Skip to main content

အာဆာအကြမ်းဖက်အဖွဲ့ရဲ့ နောက်ကွယ်ကရည်ရွယ်ချက်

ဇင်ငြိမ်း

အာဆာအကြမ်းဖက်အဖွဲ့ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းအတွင်းမှာ အာဆာအဖွဲ့ရဲ့ ခြောက်နှစ်မြောက်နှစ်ပတ်လည်နေ့ ကျင်းပခဲ့တာကို တွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ပွဲဦးဆောင်သူတွေအနက် နှစ်ဦးကို ဖမ်းဆီးစစ်ဆေး နေပြီး အခြားပါဝင်သူတွေကိုလည်း လိုက်လံရှာဖွေ နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့မှ လက်ထောက် ရဲအုပ် Faruk Ahmed ကပြောကြားခဲ့ပါတယ်။ ဖမ်းဆီးခံထားရတဲ့သူနှစ်ဦးကတော့ Mohammad Joynal (၃၂ နှစ်)နဲ့ Bakkar Uddin (၁၉ နှစ်) တို့ ဖြစ်တယ်လို့ အောက်တိုဘာလ ၁၁ ရက်နေ့ Radio Free Asia သတင်းစာမျက်နှာမှာ ဖော်ပြထား ပါတယ်။ သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အူခီးယား ဘာလူခါလီစခန်း နံပါတ် (၁၀) မှာ အောက်တိုဘာလ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တို့က ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

အာဆာအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခြေကုပ်ယူပြီး ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်း ဖက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ လုပ်နေတဲ့အကြမ်းဖက် အဖွဲ့ အစည်းပဲဖြစ်ပါတယ်။

ဝါဒဖြန့်တာလို့ ခန့်မှန်းရ

အာဆာအဖွဲ့အနေနဲ့ သူတို့ကို နိုင်ငံတကာက စိတ်ဝင်စားလာအောင် ယခုလို နှစ်ပတ်လည်နေ့ ကျင်းပပြီး ဝါဒဖြန့်တာလို့ ခန့်မှန်းရပါတယ်။ အာဆာအဖွဲ့ဟာ တကယ်တော့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့အရေးအခင်းကို စတင်ခဲ့တဲ့အဖွဲ့လို့ ပြောနိုင် ပါတယ်။ အာဆာအဖွဲ့အနေနဲ့ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးနဲ့ အချိန်ကိုက် ၂၀၁၃ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး စတင်ဖွဲ့စည်းတာကတော့ Harakah al-Yaqin အာရပ်စကားနဲ့ (ယုံကြည် ချက်အခြေခံလှုပ်ရှားမှု) လို့ အဓိပ္ပာယ်ရတဲ့ အမည် နဲ့တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ ARSA (Arakan Rohingya Salvation Army) လို့ အမည်ပြောင်းလဲခဲ့ပါတယ်။

ပြောင်းလဲလိုက်တဲ့နာမည်ကို ကြည့်ရင် ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်ပြီဖြစ်ပါတယ်။ အာဆာ အဖွဲ့ စတင်ဖွဲ့စည်းတဲ့အချိန်၊ တိုက်ခိုက်မှု၊ နာမည် ပြောင်းလဲမှုနဲ့ နောက်ခံအခြေအနေတွေကို ဆက်စပ် ကြည့်ရင် အာဆာအဖွဲ့ ဘာကြောင့်ပေါ်ပေါက် လာတယ်၊ ဘာကိုရည်ရွယ်တယ်၊ ဘယ်သူတွေက ကျောထောက်နောက်ခံ ပြုပေးထားတယ်နဲ့ နောက်ကွယ်မှာ ဘယ်သူတွေက ကြိုးကိုင်နေတယ် ဆိုတာကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

အာတာအူလာက ဦးဆောင်

မြန်မာ့အသွင်ကူးပြောင်းရေးနဲ့အတူ ၂၀၁၃ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ အာဆာအဖွဲ့ကို အာတာ အူလာက ဦးဆောင်ခဲ့ပါတယ်။ အာတာအူလာဟာ ဆော်ဒီအာရေးဗီးယားမှာ နေထိုင်သူဖြစ်တယ်လို့ အိုင်စီဂျီ (International Crisis Group) က ထုတ်ဝေ တဲ့ “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အသစ်ထွက်ပေါ် လာသော သူပုန်ထမှု” ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

