခက်အခဲများနှင့် ၎င်းတို့ကို မည်သို့သော အကူအညီ အထောက်အပံ့ပေးနိုင်ရေးတို့ကို မီးမောင်းထိုးပြနိုင်ရန်ရည်ရွယ်ပြီး နှစ်စဉ်ဇွန်လ ၁၂ ရက်နေ့ကို “ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်ကာ ၂၀၀၂ ခုနှစ်မှစတင်ပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများပူးပေါင်းကာ ကျင်းပဆောင်ရွက်လျက်ရှိရာ လူမှုတရားမျှတမှုများကို ရရှိစေရေးဖြစ်စဉ်တွင် ကလေးအလုပ်သမားပပျောက်ရေးသည် အရေးပါလှသော ရှုထောင့်တစ်ရပ်တွင်ပါဝင်နေသည်မှာ မုချဖြစ်ပေသည်။

 

ကလေးများအပါအဝင် လူသားတိုင်းဖွံ့ဖြိုးမှု၊ ကောင်းမွန်သော ပညာရေးနှင့်သင့်လျော်သော နေရာထိုင်ခင်းရရှိမှု အခွင့်အရေးရရှိစေရန်နှင့် လေးစားစွာဆက်ဆံခံရမှုရှိစေရန်ဖြစ်ပြီး အဆိုပါ လူမှုတရားမျှတမှု အယူအဆတွင် မည်သူမျှ၎င်းတို့၏ အောင်မြင်မှုနှင့် ဖွံ့ဖြိုးမှုအတွက် ကလေးအလုပ်သမားများအား အသုံးချခြင်းမရှိစေရန် ဖြစ်ပါသည်။

နိုင်ငံတကာတွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အား ကျောင်းသားများနှင့် အသိုက်အဝန်းကြား တာဝန်ရှိမှုအသိအမြင် မြှင့်တင်ရန်နှင့် အသိပညာပေးမျှဝေမှုများ မြှင့်တင်ရန်ရည်ရွယ်၍ အခမ်းအနားများ ကျင်းပပြုလုပ်ကာ အသိအမှတ်ပြုကြပါသည်။ အဆိုပါနေ့တွင် ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ Theme Title ကို ဗဟိုပြုသော အသိပညာပေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများနှင့် အနုပညာနှင့်စာစီစာကုံးပြိုင်ပွဲကဲ့သို့ ဖန်တီးမှုရှိသော လှုပ်ရှားမှုများကို အသားပေး ကျင်းပပြုလုပ်ကြပါသည်။

ယခု ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင် တိုက်ဖျက်ရေးနေ့၏ Theme Title မှာ Let’s act on our commitment: End Child Labour! “ကလေး အလုပ်သမားအဆုံးသတ်ရေး ကျွန်ုပ်တို့၏ ကတိကဝတ်အတိုင်း ဆောင်ရွက်ကြပါစို့ ဖြစ်ပါသည်။

စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် ၈ ဒသမ ၇ ကို လက်ခံကျင့်သုံးခြင်းနှင့်အတူ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းသည် ၂၀၂၅ ခုနှစ် တွင် ကလေးအလုပ်သမားခိုင်းစေမှုပုံစံအားလုံးပပျောက်ရေး ကတိကဝတ်များကို ပြုလုပ်ခဲ့ပါသည်။ ကမ္ဘာတစ်ဝန်းရှိ အစိုးရများသည် ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ILO ပြဋ္ဌာန်းချက်အမှတ် ၁၈၂ ကို မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၈၇ နိုင်ငံနှင့် ILO ပြဋ္ဌာန်းချက်အမှတ် ၁၃၈ ကို အဖွဲ့ဝင် နိုင်ငံ ၁၇၆ နိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးထားပြီး အကောင်အထည်ဖော် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။

