Skip to main content
01

နိုင်ငံအကျိုးပြုပညာရေးဆီသို့ . . .

နိုင်ငံ၏ပညာရေးသည် ထိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးလှပါသည်။ အဘယ်ကြောင့် ဆိုသော် ပညာရေးသည် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် စီမံခန့်ခွဲအုပ်ချုပ် ရေးများအပေါ်တွင် တိုက်ရိုက်သက်ရောက် နေသောကြောင့်ဖြစ်သည်။

ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများသည် ကောင်းမွန် ပြည့်စုံသော ပညာရေးကိုအခြေခံ၍ နိုင်ငံတော်ကို တည်ဆောက် ခဲ့ကြသည်။ နိုင်ငံအကျိုးပြု ပညာရေးရှိမှသာ ကောင်းမွန်ပြည့်စုံသော လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် စီမံခန့်ခွဲအုပ်ချုပ်ရေးတို့ဖြင့် ပြည့်စုံနေသော နိုင်ငံတော်ကို တည်ဆောက် နိုင်မည်ဖြစ်သည်။ ထို့ကြောင့် တိုးတက်ဖွံ့ဖြိုးသော နိုင်ငံတည်ဆောက်ရန်အတွက် ကောင်းမွန်ပြည့်စုံသော ပညာရေးကို ဦးစားပေးတည်ဆောက်ရမည်မှာ မလွဲဧကန်ဖြစ်သည်။

နိုင်ငံအကျိုးပြုပညာရေးသည် သင်ယူသူတို့၏ မိမိတို့သင်ယူ လေ့လာထားသည့် ပညာရပ်အပေါ်တွင် အသုံးချနိုင်မှုနှင့် မှန်ကန်စွာတွေးခေါ်မြော်မြင်မှု အကျိုးရလဒ်ပင်ဖြစ်သည်။ ပညာတတ်တစ်ဦးချင်းစီမှ အသိပညာ ပြည့်စုံစေရုံမျှသာမက ကြောင်းကျိုးဝေဖန်နိုင်သော ဆင်ခြင်တုံတရား၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့် ပြည့်ဝသော လူ့အဖွဲ့အစည်းကို တည်ထောင်နိုင်ရပါမည်။ မြန်မာနိုင်ငံတွင် လွပ်လပ်ရေး ရပြီးချိန်မှ ခေတ်အဆက်ဆက် ပညာရေးသည် သင်ကြားသင်ယူမှုဖြစ်စဉ်တွင် အသိပညာ၊ အကြောင်းအရာတစ်ခုကို မှတ်မိခြင်း(Remembering)၊ အလွတ်ကျက်မှတ်ခြင်း (Remote memorization)နှင့် အသိပညာ ရရှိမှုအဆင့် (Knowledge Level) မျှသာဖြစ်ပါသည်။

နိုင်ငံအကျိုးပြု ကောင်းမွန်သော ပညာရေးကိုရရှိရန် တွေးခေါ်မြော်မြင်သော အဆင့်များသို့ အဆင့်ဆင့် တက်ရောက်ပြီး တီထွင် ဖန်တီးနိုင်သော အဆင့်သို့ရရှိအောင် ကြိုးစားကြရမည်ဖြစ်သည်။ သို့မှသာ နိုင်ငံတော်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