အာတာအူလာကို ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ မွေးဖွားခဲ့တာလို့ဆိုပါတယ်။ အာဆာစတင် ဖွဲ့တဲ့အချိန်တုန်းက အဖွဲ့ရဲ့ထိပ်တန်းခေါင်းဆောင် ၂၀ ခန့်ဟာ မက္ကာမှာ ရုံးထိုင်ပြီး မက်ဒီနာမှာလည်း အနည်းဆုံး ကော်မတီဝင်တစ်ယောက် ရုံးထိုင် ကြောင်း အိုင်စီဂျီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါကိုကြည့်ရင် အာဆာအဖွဲ့ဟာ ၂၀၁၁ ခုနှစ် မြန်မာ နိုင်ငံမှာပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခွင့်အလမ်း သစ်တွေကို အသုံးချလိုတဲ့နိုင်ငံတွေနဲ့ အဖွဲ့အစည်း တွေက အာဆာအဖွဲ့ကို မွေးထုတ်ပေးခဲ့တာပါပဲ။

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီအရေးကို အကြောင်းပြပြီး အမြတ်ထုတ်လိုတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်း တွေက ခါတော်မီအာဆာအဖွဲ့ကို သူတို့နဲ့နီးစပ်တဲ့ နိုင်ငံတွေမှာအခြေပြုပြီး စင်တင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း အာဆာအဖွဲ့ဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်းကတည်းက ဘင်္ဂါလီရွာတွေမှာ သင်တန်းတွေပေးခဲ့ကြတယ်လို့ အိုင်စီဂျီက ထုတ်ဖော်ထားပါတယ်။ စိတ်ဝင်စားစရာကောင်းတာက သင်တန်းပေးတဲ့သူတွေပဲ ဖြစ်ပါတယ်။ သင်တန်းပေးတဲ့သူတွေက ဝါရင့်ဘင်္ဂါလီတွေ၊ ပါကစ္စ တန်နဲ့ အာဖဂန်နစ္စတန်တို့မှာ အတွေ့အကြုံရှိခဲ့ဖူး သူတွေ ဖြစ်နေလို့ပါပဲ။ ထူးခြားမှုက နိုင်ငံတကာ မှာရှိတဲ့ ဘင်္ဂါလီတွေနဲ့ မွတ်စလင်တွေရဲ့ လှူဒါန်း ငွေတွေကို အာဆာအဖွဲ့က လက်ခံရရှိနေတယ် ဆိုတာပဲဖြစ်ပါတယ်။ ဒီအချက်ဟာ အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဘင်္ဂါလီအရေးကိစ္စရဲ့ အရင်းခံ အကြောင်းတရားဖြစ်သလို အာဆာအဖွဲ့ဆိုတာ ဘာရည်ရွယ်ချက်နဲ့ ရပ်တည်သလဲဆိုတာရဲ့ အဖြေ ပဲဖြစ်ပါတယ်။

အကွက်ကျကျစီစဉ်ဆောင်ရွက်ခဲ့

ရခိုင်ပြည်နယ်က ဘင်္ဂါလီကိစ္စကိုကြည့်ရင် အကွက်ကျကျစီစဉ်ဆောင်ရွက်ခဲ့တဲ့ အထောက် အထားတွေကို တွေ့နိုင်ပါတယ်။ ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကိစ္စအတွက် လတ်တလော ပြဿနာတွေဖြေရှင်းရေး၊ ရေရှည်ဖြေရှင်းရေးတို့ အတွက် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။ အဲဒီကော်မရှင် အဖွဲ့မှာဆိုရင် ဘာသာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ က ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ အယူအဆ၊ ရှုထောင့်နဲ့ သဘောထားမျိုးစုံပါဝင် ဖွဲ့စည်းထားတာကို တွေ့နိုင်ပါတယ်။ အဲဒီကော်မရှင်ရဲ့ အစီရင်ခံစာမှာဆိုရင်လည်း လူမျိုးရေးပဋိပက္ခတွေ ပြေလည်ဖို့နဲ့ အဲဒီလိုပဋိပက္ခတွေ ထပ်မံမဖြစ်ပွားဖို့ ရေတို၊ ရေရှည် အကြံပြုတိုက်တွန်းထားတာတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ ၂၀၁၆ ခုနှစ် အစိုးရအပြောင်းအလဲမှာ ယခင်အစိုးရလက်ထက်က ရခိုင်ပြည်နယ် ပဋိပက္ခ များ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကိုပစ်ပယ်ပြီး ရခိုင်ပြည်နယ်အတွင်း ကိစ္စရပ်တွေကို ဖြေရှင်းရာမှာ အကြံပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး အဲဒီကော်မရှင်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ဥက္ကဋ္ဌအဖြစ် တာဝန် ပေးခဲ့ပါတယ်။