ယခု ၂၀၂၄ ခုနှစ် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့သည် အဆိုးရွားဆုံး ပုံစံဖြင့် က‌လေးအလုပ်သမားခိုင်းစေမှုဆိုင်ရာ ILO ပြဋ္ဌာန်းချက်အမှတ် ၁၈၂ (၁၉၉၉) ကို နိုင်ငံတကာ အတည်ပြုလက်မှတ်ရေးထိုးသည့် ပထမဆုံးသော အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက် ကျင့်သုံးခြင်း၏ (၂၅) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်းကို အလေးထား ဆောင်ရွက်ခြင်းဖြစ်သည်ဟု လေ့လာသိရှိရပါသည်။

အခွင့်အလမ်းများ ဆုံးရှုံးနေသည့် သန်းပေါင်း များစွာသော ကလေးအလုပ်သမားများ၏ ငယ်ရွယ်နုပျိုမှု၊ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ ကလေးအလုပ်သမားများ၏ ပျံ့နှံ့နေသည့်ပြဿနာများကို အာရုံစူးစိုက်မှုရှိစေရန်အတွက် အဆိုပါနေ့သည် အ‌ရေးကြီးပါသည်။ ထို့ပြင်ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်သည့် လုပ်ဆောင်ချက်များတွင် ကလေးများ လုပ်ငန်းခွင်တွင်မရှိစေရဘဲ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြား နိုင်ရေးအတွက် မူဝါဒများချမှတ်၍ အစိုးရ၊ အဖွဲ့အစည်းများနှင့် တစ်ဦးချင်းပါဝင်လာစေရေးအတွက် စည်းရုံးလှုံ့ဆော်ပေးပါသည်။

ကမ္ဘာ့က‌လေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့သည် ကလေးသူငယ်များ၏ အခွင့်အရေးချိုးဖောက်ခံရမှုကို အဆုံးသတ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ အာရုံစူးစိုက်မှုကိုရရှိပြီး ကလေးအလုပ်သမားများ၏ ပြဿနာကိုကူညီပေးရန် စုပေါင်းလုပ်ဆောင်မှုကို လှုံ့ဆော်ပေးပါသည်။ ယင်းနေ့သည် အဆိုပါပြဿနာအား ရင်ဆိုင်ဖြေရှင်းရန် အရေးပေါ်လိုအပ်ချက်၏ အသိပေးမှုတစ်ခု အဖြစ်ဆောင်ရွက်ပြီး အသိပညာပေးမှုနှင့် ထောက်ခံအားပေးမှု၊ အပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွတ်မှု၊ မူဝါဒနှင့်ဥပဒေရေးရာဆောင်ရွက်ချက်၊ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှု၊ ကလေးသူငယ်အခွင့်အရေးများနှင့် လူမှုဘဝဖူလုံမှုစသည့်ကဏ္ဍများအား အလေးထားဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါသည်။

ကလေးအလုပ်သမားဖြစ်ပေါ်လာမှု

Child labour, Global Estimate 2020, Trends and The Road Forward အရ ဆင်းရဲနွမ်းပါးမှု တစ်ရာခိုင်နှုန်း တိုးလာသည်နှင့်အမျှ နိုင်ငံအသီးသီးတွင် ကလေးအလုပ်သမား အနည်းဆုံး ၈ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပေါ်လာစေနိုင်သည်ကို ဖော်ပြနေပြီး ကလေးသူငယ်ဦးရေ ၁၀ ဦးတွင် တစ်ဦးနှုန်း ကလေးအလုပ်သမားဖြစ်နေသောကြောင့် ၂၀၁၆ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ ကလေးအလုပ်သမား စုစုပေါင်း ၁၅၂ သန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကလေးအလုပ်သမား စုစုပေါင်းသန်း ၁၆၀ ရှိသဖြင့် လေးနှစ်တာ ကာလအတွင်း ကလေးအလုပ်သမား ရှစ်သန်းကျော်တိုးလာပြီး ၎င်းတို့အနက် ၆ ဒသမ ၅ သန်းသည် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရကြောင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မိသားစုအားလုံးနီးပါး၏ စားဝတ်နေရေးအတွက် ကလေးအလုပ်သမားများက ကူညီဖြေရှင်းမှု ယန္တရားတစ်ခုဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ကမ္ဘာတစ်ဝန်း၌ ကလေးအလုပ်သမား ၈ ဒသမ ၉ သန်းနီးပါး တိုးလာသည်ဟု လေ့လာသိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်နှစ်စဉ် လုပ်သားအင်အား စစ်တမ်းအစီရင်ခံစာ (ပထမအကြိမ်) အရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၇ နှစ်အကြား ကလေးဦးရေ ၁၂ ဒသမ ၃၃ သန်းအနက် အလုပ်လုပ်ကိုင်နေသော ကလေးဦးရေ သုညဒသမ ၃၇ သန်း၊ ကလေးလုပ်သားဦးရေ သုညဒသမ ၂၉ သန်းနှင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်များရှိ ကလေးလုပ်သားဦးရေ သုညဒသမ ၂၅ သန်းရှိသည်ဟု သိရှိရပါသည်။