ပြီးပြည့်စုံသောသင်ယူမှု

ပညာရေးလုပ်ငန်းစဉ်များတွင် သင်ယူခြင်းသည် အဓိကဖြစ်စဉ်တွင် ပါဝင်သည်။ အဓိကအားဖြင့် သင်ယူသူများသည် အသိပညာ၊ အယူအဆ၊ ကျွမ်းကျင်မှုနှင့် သဘောထားများကို ဆည်းပူးလေ့လာခြင်း မှ နားလည် သဘောပေါက်လက်ခံခြင်း၊ ထိုမှတစ်ဆင့် အသုံးချခြင်းသို့ ဦးတည်ထားရမည်။ အဆိုပါသင်ယူမှု လုပ်ငန်းများကို အခြေခံလျက် ပညာရေးရည်ရွယ်ချက်များအရ ပိုမိုတိကျပြည့်စုံသော သင်ယူမှု လုပ်ငန်း နယ်ပယ်များ အောင်မြင်စေရန် Benjamin Bloom က ၁၉၆၅ ခုနှစ်က တင်ပြခဲ့သည့် သိမှုနယ်ပယ်၊ နှလုံးသား ခံစားမှုနယ်ပယ်နှင့် စိတ်နှင့်ကိုယ်တစ်ထပ်တည်းကျ ပြုမူဆောင်ရွက်မှုနယ်ပယ် စသည့် အဆင့်သုံးဆင့်စလုံး ပြီးမြောက်မှသာ ပြီးပြည့်စုံသော သင်ယူမှုကို ရရှိမည်ဖြစ်သည်။ အဆိုပါသင်ယူမှု လုပ်ငန်းနယ်ပယ်များသည် သီးခြားစီ မဟုတ်ဘဲ အဆင့်အလိုက် တစ်ဆက်တည်းဖြစ်သည်ဟု ပညာရေး ပညာရှင်အများစုက လက်ခံယုံကြည်ကြသည်။

သိမှုနယ်ပယ်ကို အောက်ပါအတိုင်း အဆင့်ခြောက်ဆင့် ခွဲခြားထား၍ ၎င်းခွဲခြားချက်ကိုပင် Bloom’s Taxonomy ဟု ထင်ရှားပေသည်။ (ပုံ ၁)

ယင်းတို့မှာ-

(က)    အသိပညာရရှိမှုအဆင့် (Knowledge Level) ၊

(ခ)     နားလည်သဘောပေါက်မှုအဆင့် (Comprehension Level)၊

(ဂ)     အသုံးပြုမှုအဆင့် (Application Level)၊

(ဃ)    ခွဲခြမ်းစိတ်ဖြာလေ့လာမှုအဆင့် (Analysis Level)၊

(င)     ပေါင်းစပ်ကြည့်ရှုခြင်းအဆင့် (Synthesis Level)၊

(စ)     တန်ဖိုးဖြတ်ခြင်းအဆင့် (Evaluation Level)။

အသိပညာရရှိမှုအဆင့်သည် အကြောင်းအရာ၊ အဖြစ်အပျက်၊ ပုံသဏ္ဌာန်၊ ဝေါဟာရ၊ စာပိုဒ် စသည့် မှတ်သားစရာတစ်ခုကို သိရှိ မှတ်သားခြင်း အဆင့်ဖြစ်သည်။ ဤအဆင့်တွင် တိကျသောအချက်များမှ တစ်ဆင့် သီအိုရီများ ပြီးမြောက်ပြည့်စုံစွာသိရှိရေးအတွက် လိုအပ်သော သင်ကြား၊ သင်ယူထားသော အကြောင်းအရာများကို ပြန်လည်မှတ်မိနိုင်ရန် ကြိုးစားအားထုတ်ခြင်း အဆင့်ဖြစ်သည်။ အသိပညာရရှိမှု အဆင့်သည် အခြေခံကျသော အဆင့်ဖြစ်ပေသည်။ ဤအဆင့်တွင် အကြောင်းအရာ သို့မဟုတ် သင်ခန်းစာတစ်ခုကို သေချာစွာ နားလည်ခြင်းမရှိဘဲ ပုံမှန်အလွတ်ကျက် သင်ယူနည်းဖြင့် တတ်မြောက် ခဲ့သော် ၎င်းသင်ယူသူသည် နောက်အဆင့်ဆင့် အသီးသီး တက်ရောက်ရန် ခက်ခဲပေသည်။ သို့ဖြစ်၍ အသိပညာရရှိမှုအဆင့် ပြီးမြောက်စေရန် သင်ကြားသူများ၏ အခန်းကဏ္ဍနှင့် သင်ကြားသည့် ဘာသာစကားသည် အလွန်အရေးကြီးပေသည်။

