သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးနှင့် သဘာဝကိုအခြေခံသော ဖြေရှင်းခြင်းနည်းလမ်းများ (Nature-based Solutions-Nbs) ၏ အခန်းကဏ္ဍ
သစ်တောမောင်
သဘာဝဘေးအန္တရာယ်များ
ယခုအခါတွင် ကမ္ဘာနှင့်တစ်ဝန်း ရာသီဥတုပြောင်းလဲမှုများနှင့်အတူ သဘာဝဘေးအန္တရာယ် အမျိုးမျိုး မကြာခဏဖြစ်ပေါ်လျက်ရှိသည်ကို တွေ့နိုင်ပါသည်။ သဘာဝဘေးအန္တရာယ်များ ဆိုသည်မှာ မိုးခေါင် ရေရှားခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းများ မကြာခဏတိုက်ခတ်ခြင်း၊ ရေခဲများ အရည်ပျော်ခြင်းနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း၊ အစားအစာနှင့် သောက်သုံးရေ ရှားပါးလာခြင်းနှင့် ရောဂါဘယများ ထူပြောလာခြင်း စသည်တို့ ပါဝင်ပါသည်။ သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ပြုမူဆောင်ရွက်မှု၊ မတော်တဆမှု သို့မဟုတ် ပေါ့ဆမှုကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုများ
လူဦးရေတိုးပွားလာမှုနှင့်အတူ လူသားများ၏ ပယောဂကြောင့် သစ်တောများပြုန်းတီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်းတို့ဖြစ်ပေါ်ကာ သဘာဝ ဘေးအန္တရာယ်များကျရောက်ခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သဘာဝဘေးအန္တရာယ်များသည် သဘာဝမျှချေအခြေအနေများပျက်စီးခြင်း၊ မူလ ဂေဟစနစ်များ တည်ငြိမ်မှုပျက်ပြားခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာခြင်း တို့ကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပါသည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ငါးနှစ် လျှင်တစ်ကြိမ်ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ သစ်တောသယံဇာတဆန်းစစ် လေ့လာခြင်း အစီရင်ခံစာအရ ကမ္ဘာ့သစ်တောများ အသားတင်ပျက်စီး ဆုံးရှုံးမှုနှုန်းသည် ၁၉၉၀-၂၀၀၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် ဟက်တာ ၇ ဒသမ ၈သန်း၊ ၂၀၀၀-၂၀၁၀ အတွင်း တစ်နှစ်လျှင် ဟက်တာ ၅ ဒသမ ၂ သန်းနှင့် ၂၀၁၀-၂၀၂၀ ပြည့်နှစ်အတွင်း တစ်နှစ် လျှင် ဟက်တာ ၄ ဒသမ ၇ သန်းအထိ ရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ အရှေ့တောင်အာရှနိုင်ငံများသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း သစ်တော ဧရိယာ ဟက်တာ ၉ ဒသမ ၄ သန်းကျော် ပြုန်းတီး ခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။ မြန်မာနိုင်ငံ သည်လည်း အခြားဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ သစ်တောပြုန်းတီးမှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ မြန်မာနိုင်ငံ၏ ၂၀၀၀ ပြည့်နှစ် သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာတွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် သစ်တောပြုန်းတီးမှုနှုန်း ၁ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၅ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ် သစ်တောပြုန်းတီးမှုနှုန်းသည် ၀ ဒသမ ၉ ရာခိုင် နှုန်း ပြုန်းတီးခဲ့ပါသည်။