ကမ္ဘာ့နိုင်ငံအများအပြားတွင် ကလေးအလုပ်သမားများကို အလုပ်ခိုင်းစေနေကြဆဲဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကလေးအလုပ်သမားများကို ပိုမိုတွေ့မြင်ရပါသည်။ ကလေးအလုပ်သမားပုံစံအများစုတွင် စိုက်ပျိုးရေး၊ မိုင်းတူးဖော်ရေး၊ ထုတ်လုပ်ရေး၊ အိမ်အကူအလုပ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများပါဝင်ပါသည်။ ကလေးသူငယ်များသည် အများအားဖြင့် အခကြေးငွေအနည်းငယ် သို့မဟုတ် အခကြေးငွေမရရှိဘဲ အန္တရာယ်ရှိသောအခြေအနေတွင် လုပ်ကိုင်လျက်ရှိပါသည်။ အခြေခံအကြောင်း တရားများမှာ ဆင်းရဲနွမ်းပါးမှုနှင့် မိသားစုဦးရေများပြားမှု၊ အခြေခံပညာနိမ့်ပါးမှု၊ ရှေးရိုးစွဲလူမှုဓလေ့ထုံးစံများ လက်ခံကျင့်သုံးနေမှုတို့ဖြစ်ပြီး ယေဘုယျအကြောင်းတရားများအနေဖြင့် အကြောင်းခြင်းရာ အလိုက်အမျိုးမျိုးရှိနိုင်၍ ဥပမာအားဖြင့် တိုင်းပြည်ရှိလူတစ်ဦးချင်း ဝင်ငွေနိမ့်ကျမှု၊ အလုပ်အကိုင်အခွင့် အလမ်းနည်းပါးမှု၊ မကြာခဏရွှေ့ပြောင်းသွားလာ လုပ်ကိုင်မှု၊ မိသားစုအတွင်း ကလေးများပြားခြင်းနှင့် မိမစုံ၊ ဖမစုံဖြစ်မှု၊ လူကြီးလုပ်သားရှားပါးခြင်းနှင့် လုပ်အားခသက်သာမှု၊ စစ်ပွဲများနှင့်ဒေသတွင်း ပဋိပက္ခဖြစ်မှု၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှု၊ ပတ်ဝန်းကျင်၏ စည်းရုံးလှုံ့ဆော်မှု၊ ဥပဒေစည်းကြပ် ခြင်းအားနည်းမှု စသည်တို့ဖြစ်ပါသည်။

ကလေးသူငယ်များ လုပ်ကိုင်သမျှ အလုပ်အားလုံးကို ကလေးအလုပ်သမားဟုဆိုလိုခြင်း မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကလေးအလုပ်သမား (Child Labour) ဆိုသည်မှာ ၎င်း၏ကလေးဘဝ၊ ရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကိုကင်းမဲ့စေပြီး ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုးကို လုပ်ကိုင်နေရသူများကိုဆိုသည်။ ထိုအလုပ်မျိုးသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စာရိတ္တပိုင်းဆိုင်ရာကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုး သို့မဟုတ် ၎င်းတို့၏ ပညာသင်ကြားရေးကို ထိခိုက်စေမည့် ကျောင်းတက်ရန် အခွင့်အလမ်း ရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတန်မီကျောင်းမှ မဖြစ်မနေ ထွက်ရခြင်းနှင့် ကျောင်းတက်ခြင်းနှင့် အတူပြင်းထန်သောအလုပ်ကို အချိန်ကြာမြင့်စွာ လုပ်ကိုင်နေရခြင်းတို့ ဖြစ်ပါသည်။