ဆင်ခြင်နိုင်ခြင်းအဆင့်ဟုသတ်မှတ်

နားလည် သဘောပေါက်မှုအဆင့်ကို သင်ယူသူသည် သင်ယူရမည့် အကြောင်းအရာများ၏ ဆိုလိုရင်း အနက်အဓိပ္ပာယ်ကို နားလည် သဘောပေါက်ကာ ဆင်ခြင်နိုင်ခြင်းအဆင့်ဟု သတ်မှတ်သည်။ ဤအဆင့် တွင် သင်ခန်းစာများကို စာဖြင့်ဖော်ပြခြင်းမှ ကိန်းဂဏန်းဖြင့်ဖော်ပြခြင်း၊ အနက်အဓိပ္ပာယ် ဖွင့်ဆိုရှင်းပြခြင်း၊ အကျဉ်းချုံးဖော်ပြခြင်း၊ နောက်ဆက်တွဲ အကျိုးရလဒ်များကို ကြိုတင်ခန့်မှန်းသုံးသပ်ခြင်းတို့ ပါဝင်သည်ဟု သတ်မှတ်သည်။ တစ်နည်းအားဖြင့် ဆိုလိုရင်းအဓိပ္ပာယ်ကို သိရှိခြင်း၊ မူလဆိုလိုချက်၊ အခြေအနေကို မိမိသိရှိနားလည်ပြီး ဆိုလိုချက်၊ အခြေအနေတို့နှင့် ယှဉ်တွဲနှိုင်းယှဉ်ပြတတ်ခြင်းနှင့် ဆိုလိုရင်းအဓိပ္ပာယ် အကျဉ်းချုပ် ပြောဆိုရေးသား ပြတတ်ခြင်းတို့ဖြစ်သည်။ Learning Outcomes (သင်ယူမှုရလဒ်များ) အဖြစ် ရိုးရှင်းသော သင်ယူထားသည့် သင်ခန်းစာအကြောင်းအရာများကို ပြန်လည်သိရှိ မှတ်မိနိုင်သော အဆင့်မှ သိမြင်တတ်မြောက် နားလည်နိုင်ခြင်းဟူသော Comprehension အဆင့်၏ အနိမ့်ဆုံးအဆင့်ဖြစ်သော Understanding (နားလည်ခြင်း) အဆင့်သို့ ရောက်ရှိသည်ဟု ယူဆသည်။

အသုံးပြုမှုအဆင့်သည် အသစ်အသစ်သော သင်ယူရရှိပြီးသည့် အကြောင်းအရာများနှင့် သိသာမြင်သာသော အခြေအနေများကို အသုံးချသင်ယူနိုင်သော အရည်အချင်းဟု သတ်မှတ်သည်။ အဆိုပါ အဆင့်တွင် စည်းမျဉ်းစည်းကမ်းများ၊ နည်းစနစ်များ၊ ကွင်းဆက်များ၊ ဥပဒေများနှင့် သီအိုရီများကို အသုံးချခြင်း၊ မှတ်သား၊ နားလည်သဘော ပေါက်ကာ အခြေအနေသစ်တစ်ခုတွင် သင်ယူသူက လိုအပ်သလို အသုံးချခြင်း ဖြစ်သည်။

ခွဲခြမ်းစိတ်ဖြာ လေ့လာမှုအဆင့်ကို အကြောင်းအရာတစ်ခု၏ နဂိုမူလအခြေအနေ အသွင်အပြင်ကို ခွဲခြမ်းစိတ်ဖြာ၍ ဆင်ခြင်သုံးသပ် နားလည်ခြင်းဟု သတ်မှတ်သည်။ ဤအရည်အချင်းတွင် သင်ယူသူက မှတ်သား၊ နားလည် သဘောပေါက်ထားသည့် အကြောင်းအရာ၊ အချက်အလက်များကို အခြေအနေ သစ်တစ်ခုတွင် သင်ယူသူက လိုအပ်သလို အသုံးချရန် ကြိုးစားအားထုတ်ရာတွင် မူလအတိုင်း အသုံးပြုသည်ထက် ပိုမိုကောင်းမွန်ညီညွတ်အောင် အသေးစိတ်ခွဲခြမ်းစိတ်ဖြာ ကြည့်ရှုခြင်းဖြစ်သည်။