ဒီလိုဖွဲ့စည်းပေးလိုက်မှုကြောင့် မြန်မာနိုင်ငံအပေါ်အမြတ်ထုတ်ဖို့ ချောင်းနေတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ကျော့ကွင်းထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့ပါတယ်။ ကိုဖီအာနန် ကော်မရှင်ဖွဲ့ပြီးတာနဲ့တစ်ပြိုင်နက် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ အာဆာအင်အား ၄၀၀ ခန့်က ရခိုင်ပြည်နယ်က မောင်တောနဲ့ ရသေ့ တောင်မြို့နယ်တွေမှာရှိတဲ့ ရဲကင်းစခန်းသုံးခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုတွေလုပ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ကိုးဦးနဲ့ အရပ်သား ၁၀၀ ကျော်သေဆုံး ခဲ့ရပါတယ်။

ဒီဖြစ်စဉ်ကိုကြည့်ရင် ကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်ဖွဲ့စည်းတာနဲ့ အာဆာအဖွဲ့တို့ တိုက်ခိုက် တာ ချိန်ကိုက်ထားသလို တွေ့ရမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကို ဖိအားပေး နိုင်တဲ့ လမ်းစရဖို့အတွက် အာဆာအဖွဲ့ကို အသုံးချ ဖော်ဆောင်သွားတာလို့ ပြောနိုင်ပါတယ်။ အာဆာ အဖွဲ့ကို အသုံးချနိုင်ဖို့ အတွက် လက်သပ်မွေးခဲ့တာကို အိန္ဒိယအခြေစိုက် Economic Times သတင်းစာမှာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၇ ရက်နေ့က ဖော်ပြ ထားတာကို တွေ့ရပါတယ်။ အာဆာအကြမ်းဖက် အဖွဲ့ကို ပါကစ္စတန် အမျိုးသားထောက်လှမ်းရေး အေဂျင်စီ (ISI) က လေ့ကျင့်သင်ကြားပေးနေတာလို့ သတင်းစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်ဒုက္ခသည် စခန်းမှာရှိတဲ့ ဘင်္ဂါလီတွေကို အကြမ်းဖက်အဖွဲ့လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက သတ်မှတ်ထားတဲ့ ဂျမား ဘူမူဂါဟစ်ဒင် ဘင်္ဂလားဒေ့ရှ် (JMB) အဖွဲ့က လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလသတင်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီအဖွဲ့တွေကို ပင်လယ်ကွေ့နိုင်ငံတစ်နိုင်ငံနဲ့ မလေးရှားတို့က အမေရိကန်ဒေါ်လာ ၁၁၇၀၀၀ ထောက်ပံ့မှုနဲ့ JMB အဖွဲ့က ဘင်္ဂါလီအယောက် ၄၀ ကို လေ့ကျင့်သင်ကြားပေးခဲ့တာလို့ DW သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီသတင်းမှာပဲ ပါကစ္စတန် အမျိုးသားထောက်လှမ်းရေးအေဂျင်စီ (ISI) ဟာ လေ့ကျင့်သင်ကြားပေးမှု နောက်ကွယ်မှာ ရှိနေ ကြောင်းဖော်ပြထားပြီး အိန္ဒိယအစိုးရက ဘင်္ဂလား ဒေ့ရှ်အစိုးရအရာရှိတွေနဲ့ နယ်စပ်လုံခြုံရေး အရာရှိတွေကို အသိပေးထားကြောင်းလည်း ဖော်ပြထားပြီး ISI ပါဝင်နိုင်ကြောင်း ဘရပ်ဆဲလ်မြို့မှာ အခြေစိုက်တဲ့ တောင်အာရှဒီမိုကရက်တစ်ဖိုရမ်မှ အကဲခတ်သူ ဆစ်ဖရိုင်းအိုဝုလ်ဖ်က ပြောကြားခဲ့ပါတယ်။

ဒီသတင်းဖော်ပြချက်တွေကိုကြည့်ရင် အာဆာအဖွဲ့ကို အသုံးချပြီး မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ဖိအားပေးဖို့နဲ့ ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂါလီ အခွင့်အရေးတွေရဖို့ဆိုတာ ထင်ထင်ရှားရှားတွေ့ရ မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားတွေပေးဖို့အတွက် အာဆာအဖွဲ့ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့နောက်ပိုင်းကစပြီး ရခိုင်ပြည်နယ်က မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အာဆာအဖွဲ့အနေနဲ့ တစ်စတစ်စအင်အားတိုးပွားလာခဲ့ပါတယ်။ ဒေသခံ တိုင်းရင်းသားတွေကို ခြိမ်းခြောက်တာ၊ သွေးဆောင် စည်းရုံးတာတွေအပြင် အစိုးရရဲ့သတင်းပေးလို့ သံသယရှိသူတွေကိုသုတ်သင်တာ စတဲ့အကြမ်းဖက် လုပ်ရပ်တွေကို ဆက်တိုက်ပြုလုပ်လာခဲ့ကြပါတယ်။ International Crisis Group ရဲ့ အစီရင်ခံစာမှာ ဖော်ပြချက်တွေနဲ့ အခြားသတင်းတွေအရ အာဆာ အဖွဲ့အနေနဲ့ အာဖဂန်နဲ့ ပါကစ္စတန်စစ်သွေးကြွ အုပ်စုတွေဆီကနေ လက်နက်နဲ့ဖောက်ခွဲရေး သင်တန်း အကူအညီတွေရခဲ့တယ်လို့ သိရပါတယ်။

တိုက်ဆိုင်နေတာတွေ့ရ

ဒါ့အပြင် အာဆာအဖွဲ့ဟာ မြန်မာနိုင်ငံအတွင်း အခြေအနေမတည်ငြိမ်ဖို့နဲ့ သူတို့ဆင်ထားတဲ့ အကွက်ထဲရောက်ဖို့အတွက် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ ထပ်မံတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာလည်း ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာတင်သွင်းတဲ့ အချိန်နဲ့ အံ့ဩစရာကောင်းလောက်အောင် တိုက်ဆိုင်နေတာ တွေ့ရပါတယ်။

ဒီတော့ ၂၀၁၆ ခုနှစ်မှာ အကြံပေးကော်မရှင် ဖွဲ့စည်းတာနဲ့ အာဆာ စတင်တိုက်ခိုက်တာ အချိန် ကိုက်ဖြစ်နေသလို ၂၀၁၇ ခုနှစ် အကြံပေးကော်မရှင် ရဲ့ အစီရင်ခံစာတင်သွင်းချိန်နဲ့ အာဆာအဖွဲ့ တိုက်ခိုက်တာဟာ အချိန်ကိုက်ဖြစ်နေပြန်ပါတယ်။ ဒါဟာ အကွက်ချစီမံထားတဲ့ အစီအစဉ်တစ်ခုဖြစ် တယ်ဆိုတာ ခိုင်ခိုင်မာမာကောက်ချက်ချလို့ ရပါ တယ်။ ၂၀၁၇ ခုနှစ် ဩဂုတ်လတိုက်ခိုက်မှုမှာတော့ အာဆာအဖွဲ့ အင်အားထောင်ပေါင်းများစွာက ရခိုင် ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်း ၃၀ ကျော်နဲ့ ရွာတွေအပြင် တပ်စခန်းတွေကို တစ်ပြိုင် နက်တည်း တိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ခဲ့တာကို ကြည့်ရင် အာဆာအနေနဲ့ မောင်တောဒေသကို သိမ်းပိုက်ဖို့လို့ ခန့်မှန်း နိုင်ပါတယ်။