အလုပ်လုပ်သော ကလေးသူငယ်များ (Working Children) ဆိုသည်မှာ ကလေးသူငယ်များအနေဖြင့် နေအိမ်တွင်လည်းကောင်း၊ မိသားစုပိုင်လယ်ယာအလုပ်ခွင်တွင် လည်းကောင်း၊ မိသားစုပိုင်စီးပွားရေးလုပ်ငန်းတွင်လည်းကောင်း လုပ်ကိုင်ခြင်းသို့မဟုတ် အခြားဝန်မပိသော အလုပ်အကိုင်အမျိုးအစား (ကျန်းမာရေးသို့မဟုတ်ဖွံ့ဖြိုး တိုးတက်ရေးကို ထိခိုက်အန္တရာယ်ဖြစ်ဖွယ်ရာမရှိသော အလုပ်အကိုင်၊ ကျောင်းတက်ခြင်း၊ လုပ်ပိုင်ခွင့်ရှိသော ဥပဒေအရခွင့်ပြုထားသည့် အသက်မွေးဝမ်းကျောင်း၊ လမ်းညွှန်သင်ကြားခြင်း သို့မဟုတ် လေ့ကျင့်သင်ကြားခြင်း အစီအစဉ်များတွင်ပါဝင်ခြင်း သို့မဟုတ် လက်ခံရရှိသော ညွှန်ကြားချက်များမှ အကျိုးကျေးဇူးဖြစ်ထွန်းနိုင်သည့် စွမ်းရည်ကို မထိခိုက်စေသောအလုပ်များ) လုပ်ကိုင်ရခြင်းဖြစ်ပါသည်။

အန္တရာယ်ရှိသောအလုပ်ကို လုပ်ကိုင်လျက်ရှိသော ကလေးအလုပ်သမားဆိုသည်မှာ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ လူမှုရေးနှင့်ကိုယ်ကျင့်သီလကို ထိခိုက်စေပြီး အချိန်ကာလ ကြာမြင့်စွာနှင့် ပြင်းထန်စွာလုပ်ကိုင်သည့်အလုပ်များ အပါအဝင်ကလေးအား အန္တရာယ်ဖြစ်စေသည့် အလုပ်များကို လုပ်ကိုင်နေသည့် ကလေးအလုပ်သမားများ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ကလေးအလုပ်သမားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးသည့် ကလေးအလုပ်သမားဥပဒေ သီးခြားမရှိသေးသော်လည်း စပ်ဆိုင်သည့်ဥပဒေများအနေဖြင့် ရာဇသတ်ကြီးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေ၊ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပ‌ဒေ၊ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ၊ ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ၊ ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေတို့ဖြင့် ၎င်းတို့ကို အကာအကွယ်ပေးပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါသည်။

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံတွင်လည်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို Focal ဌာနအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်ဇွန်လ ၁၂ ရက်နေ့တွင်ကျရောက်သည့် “ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ပြည်သူများအကြား ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစဉ်များ၊ အသိအမြင်ဗဟုသုတများ ပိုမိုရရှိစေရန်အတွက် ၂၀၁၄ ခုနှစ်မှစတင်ပြီး ၂၀၁၉ ခုနှစ် အထိ (၆) ကြိမ်မြောက် ကျင်းပဆောင်ရွက်ခဲ့ပြီးအစိုးရ၊ အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမား အဖွဲ့အစည်းများမှ အထိမ်းအမှတ် Statement ဖတ်ကြားခြင်း၊ Panel Discussion ပြုလုပ်ခြင်း၊ လူမှုအဖွဲ့အစည်းများမှ ကလေးအလုပ်သမားဆိုင်ရာ ပညာပေးဇာတ်လမ်းတိုများ သရုပ်ပြဖျော်ဖြေခြင်း၊ Video Clip ပြသခြင်း၊ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အနေဖြင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ စက်မှုဇုန် ရုံးများအလိုက် တာဝန်ခံစစ်ဆေးရေးအရာရှိများက စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများရှိ လုပ်ငန်းပိုင်ရှင်၊ မန်နေဂျာ၊ ကြီးကြပ်သူများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်သမားများအား စည်းကြပ်ဥပဒေရှိ ကလေးအလုပ်သမားဆိုင်ရာ ပြဋ္ဌာန်းချက်များကို အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစဉ်ဆောင်ရွက်ခဲ့မှု