ပေါင်းစပ်ကြည့်ရှုခြင်းအဆင့်ကို တီထွင်ဖန်တီးမှုအသစ်တစ်ခု ဖြစ်ပေါ်ရန် ယခင်က သိရှိမှတ်သားထာသော၊ သဘောသဘာဝတူသော အကြောင်းအရာ အချက်အလက် အစိတ်အပိုင်းများကို အစားထိုးခြင်း၊ ဖြည့်စွက်ခြင်း၊ အံဝင်ခွင်ကျဖြစ်အောင် တီထွင်သုံးသပ်နိုင်ခြင်းဟု သတ်မှတ်သည်။ ၎င်းအဆင့်သည် အသစ်အသစ်သော တီထွင်ဖန်တီးမှု များအတွက် အခြေခံကျပြီး နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ လိုအပ်သည်။

တန်ဖိုးဖြတ်ခြင်းအဆင့်ရရှိခြင်း

တန်ဖိုးဖြတ်ခြင်းအဆင့်သည် အဆိုပြုချက်၊ ဝတ္ထု၊ ကဗျာ၊ သုတေသန အစီရင်ခံစာများ၏တန်ဖိုးကို အဆင့်သတ်မှတ်အကဲဖြတ် နိုင်သကဲ့သို့ တီထွင်ဖန်တီးမှုများအား အကဲဖြတ်သုံးသပ်နိုင်သော အရည်အချင်းဟု သတ်မှတ်သည်။ အဆိုပါအကဲဖြတ်မှုတွင် သတ်မှတ်ထားသော အရာဝတ္ထုအမျိုးအစား တစ်ခု၏ အတွင်း၊ အပြင် တည်ဆောက်ပုံနှင့် ယင်းနှင့်သက်ဆိုင်သော ရည်ရွယ်ချက်များအပေါ် အခြေပြု အကဲဖြတ်ခြင်းများ ပါဝင်သည်။ ဤအဆင့်၏သင်ယူတတ်မြောက်မှုများ ရလဒ်များအဖြစ် သိမှုနယ်ပယ်၏ အမြင့်ဆုံးအဆင့်များ ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ သိမှုနယ်ပယ်အဆင့်ဆင့်မှ အမြင့်ဆုံး အဆင့် တန်ဖိုးဖြတ်ခြင်း အဆင့်ရရှိခြင်းသည် ပေးထားသော အကြောင်း အရာတစ်ခုအပေါ် ကျောင်းသား ကျောင်းသူများ၏ အမျိုးအစား အဆင့်ဆင့် အကဲဖြတ်စစ်ဆေး သုံးသပ်ခြင်းမှ ရရှိလာသောအဆင့် ဖြစ်သည်။

သိမှုနယ်ပယ်နှင့် နှလုံးသားခံစားမှုနယ်ပယ်တို့မှာ လုပ်ငန်း နယ်ပယ် သတ်မှတ်ခွဲခြား ထားသော်လည်း သင်ယူသူများ၏ တွေးခေါ်မှု ဖြစ်စဉ်မှာ တစ်ဆက်တည်းဖြစ်တတ်သည့် သဘာဝဖြစ်စဉ်ဖြစ်ပါသည်။ သိမှုနယ်ပယ်၏ ပထမအဆင့် အသိပညာရရှိသည့် အဆင့်ကို နှလုံးသား ခံစားမှုနယ်ပယ်ပိုင်းမှ သတိဖြင့်ကြည့်ရှု နားထောင်ခြင်းဖြင့် သင်ကြားခြင်း၊ မိမိသင်ကြား မှတ်သားထားသည့် အသိပညာ၊ အတတ်ပညာ များကို လက်ခံသိမ်းပိုက်ခြင်း ဖြစ်သွားသည်။ ထို့နောက် ပိုမိုစေ့စပ် သေချာစေရန် ထပ်မံ၍ စူးစမ်းလေ့လာမှုပြုခြင်းဖြင့် တုံ့ပြန်မှုပြုလုပ်ကြသည်။ ထိုသို့ အဆင့်ဆင့် တိုးတက်လာခြင်းမှ သိမှုနယ်ပယ်၏ အဆင့်များ ဖြစ်သော နားလည်သဘောပေါက်မှုအဆင့်နှင့် အသုံးပြုမှုအဆင့်များ တစ်ဆက်တည်း ဖြစ်လာသည်။ ထိုမှတစ်ဆင့် မိမိသိရှိမှတ်သား ထားသည်များကို အပိုင်းလိုက်အပိုင်းလိုက် ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်နှင့် အသုံးချအတိုင်းအတာကို သိရှိနားလည်ခြင်းဖြင့် တန်ဖိုးအကဲဖြတ် ခြင်းအဆင့် ရောက်ရှိပေသည်။