လူဦးရေလျင်မြန်စွာ တိုးပွားလာခြင်းနှင့် ဒေသ တွင်းစက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာဆောင်ရွက် လာခြင်းတို့သည် ဒေသတွင်းပတ်ဝန်းကျင်ဆိုင်ရာညစ်ညမ်းမှုမှ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ပြဿနာများအဖြစ်သို့ ဆင့်ကဲပြောင်းလဲမှုဖြစ်ပေါ် စေပါသည်။ ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် (UNEP) မှ ထုတ်ပြန်ခဲ့သည့် Global Environment Outlook-6 (GEO-6) အစီရင်ခံစာအရ ကမ္ဘာ့အပူချိန်တိုးတက်မှုနှုန်းမှာ လက်ရှိတွင် ၁ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်စ်ရှိပြီး ၂၀၅၀ ပြည့်နှစ် တွင် ၂ ဒီဂရီဆဲလ်စီးယပ်စ်နှင့် ၂၁၀၀ ပြည့်နှစ်တွင် ၄ ဒီဂရီဆဲလ်စီးယပ်စ်အထိ ပျမ်းမျှအပူချိန် တိုးလာ နိုင်သဖြင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပိုမိုခံစား ရနိုင်ပြီး သဘာဝဘေးအန္တရာယ်များ ပိုမိုများပြား လာနိုင်ကြောင်း ဖော်ပြထားပါသည်။
လေထုညစ်ညမ်းမှု
ပလတ်စတစ်စွန့်ပစ်မှုဆိုင်ရာ စနစ်တကျစီမံ ခန့်ခွဲမှုမရှိခြင်းကြောင့် သမုဒ္ဒရာအတွင်းသို့ ပလတ် စတစ်စွန့်ပစ်မှုပမာဏ နှစ်စဉ်တန်ချိန်ရှစ်သန်းခန့် ရောက်ရှိနေကြောင်း၊ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာ့လူဦးရေ ခုနစ်သန်းနီးပါးမှာ နှစ်စဉ် အရွယ် မတိုင်မီ သေဆုံးမှုများနှင့် ကြုံတွေ့နေရကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးပျောက်ကွယ်မှုများ တိုးပွားဖြစ်ပေါ်လျက်ရှိပြီး ကုန်းနေကျောရိုးမဲ့ သတ္တဝါ ၄၂ ရာခိုင်နှုန်း၊ ရေချိုနေကျောရိုးမဲ့သတ္တဝါ ၃၄ ရာခိုင်နှုန်းနှင့် ပင်လယ်နေကျောရိုးမဲ့သတ္တဝါ ၂၅ ရာခိုင်နှုန်းတို့မှာ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း လေ့လာတွေ့ရှိရပါသည်။ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေမှာ ၁၀ ဘီလီယံအထိ တိုးပွားလာနိုင်သဖြင့် စားနပ်ရိက္ခာလိုအပ်ချက်များမှာလည်း လက်ရှိထက် ၅၀ ရာခိုင်နှုန်း ပိုမို လာနိုင်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ ပိုမိုများပြားလာနိုင်ကြောင်း ဖော်ထုတ်ထားပါသည်။
ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများသည် ဒေသန္တရအဆင့်၊ မြို့ပြအဆင့်၊ ခရိုင်အဆင့်၊ တိုင်း ဒေသကြီး၊ ပြည်နယ်အဆင့်၊ နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် ကမ္ဘာ့အဆင့်အထိ ကျယ်ပြန့်စွာရှိနေပါသည်။ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ ဂေဟ စနစ်များယိုယွင်းပျက်စီးမှု၊ စက်မှုလုပ်ငန်းဆိုင်ရာ စွန့်ပစ်ပစ္စည်းနှင့် မြို့ပြများရှိ အမှိုက်ညစ်ညမ်းမှု၊ ရေနှင့် မြေဆီလွှာတိုက်စားခြင်း၊ သဲကန္တာရ ဖြစ်ထွန်းခြင်း၊ စွမ်းအင်နှင့် ရေသယံဇာတရှားပါး ပြတ်လပ်မှုများကို ဒေသန္တရအဆင့်မှသည် နိုင်ငံအဆင့်အထိ ကြုံတွေ့ရနိုင်ပါသည်။ ကမ္ဘာကြီး ပူနွေးလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ ရေကြီး ခြင်းနှင့်မိုးခေါင်ခြင်း၊ အက်စစ်မိုးရွာသွန်းခြင်း၊ အိုဇုန်းလွှာပျက်စီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျင်မြန်စွာပျက်စီးဆုံးရှုံးလာခြင်းတို့သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးအကြီးဆုံး ပတ်ဝန်းကျင် ပြဿနာများအဖြစ် ရင်ဆိုင်ရလျက်ရှိပါသည်။
နောက်ဆက်တွဲအကျိုးဆက်များ