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမား ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် ILO Convention 182 ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အတည်ပြုလက်မှတ်ရေးထိုးပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် စတင်အာဏာသက်ဝင်ကျင့်သုံးခဲ့ရာ မြန်မာနိုင်ငံရှိ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသော အလုပ်လုပ်သော ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍ အလုပ်သမားဝန်ကြီးဌာနသည် Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်ပြီး အစိုးရဌာန၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများ၊ ILO၊ UNICEF တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်း ပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန်၊ ဥပဒေအရတရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအကာအကွယ်ပေးရန်၊ အန္တရာယ်ရှိသောအလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် က‌လေးအလုပ်သမားများအားဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်ရည်ရွယ်၍ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အစိုးရဌာနများ၊ အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများဖြင့် အလုပ်ရုံဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ကာ ရေးဆွဲခဲ့ပါသည်။

အမျိုးသားအဆင့်လုပ်ငန်းစီမံချက်

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ကာလတို၊ ကာလရှည်အပိုင်းနှစ်ပိုင်းခွဲ ဆောင်ရွက်သွားရန်နှင့် ကာလတို (၅) နှစ် စီမံကိန်းသုံးကြိမ်ဖြင့် ကာလရှည် (၁၅) နှစ်စီမံကိန်း သတ်မှတ်ဆောင်ရွက်သွားရန် လျာထားပြီးပထမ (၅) နှစ်စီမံကိန်းအား ခိုင်မာတိကျသော အခြေခံအချက်အလက်များ ကောက်ယူခြင်း၊ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပညာရေးနှင့်အသက်မွေး ဝမ်းကျောင်းပညာအခွင့်အလမ်းများ ဖန်တီးခြင်း၊ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ရေးဆွဲမှုနှင့် အကောင် အထည်ဖော်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသော ကလေးအလုပ်သမားများအား ဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားခြင်း၊ မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းစသည့် ရည်မှန်းချက် (၆) ရပ်ဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်သွားရန် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို မူအားဖြင့် အတည်ပြုခဲ့ပါသည်။

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ပထမ (၅) နှစ်စီမံချက်ပါ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅) ခုအနက် ကနဦးစီမံချက် နယ်မြေ များဖြစ်သော ပဲခူးတိုင်း‌ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဦးစားပေးနယ်ပယ် (၂) ခု ဖြစ်သည့် စက်မှုကုန်ထုတ်ကဏ္ဍ၊ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးကဏ္ဍတို့ရှိ ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

အမျိုးသားကော်မတီဖွဲ့စည်းခြင်း

မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ဒုတိယသမ္မတ (၁) ဦးဆောင်ပြီး အဖွဲ့ဝင် ၃၇ ဦး ပါဝင်သည့် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီကို ပြည်ထောင်စုအစိုးရ အဖွဲ့က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ လုပ်ငန်းတာဝန် (၈) ရပ် သတ်မှတ်ကာ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနက ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၃၆ ဦးဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၁၈၀/၂၀၂၃) ဖြင့် သတ္တမအကြိမ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းစီမံချက်ကို အမျိုးသားအဆင့် လုပ်ငန်းကော်မတီ (၈) ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

အမျိုးသားကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ဆိုင်ရာ အခြေခံဗဟုသုတများပြန့်ပွားစေရေးအတွက် အသိပညာနှင့် ဗဟုသုတများတိုးမြင့်လာစေရန်၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လိုအပ်သည့်ဥပဒေများကို ပြင်ဆင်ရေးဆွဲရန်၊ ကလေးအလုပ်သမားပြဿနာအပေါ် ဖြေရှင်းနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်၊ တာဝန်ဝတ္တရားများချမှတ်၍ တိုးတက်မှုကို အကဲဖြတ်ခြင်းဖြင့် ရေရှည်တွင် ကလေးအလုပ်သမား လျော့နည်းပပျောက်ရန်ဖြစ်ကြောင်း သိရှိရပါသည်။

အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ကာလတို ပထမ (၅) နှစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉ - ၂၀၂၃ ခုနှစ်) အား ဦးစားပေးလုပ်ငန်းကဏ္ဍ (၂) ခုဖြစ်သည့် စက်မှုကုန်ထုတ်ကဏ္ဍနှင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍများတွင် အသက် (၁၄)နှစ်အောက်နှင့် (၁၄) နှစ်မှ (၁၈) နှစ် အကြား အုပ်စု (၂) စုခွဲခြားပြီး ကလေးအလုပ်သမား ပပျောက်ရေးအတွက် အမျိုးသားကော်မတီ၏ လုပ်ငန်းကော်မတီ (၈) ရပ်တို့မှ အညွှန်းကိန်းရလဒ်များရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ပထမငါးနှစ်စီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်) ၏ ဦးစားပေး စီမံကိန်းနယ်မြေ (၅) ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် သာမကချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင် ကလေးလုပ်သား စစ်တမ်းကောက်ယူနိုင်ခဲ့ခြင်း၊ အသိပညာပေးလုပ်ငန်းများအနေဖြင့် ပြည်သူ့စကားဝိုင်းအကြိမ် (၂၀)၊ Talk Show (၆၇) ကြိမ်၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ (၅၉၂) ကြိမ်၊ ဟောပြောပွဲ (၁၉၂) ကြိမ်၊ ဝတ္ထုလေးပုဒ်၊ ကာတွန်း ဇာတ်လမ်းသုံးပုဒ်၊ အသိပညာပေးဆောင်းပါး (၁၁) ပုဒ်ကို အများပြည်သူ သိရှိနိုင်စေရေး ဆောင်ရွက်နိုင်ခဲ့ခြင်း၊ ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများ ထောက်ပံ့ပေးခြင်း၊ ကျောင်းပြင်ပပညာရေးအစီအစဉ်ဖြင့် အခြေခံပညာနှင့် သက်မွေးပညာများကို ဒေသအလိုက် သင်ကြားဆောင်ရွက်ခြင်း၊ ဘာသာရပ် (၁၀)ခုကို ကလေးဗဟိုပြုချဉ်းကပ်နည်း အပါအဝင် ထိရောက်သောသင်ကြားသင်ယူမှုနည်းများကိုအသုံးပြု၍ သင်ကြားနိုင်စေရန် ကျောင်းသားကိုင် ဖတ်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များကို ရေးသားပြုစုဆောင်ရွက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများအား ဖန်တီးပေးရာတွင် စက်မှုလက်မှု၊ စားသောက် ကုန်ထုတ်လုပ်မှု၊ အလှပြင်သင်တန်းများ၊ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် ဒေသလိုအပ်ချက်များနှင့် ကိုက်ညီသောကာလတို သက်မွေးပညာသင်တန်းများကို ရွေ့လျားသင်တန်း စနစ်ဖြင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း နေပြည်တော်ကောင်စီနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ကလေးလုပ်သား စစ်တမ်းကောက်ယူနိုင်ခဲ့ ခြင်း၊ အသိပညာပေး ဆောင်ရွက်နိုင်မှုအနေဖြင့် Talk Show (၅၁၂) ကြိမ်၊ နံရံကပ်စာစောင် အကြိမ် (၆၂၀)၊ သတင်း (၁၅၉) ပုဒ်၊ ဆောင်းပါး (၁၅) ပုဒ်၊ ကာတွန်းငါးပုဒ်၊ ဝတ္ထုလေးပုဒ်၊ ဆွေးနွေးပွဲ (၁၄) ကြိမ်၊ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများအား ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့မှအပ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများသင်ကြားပို့ချခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရာတွင် လူဦးရေ ၂၈၉၅၆၉ ဦးအား အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးခြင်းနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစား ရေးလုပ်ငန်းအနေဖြင့် ကလေးအလုပ်သမား ၂၉ ဦးအား အထောက်အပံ့ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်အတွင်း ကလေးအလုပ်သမား ပပျောက်ရေးနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်‌ ဆောင်ရွက်နိုင်မှုအနေဖြင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကလေးလုပ်သား စစ်တမ်းကောက်ယူနိုင်ခဲ့ခြင်း၊ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးလုပ်ငန်းများအား Talk Show အကြိမ်(၅၈၀)၊ နံရံကပ်စာစောင် (၁၇၂၃) ကြိမ်၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း (၄၅) ကြိမ်၊ ဓာတ်ပုံ/ စာအုပ်စာစောင်ပြပွဲ (၇၂) ကြိမ်၊ ဆွေးနွေးပွဲ (၁၉) ကြိမ်၊ ဟောပြောပွဲ (၄၆၈) ကြိမ်၊ အသိပညာပေးနိုင်ခဲ့ခြင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၂၅၆) ကြိမ်၊ အားကစား/ ကိုယ်လုံပညာသင်တန်း (၁၂၅) ကြိမ်၊ မြေစိုက်ပိုစတာကိုးခု စိုက်ထူခြင်း၊ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများအား သင်ကြားပို့ချ နိုင်မှုအနေဖြင့် ချင်းပြည်နယ်မှအပ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ကြားပို့ချခဲ့ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးအတွက် သက်မွေးဝမ်းကျောင်းပညာ သင်တန်းအမျိုးအစား (၃၀) ကို လုပ်ငန်းကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများမှ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လူဦးရေစုစုပေါင်း ၁၉၅၆၆၂ ဦးအား အလုပ်အကိုင်ရရှိနိုင်ရေး ဆောင်ရွက်ပေးခြင်းနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းအနေဖြင့် ကလေးသူငယ် ၁၃ ဦးအား အထောက်အပံ့ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