ထို့နောက် ဆက်၍ မိမိသိရှိထားသော အကြောင်းအရာ အချက်အလက်များကို မူလအသွင်သဏ္ဌာန် အတိုင်းမဟုတ်ဘဲ ပုံစံအသစ်ဖြစ် အောင် အစားထိုး၊ ချဲ့ထွင်၊ ပေါင်းစပ်၊ ဖွဲ့စည်း၊ တည်ဆောက်၊ ဖန်တီးသော အသိပညာဖွဲ့စည်းခြင်းကို ရရှိပေသည်။ နောက်ဆုံးတွင် သင်ယူ မှတ်သားထားသည့်အကြောင်းအရာ၊ အချက်အလက်၊ အဖြစ်အပျက်၊ အရာဝတ္ထုများကို တစ်စစီသော်လည်းကောင်း၊ တစ်ခုလုံးသော်လည်း ကောင်း လိုအပ်သလို လက်တွေ့အသုံးချလာနိုင်သည်။ တန်ဖိုးထားမှု အတိုင်းအတာပေါ်တွင်မူတည်၍ သင်ယူသူ၏ နှလုံးသားတွင် နှစ်ခြိုက်မှု၊ မုန်းတီးမှု၊ မြတ်နိုးမှု၊ စက်ဆုပ်မှုများ ခံစားလျက် ပင်ကိုစရိုက် ဖြစ်လာခြင်း ဖြစ်စေပါသည်။ သိမှုနယ်ပယ်မှ နှလုံးသားမှ ခံစားမှုဖြစ်ပေါ်လာသည်အထိ အသိပညာ ရရှိခြင်းကို နှလုံးသားမှ ခံစားမှုနယ်ပယ်သို့ ရောက်ရှိခြင်းဟု သတ်မှတ်ပါသည်။

သင်ယူသူသည် မိမိသင်ယူတတ်မြောက်ထားသည့် အတတ်ပညာ ရပ်ပေါ်တွင် သိရှိ၊ နားလည်၊ ခံစားပြီး မိမိတိုင်းပြည်နှင့်လူမျိုးအတွက် လိုအပ်ချက်များကို ဖန်တီးပေးနိုင်သည့် အတတ်ပညာကျွမ်းကျင်မှု နယ်ပယ်ကို ရောက်ရှိခြင်းဖြစ်သည်။ သင်ယူသူသည် အကြောင်းအရာ၊ အချက်အလက်၊ အဖြစ်အပျက်များကို မိမိသိရှိ နားလည်၊ မှတ်သားနေစဉ် စမ်းသပ်မှုသဘောဖြင့် အတုယူပြုမူ ပြုလုပ်ကြည့်တတ်ပါသည်။ ထိုသို့အတုယူကာ သိမှုနယ်ပယ်နှင့် နှလုံးသားခံစားမှုနယ်ပယ်ကို ရောနှောဆက်စပ် ပြုလုပ်လေ့ရှိပါသည်။ ဆရာများသည် သင်ယူသူများ၏ စံပြဖြစ်သဖြင့် အတုမြင်အတတ်သင် ပြုလုပ်လေ့ရှိသည်။ ကျွမ်းကျင်မှုများသည် မိမိကိုယ်တိုင် လေ့လာဖော်ထုတ်သော အတတ် ပညာ ကျွမ်းကျင်မှုများထက် ပိုမို၍စနစ်ကျကြောင်း လေ့လာတွေ့ရှိ ရပေသည်။