အဲဒီလို ရခိုင်ပြည်နယ် မောင်တောဒေသမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကနေ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့အထိ အာဆာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၃ ဦး၊ ပျောက်ဆုံးနေသူ ၉၁ ဦး စုစုပေါင်း ၂၅၄ ဦး ရှိကြောင်း အစိုးရက ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က သတင်းထုတ်ပြန် ခဲ့ပါတယ်။ ဒါ့အပြင် မောင်တောဒေသမှာပဲ အာဆာ အကြမ်းဖက်သမားတွေ စီးနင်းတိုက်ခိုက်မှုကြောင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့အထိ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာကြည့်တိုက်မှူး၊ နိုင်ငံ့ဝန်ထမ်းတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင် တွေနဲ့ အပြစ်မဲ့ပြည်သူတွေအပါအဝင် ၇၉ ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်သမားတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အတွက် အပြစ်မဲ့ပြည်သူ ၃၇ ဦး ပျောက်ဆုံးခဲ့ကြောင်း လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က အစွန်း ရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှု ကြောင့် စက်တင်ဘာလ ၂၆ ရက်နေ့အထိ ဟိန္ဒူ ဘာသာဝင်တွေ၊ ရခိုင်တိုင်းရင်းသားတွေ၊ ဒိုင်းနက်၊ မြို၊ နိုင်ငံ့ဝန်ထမ်းတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြစ်မဲ့ပြည်သူတွေအပါအဝင် ၈၄ ဦးသေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၅၄ ဦး ပျောက်ဆုံးခဲ့ကြောင်းလည်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အာဆာရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြောင့် မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီက ၎င်းအဖွဲ့ကို အကြမ်းဖက်အဖွဲ့ အဖြစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် အာဆာအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် မလေးရှားနိုင်ငံကလည်း သတ်မှတ်ခဲ့ပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေနဲ့ သူများကြိုးဆွဲရာကခဲ့တဲ့ အာဆာအဖွဲ့ဟာ အခု ဆိုရင် ထောက်ခံမှုကျဆင်းနေပြီး အင်အားလည်း ချည့်နဲ့နေပြီဖြစ်ပါတယ်။

ဒုက္ခသည်တွေ မြန်မာနိုင်ငံကို မပြန်နိုင်ဖို့ ခြိမ်းခြောက်

အာဆာအဖွဲ့အနေနဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံ ကို မပြန်နိုင်ဖို့အတွက် ခြိမ်းခြောက်တာ၊ သတ်ဖြတ် တာတွေ လုပ်ဆဲပါပဲ။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင် ဘာလက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းက ဘင်္ဂါလီခေါင်းဆောင် မိုဟစ်အူလာသတ်ဖြတ်ခံခဲ့ရပါတယ်။ အာဆာအဖွဲ့က မိုဟစ်အူလာကိုသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပထမဆုံး အကြိမ် ထုတ်ဖော်ပြောဆိုလိုက်တယ်လို့ AFP ရဲ့ ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့သတင်းမှာ ဖော်ပြ ထားပါတယ်။

အမှုနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းခဲ့ရာမှာ အာဆာအဖွဲ့ဝင် ၁၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးချိန်မှာ လေးဦးက သူတို့ အာဆာအဖွဲ့ဝင်ဖြစ်တယ်ဆိုတာ ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ အာဆာအဖွဲ့က မိုဟစ်အူလာကို သတ်ဖြတ်ဖို့ သူတို့ကိုတာဝန်ပေးခဲ့ကြောင်း ဝန်ခံခဲ့ တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က သတင်းဌာနကို ပြောပြခဲ့တာတွေ့ရပါတယ်။ အာဆာအဖွဲ့ဟာ ဒုက္ခသည်စခန်းပတ်ဝန်းကျင်မှာ လှုပ်ရှားလေ့ရှိပြီး မူးယစ်ဆေးဝါးနဲ့ ဒုစရိုက်လုပ်ငန်းမျိုးစုံကို ကျူးလွန် နေသလို နိုင်ငံရေးအရ အမြင်မတူသူတွေကိုလည်း လုပ်ကြံသတ်ဖြတ်လေ့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဝန်ခံပြောကြားထားတာ တွေ့ရပါတယ်။