ရှေ့လုပ်ငန်းစဉ်

ပထမ (၅) နှစ်စီမံချက် လုပ်ငန်းဆောင်ရွက်ချက်သည် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်တစ်ခုလုံး အောင်မြင်စေရန် အလွန်အရေးပါ သည့် အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် အမျိုးသားကော်မတီအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင် ၍ ၂၀၂၃ ခုနှစ်ကာလအထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ပထမ (၅) နှစ် စီမံချက်၏ ရည်မှန်းချက်များအပေါ် ရလဒ်ကောင်းများရရှိစေရန် လုပ်ငန်းတာဝန်များနှင့်အညီ ရေရှည်စီမံချက်၊ ရည်မှန်းချက်များ အောင်မြင်ပြီးမြောက်နိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်ကြုံတွေ့ရသည့် အားနည်းချက်၊ အားသာချက်များအပေါ် ပြန်လည်သုံးသပ်၍ ဒုတိယငါးနှစ်လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) ကိုရေးဆွဲ၍ ထိရောက်အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်အောင်မြင်ဖို့ လက်တွေ့လုပ်ဆောင်ကြပါစို့

နိုင်ငံတော်အနေဖြင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးကို နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့ပြီး အမျိုးသားကော်မတီသည် ချမှတ်ရေးဆွဲထားသည့် လုပ်ငန်းစဉ်နှင့် စီမံချက်များအတိုင်း ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ အလုပ်ရှင်နှင့်အလုပ်သမားအဖွဲ့အစည်းများ၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက် လျက်ရှိရာ ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့နှင့် အထိမ်းအမှတ်လှုပ်ရှားမှုများအား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုပါကြောင်းနှင့် ယခုနှစ်ဆောင်ပုဒ်ပါ ရည်မှန်းချက်အတိုင်း ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ပိုမိုအလေးထား လုပ်ဆောင်သွားကြမည်ဟု ယုံကြည်မိပါကြောင်း ရေးသားလိုက်ရပါသည်။ ။