သင်ယူသူများ ကျွမ်းကျင်မှုအဆင့်ရောက်ရာတွင် မိမိဆောင်ရွက် လိုသည့်အရာကို လက်တွေ့ပြုလုပ်၍ ကျွမ်းကျင်စွာ ကိုင်တွယ်ဆောင်ရွက် နိုင်လာသည်။ ထိုသို့ ကျွမ်းကျင်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်လာခြင်း ကြောင့် အချိန်ကိုက်၊ နာရီကိုက်၊ စည်းကိုက်၊ ဝါးကိုက်တိကျစွာ ဆောင်ရွက်တတ်ခြင်းနှင့် ရှင်းရှင်းလင်းလင်း၊ ဌာန်ကရိုဏ်းကျကျ ပြုမူ ပြောဆိုဆောင်ရွက်တတ်ခြင်း အကျိုးကျေးဇူးများ ရရှိလာပေသည်။

ထူးခြားသောဝိသေသ

သင်ယူသူက မိမိမှတ်သားနာယူပြီး အတုယူထားသည့်အတိုင်း အခြေအနေတစ်ခုတွင် တစ်ပုံစံ၊ တစ်သဘောတည်းဖြစ်အောင် ကျွမ်းကျွမ်းကျင်ကျင် ပြုမူတတ်သည့်သဘာဝ ဖြစ်ပေသည်။ ထိုအဆင့် သည် သိမှုနယ်ပယ်၏ နောက်ဆုံးအဆင့်ဖြစ်သော တန်ဖိုးထား အကဲဖြတ်ခြင်းအဆင့်ကို ကျော်လွန်လုပ်ဆောင် နိုင်ခြင်းဖြစ်သကဲ့သို့ ဓလေ့စရိုက်မှာ သင်ယူသူ၏ မူလအခြေအနေနှင့် လုံးဝကွာခြားသွား သည်ကို တွေ့ရပေသည်။ လိုအပ်သည့်နေရာတွင် လိုသလိုအသုံးပြု တတ်ခြင်းနှင့် မိမိစိတ်တွင် တွေးမြင်သည့်အတိုင်း တီထွင်ဖန်တီးလာနိုင် ခြင်းသည် ဤအဆင့်၏ ထူးခြားသောဝိသေသ ဖြစ်ပေသည်။

သိမှုနယ်ပယ်၊ နှလုံးသားခံစားမှုနယ်ပယ်နှင့် စိတ်နှင့်ကိုယ်တစ်ထပ် တည်းကျ ပြုမူဆောင်ရွက်မှုနယ်ပယ် စသည့်အဆင့်သုံးဆင့်စလုံး တစ်သားတည်းကျရောက်စေရန် အရေးကြီးသည့် အချက်မှာ အသိပညာ ရရှိမှုအဆင့်နှင့် နားလည်သဘောပေါက်မှု အဆင့်များပင် ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ယခင်ပညာရေးသည် အသိပညာရရှိမှုအဆင့်နှင့် နားလည်သဘောပေါက်မှု အဆင့်များတွင်သာ ရပ်တည်လျက်ရှိသဖြင့် ၎င်းအဆင့်များကိုအခြေခံ၍ အဆင့်ဆင့်တက်လှမ်းကာ လိုသလို အသုံးပြုတတ်ခြင်းနှင့် မိမိစိတ်တွင် တွေးမြင်သည့်အတိုင်း တီထွင် ဖန်တီးလာနိုင်သည့်ပညာရေးကို ပြောင်းလဲရမည်ဖြစ်ပေသည်။

(ဆက်လက်ဖော်ပြပါမည်)