၂၀၂၁ ခုနှစ် Emergency Event Database (EM-DAT) ဖော်ပြချက်အရ ကမ္ဘာတစ်ဝန်းရှိ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆိုးရွားသောဖြစ်ရပ်ပေါင်း ၄၃၂ ခုကို မှတ်တမ်းတင် နိုင်ခဲ့ပါသည်။ ယေဘုယျအားဖြင့် သေဆုံးသူ ၁၀၄၉၂ ဦး ရှိခဲ့ပြီး လူ ၁၀၁ ဒသမ ၈ သန်းကို ထိခိုက်ခဲ့ကာ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၂၅၂ ဒသမ ၁ ဘီလီယံခန့် စီးပွားရေးဆုံးရှုံးခဲ့ရပါသည်။ အာရှ တိုက်သည် အပြင်းထန်ဆုံးထိခိုက်မှုဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်အားလုံး၏ ၄၀ ရာခိုင်နှုန်းကို ခံစား နေရပြီး စုစုပေါင်း သေဆုံးသူဦးရေ၏ ၄၉ ရာခိုင်နှုန်း နှင့် ထိခိုက်ခံစားရသူ စုစုပေါင်း၏ ၆၆ ရာခိုင်နှုန်း ရှိသည်။
ဆိုင်ကလုန်းမုန်တိုင်းဒဏ်
ဒေသတွင်းဖြစ်ပေါ်ခဲ့သော သဘာဝဘေး အန္တရာယ်များအနက် ၂၀၀၄ ခုနှစ်တွင် အိန္ဒိယ သမုဒ္ဒရာ၌ ဖြစ်ပေါ်ခဲ့သော ဆူနာမီ ဒီရေလှိုင်း ဒဏ်ကြောင့် အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့၌ ရေလွှမ်းမှုများဖြစ်ပေါ်ခဲ့သဖြင့် စုစုပေါင်း ၂၂၆၀၀၀ ကျော် သေဆုံးခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့် သေကျေပျက်စီးခဲ့ရပါသည်။ မြန်မာ နိုင်ငံ၌ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီး ရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် အိမ်ထောင်စု လေးသိန်းခန့်နှင့် လူဦးရေ ၁၆ သိန်း ကျော် ရေနစ်မြုပ်မှုဒဏ်ခံခဲ့ရပြီး ဆုံးရှုံးမှုပမာဏ အလွန်များပြားခဲ့ပါသည်။
၂၀၂၂ ခုနှစ်တွင်လည်း ကမ္ဘာနှင့်တစ်ဝန်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့ကြသည်ကို တွေ့နိုင် ပါသည်။ ၂၀၂၂ ခုနှစ် ဇွန်လတွင်ဖြစ်ပေါ်ခဲ့သော ပါကစ္စတန်နိုင်ငံ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁၁၀၀ ကျော် သေဆုံးခဲ့ပြီး အိမ်ပေါင်း ၂၈၇၀၀၀ ကျော် အလုံးစုံဆုံးရှုံးပျက်စီးခဲ့ပြီး ၆၆၂၀၀၀ ကျော် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပါသည်။ ရေကြီးရေလျှံ မှုများကြောင့် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံခန့် ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း ကိုရီးယားနိုင်ငံ ဂန်နမ်ခရိုင်နှင့် အနီးပတ်ဝန်းကျင်တွင် ရွာသွန်းခဲ့သော မိုးရွာသွန်းမှုသည် နှစ်ပေါင်း ၈၀ အတွင်း အများဆုံးဖြစ်ခဲ့ကာ အဆောက်အအုံပေါင်း ၂၈၀၀ ပျက်စီးခဲ့ပြီး ကိုးဦးသေဆုံးခဲ့ပါသည်။ အလား တူပင် ထိုင်းနိုင်ငံ၌ တိုက်ခတ်ခဲ့သော မုန်တိုင်းနှင့် ရေကြီးရေလျှံမှုများကြောင့် ခရိုင် ၂၁ ခုတွင် ထိခိုက် ပျက်စီးမှုများရှိခဲ့ပြီး အိမ်ခြေ ၁၉၆၃၀ ထိခိုက် ပျက်စီးခဲ့ပါသည်။ မြန်မာနိုင်ငံတွင် လည်း ၂၀၂၂ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လများအတွင်း ပြင်ဦးလွင်၊ ကျိုင်းတုံ၊ တာချီလိတ်၊ ရန်ကုန်မြို့များတွင် ဖြစ်ပွား ခဲ့သော ရေကြီးရေလျှံမှုများသည် ထိခိုက်ပျက်စီးမှု များစွာ ဖြစ်ပေါ်ခဲ့ရသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုများနှင့် သဘာဝဘေးအန္တရာယ်များကို ဖွံ့ဖြိုးပြီးနိုင်ငံများထက် မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများက ပိုမိုခံစားကြရသည်။ မိုးလေဝသဆိုင်ရာ သတင်းအချက်အလက် အချိန်မီရရှိနိုင်မှုမရှိခြင်း၊ သဘာဝ ဘေးအန္တရာယ်ကို တားဆီးကာကွယ်ရန် ကြိုတင် ပြင်ဆင်နိုင်မှုအားနည်းခြင်း၊ အခြေခံအဆောက် အအုံများ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ရည် နည်းပါးခြင်း၊ ပြည်သူများအကြား ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာအသိပညာ၊ ဗဟုသုတ နည်းပါးခြင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ပြန်လည်ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေး ခြင်း စသည်တို့ကြောင့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက သေကျေပျက်စီးဆုံးရှုံးမှုနှုန်း မြင့်မားပြီး ထိခိုက်ဆုံးရှုံးမှုများပြားကာ နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးအပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်ခဲ့ပါသည်။ ရာသီဥတုပြောင်းလဲမှုနှင့် နောက်ဆက်တွဲအကျိုးဆက်များသည် လာမည့် ဆယ်စုနှစ်များတွင် ပိုမိုဆိုးရွားလာနိုင်သဖြင့် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရာသီ ဥတုကိုမှီခိုသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဂေဟစနစ် ဝန်ဆောင်မှုလုပ်ငန်းများ အပေါ် မှီခိုနေကြရသည့် ပြည်သူများအတွက် စိန်ခေါ်မှုများ ဖြစ်ပါသည်။
သဘာဝကိုအခြေပြုသော ဖြေရှင်းခြင်း နည်းလမ်းများ (Nature-based Solutions-Nbs)
သဘာဝကို အခြေခံသောဖြေရှင်းခြင်းနည်းလမ်းများသည် ဂေဟစနစ် ပြန်လည်ကောင်းမွန် လာစေပြီး ရာသီဥတုပြောင်းလဲမှုနှင့် မြေအသုံးချမှုပြောင်းလဲခြင်းများ၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များ၊ သက်ရောက်မှုများကို လိုက်လျောညီထွေဖြစ်စေရန် ထိန်းညှိပေး သော ယန္တရားလုပ်ငန်းစဉ် ဖြစ်ပါသည်။ သဘာဝ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုနှင့်ပတ်သက်သည့် လူ့အဖွဲ့အစည်းဆိုင်ရာ စိန်ခေါ်မှုများကို ထိရောက်၍ လိုက်လျောညီထွေစွာရင်ဆိုင်နိုင်ပြီး လူသားများ ကျန်းမာရေးနှင့် ဇီဝမျိုးစုံမျိုးကွဲ အကျိုးကျေးဇူးများ ကို တစ်ပြိုင်နက်တည်း ထောက်ပံ့ပေးစွမ်းသည့် သဘာဝဂေဟစနစ်များကို ရေရှည်တည်တံ့စေရေး အတွက် ထိန်းသိမ်းကာကွယ်စီမံအုပ်ချုပ်ရန်နှင့် ပြန်လည်ထူထောင်ရန် လုပ်ငန်းစဉ်များဖြစ်ပါသည်။
သဘာဝကိုအခြေခံသောဖြေရှင်းခြင်း အယူအဆမူဘောင်သည် အလွန်ကျယ်ပြန့်ပြီး ဂေဟ စနစ်ကို အခြေခံသောချဉ်းကပ်မှုအားလုံးနှင့် အကျုံးဝင်ပါသည်။ အင်ဂျင်နီယာလုပ်ငန်းများ၊ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ၊ ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချခြင်း လုပ်ငန်းများ၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ ရေသယံဇာတ ထိန်းသိမ်းခြင်း နည်းလမ်းများ၊ သစ်တော၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း များ၊ စီမံအုပ်ချုပ်မှုလုပ်ငန်းနယ်ပယ်များနှင့် ဂေဟ စနစ်ဝန်ဆောင်မှုများ တိုးပွားရေးအတွက် အခြေခံ သောဖြေရှင်းခြင်း သဘောတရားကိုအခြေခံပြီး ပေါင်းစပ်ဆောင်ရွက်နိုင်ပါသည်။
ယခုအချိန်ကာလတွင် ရာသီဥတုပြောင်းလဲ ဖောက်ပြန်လာခြင်းကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များကို နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းရန်ကြိုးပမ်းလျက်ရှိရာ သစ်ပင်များ စိုက်ပျိုးခြင်းနှင့် သစ်တောများထိန်းသိမ်းခြင်း လုပ်ငန်းများသည် အကောင်းဆုံးနှင့် အရိုးရှင်းဆုံး သဘာဝအခြေခံသော ဖြေရှင်းခြင်းနည်းလမ်းများ (Nature-based Solutions-Nbs) လုပ်ငန်းများဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲခြင်း၊ မြေဆီလွှာ ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း၊ ရေအရင်းအမြစ်များနှင့် ရေဝေရေလဲဒေသများ ပျက်စီးခြင်း၊ သဲကန္တာရဖြစ်ထွန်းခြင်း၊ သဘာဝ ဘေးအန္တရာယ်များကျရောက်ခြင်း စသည့်ပြဿနာ များကို သစ်တောပြန်လည်တည်ထောင်ခြင်း၊ သစ်တောထိန်းသိမ်းခြင်း နည်းစနစ်အမျိုးမျိုးဖြင့် ဂေဟစနစ်များ ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။