“ဒုက္ခသည်တွေ ရောက်လာကတည်းက လက်နက်နဲ့ မူးယစ်ဆေးကုန်သည်တွေ ရောက်လာ တာများလာတယ်လို့ ကော့စ်ဘဇားဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ တိုဖယ်အာမက်က ဝန်ခံပြောကြားခဲ့ပါ တယ်။ “တချို့အုပ်စုတွေက စခန်းအတွင်း မတည်ငြိမ်အောင် လှုံ့ဆော်နေတယ်လို့ အများ အပြားက စွပ်စွဲကြတယ်။ ဒါက သူတို့တွေ နေရပ် ပြန်ရေးအစီအစဉ်ကို ဟန့်တားနှောင့်ယှက်နေတဲ့ ပုံစံပဲ” လို့လည်း တိုဖယ်အာမက်က ပြောခဲ့ပါတယ်။

အာဆာအဖွဲ့ဟာ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံထဲ ကနေ ထွက်ပြေးသွားအောင်လုပ်ခဲ့သလို မြန်မာ နိုင်ငံထဲ ပြန်ဝင်မလာအောင်လည်း လုပ်နေပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့သူတွေ ပြန်လည် လက်ခံဖို့လုပ်ဆောင်ပေးခဲ့ပေမယ့် တရားဝင် ပြန်မလာရဲကြပါဘူး။ ခိုးဝင်နေသူတွေတော့ ရှိနေပါတယ်။ ဒါကြောင့်လည်း ၂၀၁၉ ခုနှစ် အောက်တို ဘာလ ၁၁ ရက်နေ့ (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမ ကော်မတီ) ပဉ္စမအကြိမ်အစည်းအဝေးမှာ မြန်မာ ကိုယ်စားလှယ်က အာဆာအကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်သူတွေ နေရပ်ပြန်ရေးကိုလည်း အတား အဆီး ဖြစ်နေစေတယ်လို့ ပြောခဲ့ပါတယ်။

အာဆာအကြမ်းဖက်သမားတွေက နေရပ်ပြန်ဖို့ ဆန္ဒထုတ်ဖော်ပြောဆိုသူတွေရဲ့ အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်လျက်ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အိုကီးယားဒုက္ခသည် စခန်းမှ ဒုက္ခသည်ခေါင်းဆောင်တစ်ဦးဖြစ်သူ Mohibullah အသတ်ခံရပြီးနောက် အာဆာအဖွဲ့ အတွင်းမှာ နှစ်ခြမ်းကွဲသွားခဲ့ပြီး ထောက်ခံမှုတွေ လျော့ကျသွားခဲ့တယ်ဆိုတဲ့ သတင်းတွေကိုလည်း တွေ့ရပါတယ်။ ဒါဟာ အာဆာအဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဘယ်သူမှလက်မခံတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အခုအချိန်မှာ အာဆာအဖွဲ့အနေနဲ့ စစ်ဆင် ရေးလှုပ်ရှားဖို့ထက် ဘင်္ဂါလီတွေ မြန်မာနိုင်ငံထဲ ပြန်မသွားဖို့အတွက် အကြမ်းဖက်နည်းလမ်းတွေ သုံးပြီး လုပ်နေမှာပဲဖြစ်ပါတယ်။ ဒါမှ သူတို့ကို ကြိုးကိုင်နေသူတွေအလိုကျဖြစ်ပြီး သူတို့လည်း အထောက်အပံ့ ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တာဝန်ရှိသူတွေကိုယ်တိုင် အာဆာအဖွဲ့ သူတို့နိုင်ငံထဲမှာ ခြေကုပ်ယူပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာသိလျက်နဲ့ မျက်ကွယ်ပြုနေတာဟာ အာဆာအဖွဲ့နဲ့ သူတို့ ကိုယ်တိုင်မကင်းဘူးဆိုတာ ပြသနေတာပဲဖြစ်ပါတယ်။ ။