လူ့အဖွဲ့အစည်းအကျိုး၊ မိမိအကျိုး မျှတစွာစဉ်းစား
ပိုက်တင်
ပြုပြင်ပြောင်းလဲပစ်ရမည့် သဘောထားများ
မြန်မာနိုင်ငံတော်နှင့် မြန်မာနိုင်ငံသားတို့ တိုးတက်အောင်မြင်ကြီးပွားပြီး အဆင့်အတန်း မြင့်မားလာစေရေး အတွက်ဆိုလျှင် မြန်မာတို့အနေဖြင့် မဖြစ်မနေ ပြုပြင်ပြောင်းလဲပစ်ရမည့် သဘောထားများရှိနေ၏။ အရေးကြီးဆုံး လည်းဖြစ်ပြီး အလွန်တရာမှလည်း အခြေအနေ ဆိုးရွားနေပြီဖြစ်သော အကြောင်းအရာလေးချက်ကို တင်ပြလိုပါသည်။ ထိုသို့သော အကြောင်းကိစ္စ များနှင့်ပတ်သက်ပြီး ပြည်သူလူထု၏ သဘောထားများ၊ အပြုအမူများကို မပြုပြင်မပြောင်းလဲ မမြှင့်တင်နိုင်ပါက မြန်မာတို့အတွက် တိုးတက်သာယာ ဝပြောရေးကို မျှော်လင့်ရန်မဖြစ်နိုင်ရုံ မျှမက ရှေ့လျှောက် ပိုမိုဆင်းရဲ နိမ့်ကျလာပြီး နိုင်ငံတကာနှင့်ယှဉ်လျှင် မည်သည့်အခါမျှ ပေမီဒေါက်မီ လူ့အဖွဲ့ အစည်း ဖြစ်လာနိုင်မည်လည်း မဟုတ်ပါ။
(၁) စည်းကမ်းနှင့် ဥပဒေများအပေါ် သဘောထား
ဒီမိုကရေစီစနစ်သို့ အသွင် ကူးပြောင်းပြီး ဆယ်စုနှစ်တစ်ခုနီးပါး ကြာလာသည့်အခါ လူထု၏ စည်းကမ်း နှင့်ကျင့်ဝတ်များ ပိုမိုကောင်းမွန်လာရ မည့်အစား အခြေအနေများက ပိုမိုဆိုးရွား လာသည်ကို တွေ့မြင်ကြားသိ နေရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်သည်။ အမှန်တကယ် ဖွံ့ဖြိုး တိုးတက်ပြီး ငြိမ်းချမ်းသာယာသော ဒီမိုကရေစီနိုင်ငံတိုင်းတွင် နိုင်ငံသားတို့၏ စည်းကမ်းနှင့် ဥပဒေများအပေါ် တန်ဖိုးထားလေးစားမှုသည် အထင်ရှားဆုံးသော စရိုက်လက္ခဏာရပ်ဖြစ်သည်။ လက်ရှိ မြန်မာအများစု၏ အနေအထားသည် ရရှိလာသောလွတ်လပ်ခွင့်အပေါ် စနစ်တကျ ဆင်ခြင်သုံးသပ်လျက် တန်ဖိုးရှိစွာခံစားစံစားကြရမည့်အစား နှစ်ကာလကြာလေ ပရမ်းပတာဖြစ်လာ လေဖြစ်ကြောင်း သတိပြုမိကြပါလိမ့်မည်။
ထိုအခြေအနေသည် ဒီမိုကရေစီစနစ် ပိုမိုအမြစ်တွယ် ခိုင်မာလာနိုင်စေရေးအတွက် ကြီးစွာသောအနှောင့်အယှက် အဟန့်အတားဖြစ်လေရာ အစိုးရများကလည်း ပြည်သူလူထုကို ပညာပေးခြင်း၊ ထိန်းကျောင်း တည့်မတ်ပေးခြင်းတို့ လုပ်ဆောင်ရန် မဖြစ်မနေလိုအပ်သလို ပြည်သူလူထုကလည်း မိမိတို့ တစ်ဦး ချင်းတန်ဖိုးများ၊ မိမိတို့လူ့ဘောင်အဖွဲ့ အစည်း၏ တန်ဖိုးများ တစ်နေ့ထက် တစ်နေ့ ပိုမိုမြင့်မားလာစေရေး အသိ တရားရှိရှိ ကြိုးစားမြှင့်တင်ကြရန် စည်းကမ်းများ၊ ဥပဒေများကို လိုက်နာ ခြင်းအတွက် ဂုဏ်ယူတတ်သော နိုင်ငံ သားများဖြစ်ရန် ကြိုးစားအားထုတ်ကြဖို့ မဖြစ်မနေလိုအပ်ပြီဖြစ်သည်။ ပေါ့ပေါ့နေ ပေါ့ပေါ့စား စည်းကမ်း ဥပဒေများကို တန်ဖိုးမထားတတ်သော လူ့အဖွဲ့အစည်းများတွင် ဒီမိုကရေစီစနစ်သည် ရှင်သန် ထွန်းကားလာနိုင်ခြင်းမရှိသလို ထိုလူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံချက်လည်း ရှိလိမ့်မည် မဟုတ်ပါ။
(၂)နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်း အပေါ် သဘောထား
ယခုကာလသည် နိုင်ငံတော်သစ် တစ်ရပ်ကို ခဲရာခဲဆစ်တည်ဆောက်နေ ကြရသော ကာလဖြစ်သည်။ အသိပညာ ရေချိန်မြှင့်တင်ရန် လိုအပ်ချက်ကြောင့် ပြည်သူလူထုသည် နိုင်ငံတော် တည်ဆောက်ရေးတာဝန်ကို နားလည်သိမြင်မှုနည်းပါးသလို တာဝန်ရှိသည် ဟုပင် ခံယူရကောင်းမှန်း မသိကြဘဲ ရှိနေရခြင်းသည် အပြစ်တစ်ခုဟု မဆိုသာသော်လည်း နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကို ချစ်မြတ်နိုးကြရမည် ဖြစ်သလို ပြန်လည်တည်ဆောက်နေ သော နိုင်ငံတော်သစ်ကြီး ခိုင်မာ တောင့်တင်းစွာ အမြန်ဆုံးပေါ်ထွက်လာ ရေးအတွက် တတ်စွမ်းသမျှ ပါဝင် ထမ်းဆောင်ကြရန် လိုအပ်ပါသည်။ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ နာမည်ကျော် စကားတစ်ခွန်းရှိ၏။ “ Ask not what your country can do for you ask what you can do for your country” တိုင်းပြည်က ခင်ဗျားတို့ကို ဘာလုပ်ပေးမယ်ဆိုတာ မမေးပါနဲ့။ ခင်ဗျားတို့က တိုင်းပြည်အတွက် ဘာလုပ်ပေးမယ်ဆိုတာပဲ မေးပါဟူ၍ ဖြစ်သည်။
ဆိုလိုသည်မှာ အစိုးရများက ငါတို့ကိုကောင်းအောင်လုပ်ပေးရမယ်ဆိုတာ တစ်ခုပဲစဉ်းစားပြီး တစ်စုံတစ်ရာဖြစ်လာ နိုး ထိုင်စောင့်နေရန်မဟုတ်ဘဲ မိမိတို့ တိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင် အားသွန်ခွန်စိုက် လုပ်ကိုင်ကြခြင်းဖြင့် နိုင်ငံတော်သစ်ကြီး ပေါ်ထွန်းရေးကို ဝိုင်းဝန်းကြရန်ဖြစ်သည်။
နိုင်ငံသားတို့ နိုးကြားကြိုးစားမှုဖြင့်သာ နိုင်ငံတစ်ခု အမှန်တကယ် တိုးတက်နိုင်သည်။ မိမိတို့ မှီတင်းနေထိုင်လျက်ရှိသော လူ့အဖွဲ့အစည်း၏ကျေးဇူးကို ပြန်လည်သိတတ်ရန် နိုင်ငံသား တစ်ဦးချင်းစီတွင် တာဝန်ရှိကြောင်း သိကြရပေလိမ့်မည်။ လူ့အဖွဲ့အစည်းအကျိုး၊ မိမိအကျိုး မျှတစွာစဉ်းစားကြရန် အချိန်ရောက်ပြီ ဖြစ်သည်။
(၃) ပညာရေးအပေါ် သဘောထား
အထူးသဖြင့် မိဘတို့ ပြုပြင်ပြောင်းလဲကြရမည်ဖြစ်သည်။ သားသမီးတို့ကို ကောင်းစေချင်သော စေတနာဟူသည့် အကြောင်းပြချက်ဖြင့် လမ်းလွဲနေ ကြဆဲဖြစ်သည်။ အမှတ်ကောင်းကောင်း ရပြီး လိုင်းကောင်းကောင်းရအောင် ကြိုးစားရမည်ဟု လူငယ်များကိုအတင်းရော အဓမ္မပါ ဖိအားပေးခိုင်းစေနေကြ ဆဲဖြစ်သည်။ လူငယ်များအားလုံးက ဆရာဝန်၊ အင်ဂျင်နီယာမှမလုပ်လျှင် ဘဝများဆုံးတော့မလိုလို၊ တခြားသော ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များက တန်ဖိုးမရှိ တော့သလိုလို ခံယူနေကြဆဲဖြစ်သည်။ မြန်မာနိုင်ငံမှာပင် ဖြစ်ပေါ်နေသည့် အခြေအနေဆိုးဖြစ်သည်။ နိုင်ငံကို ထူထောင်ရန် ဝိဇ္ဇာ၊ သိပ္ပံဘက်စုံပညာရပ်များ ထူးချွန်ကြရန် မဖြစ်မနေလိုအပ်သည်။ ထို့ပြင် လူငယ်တို့၏ ဝါသနာနှင့် ပါရမီရှိကြသည့်အလျောက် အသက်မွေးဝမ်းကျောင်းများကို ရွေးချယ်ခွင့်ပေး ရန်လိုသည်။ ဆရာဝန်များ၊ အင်ဂျင်နီယာ များဖြစ်ပြီး မအောင်မမြင်ဖြစ်နေသော သူများ တခြားအသက်မွေးဝမ်းကျောင်းကို ရွေးချယ်ကြသူများ ဒုနှင့်ဒေးဖြစ်နေ ရခြင်းသည် ထိုအကြောင်းတရားကြောင့် ဖြစ်သည်။
တစ်သက်တာ လေ့လာသင်ယူခြင်း
လူငယ်များအနေဖြင့်လည်း ဘွဲ့လက် မှတ်ရရုံ၊ ပညာတတ်အမည်ခံရုံအတွက်သာ ပညာသင်လိုကြသည့်စိတ်ဓာတ်များ ကို မဖြစ်မနေပြင်ဆင်ကြရမည် ဖြစ်သည်။ Life long learning ဟု ဆိုသော တစ်သက်တာ လေ့လာသင်ယူ ခြင်းသည်လည်း အသိပညာရေချိန်နိမ့်ကျ လှသော လူ့ဘောင်အဖွဲ့အစည်းအတွက် အရေးပါသည့်ကိစ္စဖြစ်သည်။ သာမန် အားဖြင့် ငွေသည်ဘဝဟု ယူဆနေကြ သူအများစု ဖြစ်နေရခြင်းသည် လေ့လာ သင်ယူလိုစိတ်များ ခေါင်းပါးနေကြသော ကြောင့်ဖြစ်သည်။ အရွယ်စုံ၊ အလွှာစုံက ပညာအပေါ် မှန်မှန်ကန်ကန် တန်ဖိုးထား ကြပြီး စဉ်ဆက်မပြတ် လေ့လာသင်ယူ သည့်ဓလေ့ ပျိုးထောင်နိုင်ရေး အရေး ပါလှသည်။
(၄) စီးပွားရေးအပေါ် သဘောထား
တိုးတက်သော နိုင်ငံတိုင်းတွင် နိုင်ငံသားတို့အတွက် စီးပွားရေးဟူသည် အကျိုးအမြတ်ရရှိရေးထက် များစွာပိုမို ကျယ်ဝန်းနက်နဲသော အဓိပ္ပာယ်များရှိသည်။ မြန်မာနိုင်ငံတွင် ဆင်းရဲနိမ့်ကျ နေမှုဟူသော အရင်းခံအကြောင်းတရား ကိုအခြေပြုလျက် စီးပွားရေးနှင့် ပတ်သက်သော သဘောထားများနှင့် ကျင့်ဝတ်များသည် ပျက်စီးယိုယွင်းလာခဲ့သည်မှာ ကြာပြီဖြစ်သည်။ မိမိအကျိုး အမြတ်များများရရှိရေး၊ မိမိကောင်းစားရေးစသည့် ကျဉ်းမြောင်းသေးသိမ်လှ သည့်ခံယူချက် သဘောထားများကြီးစိုး နေပြီဖြစ်သည်။ အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား သဘောထားက လွှမ်းမိုးနေပြီဖြစ်သည်။
တိုင်းပြည်စီးပွားရေး ဆုတ်ယုတ် ပျက်စီးရခြင်း၏ အကြောင်းရင်းခံတစ်ရပ်ကို တွေးမိသူ အလွန်နည်းပါးလှသည်။ စီးပွားရှာသည့်အလုပ်သည် မိမိဘဝ တိုးတက်သာယာရေးဖြစ်သလို တိုင်းကျိုး ပြည်ပြု အလုပ်လည်းဖြစ်သည်။ လူ့အဖွဲ့အစည်းလည်းကောင်းမွန်ရမည်၊ မိမိလည်း အကျိုးအမြတ် ဖြစ်ထွန်းရ မည်ဟူသော သဘောထားအမှန် လိုအပ် သည်။ ရေမြင့်မှ ကြာမြင့်သည်။ အတ္တပရ မျှသော သဘောထားဖြင့် လုပ်ကိုင်ကြ လျှင် လူ့အဖွဲ့အစည်းလည်း တစ်နေ့ တခြားအဆင့်မြင့်လာမည် ဖြစ်သလို လူတစ်ဦးချင်း၏ ဂုဏ်သိက္ခာနှင့် အဆင့် အတန်းလည်း မြင့်မားလာမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း များအတွက်လည်း သဘောတရားက အတူတူပင်ဖြစ်သည်။ လုပ်ခလစာတစ်ခု ပဲကြည့်ပြီး အလုပ်အပေါ် စေတနာမထား ကြသောကြောင့် ပြဿနာမျိုးစုံ ကြုံတွေ့နေကြရခြင်းပင်။ မိမိရွေးချယ်ထားပြီး သားအလုပ်ပေါ် စေတနာပြည့်ပြည့်ဝဝထားပြီးလုပ်ကိုင်လျှင် မိမိဘဝတိုးတက် ကောင်းမွန်ရေးအတွက် အခွင့်အလမ်း များပေါ်ပေါက်လာမည်ဖြစ်သလို မိမိ၏စိတ်ဓာတ်အရည်အသွေးလည်း မြင့်မား လာပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု လည်း မြင့်မားလာကာ အောင်မြင်သော ဘဝကို ရရှိနိုင်လိမ့်မည်။ အလုပ်ကို ခိုကပ်လုပ်ကိုင်သည့်အကျင့်ကို မွေးမြူထားလျှင် တစ်သက်လူစဉ်မီရန် ခက်ခဲ နေမည်သာဖြစ်သည်။ အသက်မွေး ဝမ်းကျောင်းများအပေါ် သဘောထား၊ စီးပွားရေးလုပ်ငန်း လုပ်ဆောင်သည့်အခါ ထားရှိသည့်သဘောထားများကို ပြုပြင် ပြောင်းလဲနိုင်ခြင်းမရှိလျှင် နိုင်ငံ တိုးတက်ကောင်းမွန်ပြီး ကြွယ်ဝချမ်းသာ လာနိုင်ရေး ဝေးနေပေလိမ့်ဦးမည်။
မှားယွင်းသောသဘောထားခံယူချက်များ
နိုင်ငံတစ်ခု လူ့အဖွဲ့အစည်းတစ်ရပ် တွင် အားနည်းချက်များ အမြောက်အမြား ရှိနေပါက ဘယ်လိုမှ တိုးတက်ကောင်းမွန် လာရန်မရှိပါ။ အဆိုပါအားနည်းချက် များသည် သာမန်အားဖြင့် မေ့လျော့ပေါ့ဆကာ အရေးပါသည်ဟုမထင်ရသည့် မှားယွင်းသော သဘောထားခံယူချက် များအပေါ် များစွာတည်မှီနေပါသည်။ မှန်ကန်သော သဘောထားခံယူချက်များ ထားရှိနိုင်ကြရန် အမှားကိုအမှားဟု ပထမဦးဆုံးသိရန်လိုသည်။ လက်ခံရန် လိုသည်။ ပြုပြင်ပြောင်းလဲရန် လိုအပ် သည်။ နိုင်ငံသားတစ်ဦးချင်းတိုးတက်ရေး၊ ဂုဏ်သိက္ခာရှိရေး၊ ပျော်ရွှင်အောင်မြင်ရေးနှင့် နိုင်ငံတော် (လူ့အဖွဲ့ အစည်း) တစ်ခုလုံး လောက်လောက် လားလား ဖြစ်လာနိုင်ရေးအတွက် အားလုံးကို ပြုပြင်ပြောင်းလဲရန် မလုပ်နိုင်ကြသေးလျှင် ဖော်ပြပါ မှားယွင်းနေသော (လွန်စွာမှလည်းအရေးကြီးလှပြီး မဖြစ်မနေပြောင်းလဲရန် လိုအပ်သော) သဘောထားလေးချက်ကို ထိထိရောက် ရောက် ပြုပြင်ပြောင်းလဲနိုင်ကြလျှင်ပင် တိုးတက်သော လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်၊ လူစဉ်မီသော နိုင်ငံတော်တစ်ရပ် ကို အလျင်အမြန် တည်ဆောက်နိုင်ကြ မည်ဖြစ်ကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။ ။