သဘာဝကိုအခြေခံသော ဖြေရှင်းခြင်းလုပ်ငန်း စဉ်များသည် အဓိကအားဖြင့် သဘာဝထိန်းသိမ်းရေးစံနှုန်းများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး သီးသန့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်သကဲ့သို့ လူ့အဖွဲ့အစည်းဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းမှုများနှင့်အတူ ပေါင်းစပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါသည်။ ဥပမာအားဖြင့် အောက် ဖော်ပြပါ လုပ်ငန်းနယ်ပယ်များတွင် ရင်ဆိုင်ရသော စိန်ခေါ်မှုများအား သဘာဝကိုအခြေခံသော ဖြေရှင်း ခြင်းနည်းလမ်းများကို အသုံးပြုဆောင်ရွက်နိုင်ပါသည်-
- ကျွန်းစုများနှင့် ကမ်းရိုးတန်းနေ ဒေသခံပြည်သူများကို လေမုန်တိုင်းဒဏ်နှင့် ရေကြီး ရေလျှံခြင်းမှ ကာကွယ်ပေးနိုင်ရန်နှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု သက်ရောက်မှုများကို လျှော့ချနိုင်ရန် ဒီရေတောများ၊ လေကာတန်းသစ်ပင်များ စိုက်ပျိုးပြီး သဘာဝတံတိုင်းကြီးများအဖြစ် ထိန်းသိမ်းကာကွယ်ခြင်း၊
- ရေကြီးရေလျှံနိုင်မှု အန္တရာယ်များကို လျှော့ချရန်၊ အစားအစာနှင့်စွမ်းအင် လုံခြုံစိတ်ချစေရန်၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက် သစ်ပင်များစိုက်ပျိုး ခြင်း၊ သစ်တောများကို ထိန်းသိမ်းကာကွယ် ခြင်း၊
- အပူပိုင်းဒေသများတွင် ရေသယံဇာတ လုံခြုံစိတ်ချရမှု၊ ဒေသခံပြည်သူများ အသက်မွေးဝမ်းကျောင်းများနှင့် ရာသီဥတုပြောင်းလဲမှု သက်ရောက်မှုများကို တုံ့ပြန်နိုင်စွမ်း ပိုမိုတိုးပွားကြံ့ခိုင်စေရန်၊ မိုးခေါင်ရေရှားခြင်းနှင့် သဲကန္တာရ ဖြစ်ထွန်းမှု ကာကွယ်နိုင်ရန်အတွက် သစ်တောများ ပြန်လည်တည်ထောင် ထိန်းသိမ်းခြင်း၊
- လေအရည်အသွေး တိုးတက်ကောင်းမွန် စေရန်၊ စွန့်ပစ်ရေများ ပြန်လည်သန့်စင်နိုင် ရန်နှင့် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ရေစီးကြောင်းများနှင့် ရေညစ်ညမ်းမှု များ လျှော့ချရန် မြို့ပြပတ်ဝန်းကျင်တွင် မြို့ပြသစ်တောများ တည်ထောင်ခြင်း၊ ဥယျာဉ်များ၊ ပန်းခြံများ၊ လမ်းဘေးသစ်ပင် များစိုက်ပျိုးခြင်းအပါအဝင် အစိမ်းရောင် အဆောက်အအုံများ (Green Infrastru-cture) တည်ဆောက်ခြင်း၊
- သဘာဝရေထွက်များ ထိန်းသိမ်းခြင်း၊ ရေဝေရေလဲဒေသများတွင် ကွန်တိုစိုက်ပျိုး ခြင်းနှင့် သက်ရှိ သစ်ကိုင်းစည်းမြှုပ်ခြင်း၊ သက်ရှိစည်းရိုးငယ်များ ပြုလုပ်ခြင်း၊ ကွန်တိုစည်းရိုးတန်းပြုလုပ်ခြင်း၊ သစ်ကိုင်း ဖျားသုံးနုန်းထိန်းတမံပြုလုပ်ခြင်း စသည့် ဇီဝအင်ဂျင်နီယာနည်းများဖြင့် ရေဝေရေလဲ ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများ ပါဝင် ပါသည်။
သဘာဝကိုအခြေခံသောဖြေရှင်းခြင်း လုပ်ငန်းစဉ်များတွင် ရင်းနှီးမြှုပ်နှံခြင်း
သဘာဝဘေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းရာတွင် ကာကွယ်တားဆီးခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ လျှော့ပေါ့သက်သာစေခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းတို့သည် အဓိကကျ သည့်အချက်များ ဖြစ်ပါသည်။ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်” ဆိုသည်နှင့်အညီ သဘာဝဘေးအန္တရာယ်များကို တားဆီး ကာကွယ်ခြင်းလုပ်ငန်းများအတွက် သဘာဝကို အခြေခံသော ဖြေရှင်းခြင်းလုပ်ငန်းစဉ်များတွင် ရင်းနှီးမြှုပ်နှံခြင်းသည် သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုထက် များစွာသက်သာမည်ဖြစ်ပြီး ဂေဟစနစ်ဆိုင်ရာ အကျိုးကျေးဇူးများလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် အောက်ပါ လုပ်ငန်းနယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ရေရှည်တွင် အကျိုး ကျေးဇူးများ ပိုမိုရရှိနိုင်ပါသည်-
(က) စားနပ်ရိက္ခာဖူလုံရေးအတွက် ရာသီဥတု နှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများ၊
(ခ) ကြံ့ခိုင်သန်စွမ်းသည့် ဂေဟစနစ်များ ဖြစ်ပေါ်လာစေရေးအတွက် ဒီရေတော များ၊ သစ်တောများ၊ သဘာဝသယံဇာတများအား ရေရှည်တည်တံ့စေရန် စီမံ ခန့်ခွဲမှုလုပ်ငန်းများ၊
(ဂ) ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး အားလုံးပါဝင်နိုင်သော ရေရှည်တည်တံ့သည့် ကျေးရွာများနှင့်မြို့များ၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း လုပ်ငန်းများ၊
(ဃ) ပြည်သူလူထုကျန်းမာရေးနှင့် ချမ်းမြေ့ သာယာရေးအတွက် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်စီမံခန့်ခွဲခြင်း လုပ်ငန်း များ၊
(င) ရာသီဥတုပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်သည့် လူမှုအဖွဲ့အစည်း တစ်ရပ်ဖြစ်စေ ရေးအတွက် ပညာရေး၊ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ကြရ မည် ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးသည် အမျိုးသားလုံခြုံရေး မူဝါဒများကို ချမှတ်ရာတွင် သမားရိုးကျမဟုတ် သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများဖြစ်သည့် သဘာဝဘေးအန္တရာယ်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်လာလျက်ရှိသဖြင့် မိမိတို့အနေဖြင့်လည်း ကျယ်ပြန့်သည့် မူဝါဒများကိုချမှတ်၍ စနစ်တကျ အစီအစဉ်များချမှတ်ကာ သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ မှန်ကန်စွာဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရတော့မည် ဖြစ်ပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမူဝါဒနှင့် ဆက်စပ်သော ကျယ်ပြန့်သည့်အမြင်ဖြင့် ဆောင်ရွက်ခြင်း၊ ဆက်စပ်ပတ်သက်သူများအကြား ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်း၊ နည်းဥပဒေများနှင့်အညီထိန်းကျောင်းဆောင်ရွက်ခြင်း၊ အမျိုးသားဖွံ့ဖြိုးရေး အစီအစဉ်များတွင် ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကို ချိတ်ဆက်ပါဝင်စေခြင်း၊ ပတ်ဝန်းကျင် ဆိုင်ရာအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် ပိုမို ခိုင်မာအားကောင်းလာစေခြင်း၊ ပြည်တွင်း/ ပြည်ပ၊ အစိုးရ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများတွင် ပတ်ဝန်းကျင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရေး ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် သဘာဝကို အခြေခံသော ဖြေရှင်းခြင်းလုပ်ငန်းစဉ်များ ပိုမို ကျယ်ပြန့်လာနိုင်မည်ဖြစ်ပြီး သဘာဝဘေး အန္တရာယ်များနှင့် နောက်ဆက်တွဲအကျိုးဆက်များ လျှော့ချနိုင်ကာ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ ။