Skip to main content

“ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward to Achieve Our Goal”

မောင်မျိုးအောင်(ပန်းဧရာ)

လူ့ဘဝ၌ မည်သည့်ကိစ္စမဆို အမြဲတွေးတောတတ်သည့်ကိစ္စနှစ်ရပ် ရှိ၏။ အပြုသဘော မြင်တတ်ခြင်းနှင့် အပျက်သဘောမြင်တတ်ခြင်းဖြစ်သည်ဟု ဖတ်ဖူး၏။ အပြုသဘောမြင်တတ်သည့် လူပုဂ္ဂိုလ်ရှိသော ပတ်ဝန်းကျင်တွင် ကျွန်ုပ်တို့နေခဲ့ရပါမူ ကျွန်ုပ်တို့ပတ်ဝန်းကျင်သည် အကောင်းမြင်စိတ်တို့ဖြင့် သာယာကြည်နူးဖွယ်ပင်ရှိချေပါမည်။ ဗုဒ္ဓဘာသာအများစုကိုးကွယ်ကြသည့် ကျွန်တော်တို့နိုင်ငံတွင် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမဖြစ်သည့် မင်္ဂလသုတ်တော်လာ ၃၈ ဖြာ မင်္ဂလာတရားတော်အတိုင်း ကျင့်ကြံနေထိုင်ကြပါမူ သာယာအေးချမ်းတိုးတက်ဖွယ်ဖြစ်ပေမည်။ အပြုသဘောမြင်တတ်သည့်၊ ကိုယ်ချင်းစာစိတ်ဖြင့် ခံစားသိမြင်သည့် ခေါင်းဆောင်အကြီးအကဲ ပုဂ္ဂိုလ်တို့ရှိသည့် နိုင်ငံနှင့်ပတ်ဝန်းကျင်တို့တွင် သူ့နိုင်ငံ၊ သူ့ပြည်သူအတွက် သာယာဝပြောရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ကမ္ဘာ့အလယ်တွင် ဂုဏ်ရှိန်မြင့်မားရေးတို့အတွက် အမြဲအလေးထားမျှော်မှန်း ဆောင်ရွက်တတ်ကြ၏။ ထို့အတူ အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သော ကျွန်ုပ်တို့နိုင်ငံ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ၊ နိုင်ငံ့အကြီးအကဲသည် သူဦးဆောင်သော အစိုးရအဖွဲ့နှင့်အတူ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းစုံဖြင့် “ ရှေ့သို့ချီမည် ပန်းတိုင်ဆီ ” ဟူသည့်အတိုင်း ပန်းတိုင်အရောက် လှမ်းမျှော်ချီတက်နေ၏။

နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ထား လုပ်ဆောင်

တပ်မတော်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုများ ရှိခဲ့သည့်အတွက် ဖြေရှင်းပေးရန် တာဝန်ရှိသူများထံ နည်းလမ်းမျိုးစုံဖြင့် တင်ပြခဲ့ပါသည်။ ထိုအချိန်က တာဝန်ရှိသူတွေမှ ဖြေရှင်းပေးမှုမရှိခဲ့ သည့်အပြင် နိုင်ငံတော်အာဏာ အရပ်ရပ်ကိုအဓမ္မနည်းလမ်းဖြင့် ရယူရန်ကြိုးပမ်းခဲ့သည့်အတွက် တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို မလွှဲမရှောင်သာ ထမ်းဆောင်ခဲ့ရခြင်း ဖြစ်သည်။ နိုင်ငံတော်တာဝန်ထမ်းဆောင်သည့် အချိန်အတွင်းမှာ တာဝန်များကို စွမ်းအားရှိသမျှ ကြိုးစားထမ်းဆောင်ခဲ့သည်ကို ပြည်သူတစ်ယောက်အနေဖြင့် တွေ့မြင်နေရပါသည်။ သို့သော်လည်း ပြည်တွင်း/ပြည်ပ အကြမ်းဖက်သမားများနှင့် ၎င်းတို့ကို အားပေးနေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းတို့သည် မြန်မာနိုင်ငံအတွင်းဒီမိုကရေစီ ထွန်းကားရေးထက် အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်ဆောင်ရွက် နေကြောင်းကိုလည်း နိုင်ငံအတွင်း နိုင်ငံရေးအရ လုပ်ဆောင်ချက်များ၊ ပြည်ပ၏ ဝင်ရောက် စွက်ဖက်မှုများနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကို ကြည့်၍သိနိုင်ပါသည်။ ထိုဖြစ်ရပ်များကို ကျော်လွှားကာ နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်ထား လုပ်ဆောင်နေသည့် နိုင်ငံ့အကြီးအကဲတစ်ဦး၏ ဖြတ်သန်းရမှုသည် လွယ်ကူလှသည် မဟုတ်ပါချေ။ သို့သော် နိုင်ငံတော်အတွက် မည်မျှအထိ စေတနာထားကြောင်းကို လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း နိုင်ငံတော်ဝန်ကြီးချုပ်၏ မိန့်ကြားချက်များကို ကြည့်၍သိနိုင်သည်။

အဆိုပါ မိန့်ကြားချက်များမှ အချက်အချို့ကို ထုတ်နုတ်တင်ပြရသော် “လူငယ်တွေကို စနစ်တကျပြုစုပျိုးထောင်ရန် အလေးထား ဆောင်ရွက်ကြရမယ်။ နိုင်ငံချစ်စိတ် အမျိုးသားရေးခံယူချက်ကောင်းအောင် ဖြည့်တင်းကြရမယ်။ ကျေးလက်မြို့ပြအားလုံး စနစ်တကျ တိုးတက်ရမယ်။ စည်းကမ်းကောင်းအောင် စီမံလေ့ကျင့်နေသင့်တယ်။ တာဝန်သိစိတ်၊ အလုပ်ကို တန်ဖိုးထားစိတ်ရှိအောင်ပျိုးထောင် လေ့ကျင့်ရမယ်။ပြည်ထောင်စု စိတ်ဓာတ်ခိုင်မာစေချင်တယ်။ ပြည်ထောင်စုဟာ ခိုင်မာနေရပါမယ်” စီးပွားရေးမှာ လူငယ်များကို အခြေတည်၍ ကျေးလက်၊ မြို့ပြမကျန် တိုးတက်စေလိုသည့် အကြီးအကဲ၏စေတနာကို ဤမိန့်ကြားချက်တွင် တွေ့နိုင်သည်။ နိုင်ငံ့အကြီးအကဲအနေဖြင့် တာဝန်ယူရသည့် ကာလတိုအချိန်အတွင်း မည်သည့်အခက်အခဲရှိရှိ၊ မည်သည့်အကျပ်အတည်းနှင့်တွေ့တွေ့၊ မည်သည့်အန္တရာယ်နှင့်ကြုံရကြုံရ နိုင်ငံတော်တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်သည်ကို အထင်အရှားတွေ့မြင်ရ၏။

၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ်နှင့် ၆ လ (၁၈ လ) ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal)” ဟူသည့် ခေါင်းစဉ်ဖြင့် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။ ထိုမိန့်ခွန်း၌ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် သူ၏မျှော်လင့်ချက်၊ ခံစားချက်များပါဝင်၏။ တိုက်တွန်းချက်များ ပါဝင်၏။ သုံးသပ်ချက်များလည်း တွေ့ရ၏။ တိုင်းရင်းသားတို့၏ ခွန်အားများ၊ ပေါင်းစည်းအားများတို့ဖြင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် နိုင်ငံသားအားလုံးတွေဝေမှု၊ တုံ့ဆိုင်းမှုများကို ဖယ်ထုတ်၍ရှေ့သို့ရိုးသား၊ ကြိုးစားကာ လှမ်းချီလိုသည်ကိုလည်း တွေ့ရ၏။

 လက်နက်ကိုင်ပဋိပက္ခများ ငြိမ်းအေးရန်အတွက် ဆက်လက်လျှောက်လှမ်းရဦးမည်

မြန်မာနိုင်ငံကဲ့သို့ ပဋိပက္ခနက်ရှိုင်းစွာတည်ရှိနေသည့် နိုင်ငံတစ်နိုင်ငံအတွက် အမျိုးသားရင်ကြားစေ့ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့သည် အရေးပါသည့် အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်သည်။ အမျိုးသားရင်ကြားစေ့ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အားနည်းခြင်းကြောင့် နိုင်ငံအတွင်း ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခြင်း၊ လက်နက်ကိုင်ပဋိပက္ခများရှိနေခြင်းနှင့် ၎င်း၏အကျိုးဆက် အနေဖြင့်လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေးမှအစ လူမှုရေးအဆုံး ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရန် အားနည်းလျက်ရှိနေဆဲဖြစ်၏။ နယ်စပ်ဒေသတိုင်းရင်းသားများ၊ တောင်ပေါ်ဒေသ တိုင်းရင်းသားများနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့်ဒေသများရှိ တိုင်းရင်းသားအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးလုပ်ဆောင်ရန် များစွာရှိသည့်အနက် အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့်အေးချမ်းတည်ငြိမ်ရေးတို့သည် မရှိမဖြစ် လိုအပ်နေမည်ဖြစ်၏။ ထိုသို့သော လက်နက်ကိုင်ပဋိပက္ခများ ငြိမ်းအေးရန်အတွက် ဆက်လက်လျှောက်လှမ်းရဦးမည်ဖြစ်၏။

နိုင်ငံတစ်ခုတွင် “နိုင်ငံတော်တည်ဆောက်ရေး” (State Building) နှင့် “တိုင်းပြည်တည်ဆောက်ရေး” (Nation Building) တို့မှာ နိုင်ငံသစ်တည်ဆောက်သူတိုင်း မလွှဲမရှောင်သာ ကြုံတွေ့ရမည့် ရှောင်လွှဲမရသော တာဝန်ကြီးနှစ်ရပ်ဖြစ်၏။ နိုင်ငံတစ်ခု၏ အစိုးရတစ်ရပ် ဖန်တီးပုံဖော်ယူရသည့် နိုင်ငံတော်တည်ဆောက်ရေးသည် အထိုက်အလျောက်အလွယ်တကူ တည်ဆောက်နိုင်၏။ သို့သော် တိုင်းပြည် တည်ဆောက်ရေးတွင် ပိုမိုနက်ရှိုင်း၊ ပိုမိုရည်မှန်းချက်ကြီး ရ၏။ ပို၍ခက်ခဲကြမ်းတမ်း၏။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် နိုင်ငံများ လွတ်လပ်ရေးရချိန်နှင့် စစ်အေးတိုက်ပွဲအပြီး နိုင်ငံအသစ်များ ပေါ်ထွက်လာချိန်ဖြစ်၏။ မြန်မာနိုင်ငံမှာမူ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိချိန်မှစ၍ ပေါ်ထွက်လာသည်ဟု ဆိုရမည်ဖြစ်၏။

လွတ်လပ်ရေးရပြီးစ အာဏာရ ဖဆပလပါတီက ဒီမိုကရေစီနိုင်ငံ ထူထောင်ရန် ကြိုးပမ်းခဲ့သည့် “နိုင်ငံတော်တည်ဆောက်ရေး” ကို ဆောင်ရွက်ခဲ့၏၊ သို့သော် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မီးပါ တွဲပါလာ၏။ “တိုင်းပြည်သစ်ကို မည်သည့်လမ်းစဉ်ဖြင့်သွားကြမည်” ကို အငြင်းပွားကြရာမှ ကွန်မြူနစ် အလံနီ ပြည်သူ့ရဲဘော်တို့ တောခိုသွား၏။ ပြည်တွင်းစစ်မီး တာရှည်လာသည့်နှင့်အမျှ ဖဆပလ၏ နိုင်ငံရေးတည်ဆောက်ရေးလုပ်ငန်းများ တုံ့ဆိုင်းပွန်းပဲ့လာရ၏။ နောက်ဆုံးတွင် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ခုလုံး ဆိတ်သုဉ်းသွားခဲ့ရ၏။ တိုင်းပြည်တည်ဆောက်ရေး မအောင်မြင်ရခြင်း၏ အစသည် ပြည်တွင်းစစ်ကြောင့်ဖြစ်၏။ ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးလမ်းစဉ်သည် လမ်းခုလတ်တွင် ရပ်တန့်သွားရတော့သည်။ ရှေ့သို့လှမ်းချီနိုင်ရန် ရွှံ့နွံတွင်ရောက်နေသော ခြေလှမ်းတိုင်းသို့သာ ရှေ့မတိုးနိုင်ခဲ့ချေ။ ရွှံ့နွံအတွင်း ငြိမ်းချမ်းရေးကြာပန်းဖြူကို တွေ့ရပါသော်လည်း ရင်ထဲကိုယ်စီတွင် စိတ်ဝမ်းကွဲပြားမှုများ၊ ရန်ငြိုးအာဃာတများ၊ အမုန်းတရားများ ကြောင့် နှလုံးသားချင်းနီးစပ်၍ မရနိုင်ဖွယ် ဖြစ်ကြရ၏။

ငြိမ်းချမ်းရေးအား ခေတ်အဆက်ဆက် အစိုးရတိုင်းကြိုးစားကြ၏။ နိုင်ငံရေး အကျိုးစီးပွားအမျိုးမျိုးကြောင့် တိုင်းရင်းသားအချင်းချင်းများအကြား စိတ်ဝမ်းကွဲမှု၊ မကျေလည်မှုများနှင့် မယုံကြည်မှုများကြောင့် ပကတိအရှိတရားတို့နှင့် ဝေးသထက်ဝေး၊ နွံနစ်သထက်နစ်လာရ၏။ မိမိပြည်တွင်းညီညွတ်ရေးကို မိမိတို့နိုင်ငံအတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်းသာ နားလည်ယုံကြည်မှုအားဖြင့် တည်ဆောက် ၍ ရနိုင်ပါသည်။ ဖြစ်ချင်သည်နှင့် ဖြစ်သင့်သည်ကို နှိုင်းဆရမည်သာ ဖြစ်၏။ဖြစ်သင့်သည်ဟူသော အကြောင်းခြင်းရာသည် အပြုသဘော ဘက်ဆောင်သည်ကိုလည်း သတိချပ်သင့်ပေ၏။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ငြိမ်းချမ်းရေးအတွက် ရှားပါးလှသည့် ခြေလှမ်းသစ်တံခါး တစ်ချပ်အားဖွင့်ပေးခဲ့၏။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားရှိပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကို ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ကမ်းလှမ်းဖိတ်ခေါ်ခဲ့၏။ တိုင်းပြည်၏ရှေ့ခရီးအတွက် ငြိမ်းချမ်းရေးရရှိရန် အလုံးစုံ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးရေးအပါအဝင် ဖြစ်နိုင်သမျှနည်းလမ်းစုံဖြင့် လမ်းဖွင့်ပေးထား၏။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ထမ်းဆောင်မှု ၁၈ လတာကာလအတွင်း နိုင်ငံတော်အကြီးအကဲနှင့် ကိုးကြိမ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် EAOs အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် အခြားအဖွဲ့အစည်းများနှင့် ၇၅ ကြိမ် တွေ့ဆုံခဲ့၏။ တွေ့ဆုံဆွေးနွေးခဲ့သည့် အဖွဲ့များနှင့် သတင်းထုတ်ပြန်ချက်များအရ အားရကြည်နူးဖွယ်ကောင်း၏။ ကာလတိုအတွင်း မကြာခဏတွေ့ဆုံကြ၏။ တွေ့ဆုံမှုပြီးတိုင်း ရင်းနှီးပွင့်လင်းမှုတိုးလာ၏။ ရင်းနှီးပွင့်လင်းမှုတိုးလာသည်နှင့်အမျှ ယုံကြည်မှုခိုင်မြဲလာ၏။ နိုင်ငံတော်၏ကောင်းမွန်သော အနာဂတ်မှာ အလှမ်းမဝေးတော့ပြီဟု ယုံကြည်မျှော်လင့်မိပါသည်။

တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “တွေ့ဆုံဆွေးနွေးမှုကတစ်ဆင့် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေကို အခွင့်အရေးတွေ ပေးအပ်နိုင်ဖို့ ဆောင်ရွက်ရန်သာအဖြေရှိပါမယ်။ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ အခွင့်အရေးတွေ၊ နစ်နာမှုတွေကို တရားဝင် နိုင်ငံရေးစင်မြင့်မှာ ပြောခွင့်၊ ဆိုခွင့်၊ တောင်းဆိုခွင့်ပေးရပါ လိမ့်မယ်။ ဒါကိုပေးဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွေပဲဖြစ်ပါတယ်။ ဒီတော့ လွှတ်တော်အသီးသီးမှာ တိုင်းရင်းသားတွေ၊ လူထုလူတန်းစားအလွှာ အသီးသီးကို ကိုယ်စားပြုတဲ့သူတွေပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၈ လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။ တိုင်းရင်းသားများ၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှု မရှိစေရေး လွှတ်တော်အသီးသီးတွင် တိုင်းရင်းသားကိုယ်စားလှယ်များ ပိုမိုပါဝင်နိုင်ရေး အလေးထားဆောင်ရွက်နေမှုမှာလည်း နိုင်ငံတော်အကြီးအကဲ၏ စိတ်ရင်းစေတနာထက်သန်မှုတို့ပင် ဖြစ်၏။

နိုင်ငံရေးအရတည်ငြိမ်မှသာလျှင် စီးပွားရေးအရ တိုးတက်လာမည်

အရာရာသည် ယုံကြည်မှုအပေါ်သာအခြေခံ၍ ရိုးသားစစ်မှန်သည့် ယုံကြည်မှုဖြင့်သာ ငြိမ်းချမ်းရေးကိုရမည် ဖြစ်၏။ ငြိမ်းချမ်းရေးနှင့် ဥပဒေမဲ့လုပ်ရပ်များ မရှိလျှင် နိုင်ငံရေးအရ တည်ငြိမ်မှုကို ဖြစ်ပေါ်စေမည်ဖြစ်၏။ နိုင်ငံရေးအရတည်ငြိမ်မှသာလျှင် စီးပွားရေးအရ တိုးတက်လာမည်ဖြစ်၏။ ယနေ့ကမ္ဘာ့အင်အားကြီး နိုင်ငံများသည် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရှိသဖြင့် စီးပွားရေးအရ တောင့်တင်းခိုင်မာရခြင်းဖြစ်၏။ နိုင်ငံရေးနှင့် စီးပွားရေး အပြန်အလှန်အမှီ သဟဲပြုနေသည်။ နိုင်ငံရေးအရမတည်ငြိမ်ခြင်း၊ စီးပွားရေးမူဝါဒ အမှားများကြောင့်လည်းကောင်း၊ အဓိကအားဖြင့် ပြည်တွင်းတွင် ထုတ်လုပ်၍ ရနိုင်သည့်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန် အားမပေးဘဲ မှာယူတင်သွင်းမှုများကြောင့် ပြီးခဲ့သည့်အစိုးရနှစ်ဆက်တွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၇၁ ဘီလီယံရှိခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် ၁၈ လတာ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ပို့ကုန်များ တင်ပို့နိုင်ရန်နှင့် မလိုအပ်သည့်သွင်းကုန်များကို လျှော့ချနိုင်ရေးစီမံခဲ့သည့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိရှိခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံတိုင်းတွင် စီးပွားရေးများ ထိခိုက်နေရ၏။ ကျဆင်းနေရ၏။ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ စီးပွားရေးထိခိုက်ခဲ့သည့် ရိုက်ခတ်မှုများ ကြုံတွေ့ကြရ၏။ ထို့အတူ အစိုးရအနေဖြင့် တာဝန်မယူမီအချိန်တွင် ပြည်တွင်း/ပြည်ပ ကြွေးမြီများသည် တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာခဲ့ရသည်။ စာရင်းများအရ ထုတ်ယူသုံးစွဲပြီးသည့် ကြွေးမြီပေါင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅၇ ဘီလီယံကျော်ရှိပြီး ၂၀၂၂ ခုနှစ် မတ်၃၁ ရက်အထိ ပေးဆပ်ပြီးသည့် ငွေပမာဏပေါင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၄ ဘီလီယံရှိခဲ့သည်။ ပေးဆပ်ရန်ကျန် ငွေပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၂ ဘီလီယံရှိခဲ့သည်။ ချေးငွေများအား နှစ်စဉ်အတိုးအရင်း ဒေါ်လာ သန်း ၇၀၀ ခန့်ကို လက်ရှိအစိုးရက ပေးဆပ်နေရ၏။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေး ဦးတည်ချက်(၃)ရပ်အား အခြေခံမူဝါဒများချမှတ်ပြီး ဦးစားပေးအစီအစဉ် အတိုင်း ဆောင်ရွက်လျက်ရှိ၏။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်၏။ စိုက်ပျိုးရေးထွက်ကုန်သည်နိုင်ငံထုတ်ကုန်၏ ပင်မထုတ်ကုန်တစ်ခုဖြစ်၏။ နိုင်ငံ၏၇၀ ရာခိုင်နှုန်းသောလူဦးရေမှာ ကျေးလက်နေပြည်သူလူထုများဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများကို အတတ်နိုင်ဆုံးကုစားနိုင်ရန်အတွက် တောင်သူလယ်သမားများနှင့် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းရှင်များကို စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ၂၃၃၅ ဒသမ ၄၉ ဘီလီယံအား အရင်းအနှီးအဖြစ် ပံ့ပိုးထုတ်ပေးခဲ့သည်။ အစိုးရသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသီးသီးတွင်ရှိသည့် စိုက်ပျိုး/မွေးမြူရေးအား အခြေခံသည့် စီးပွားရေးလုပ်ငန်းများအား အဓိကထား ဆောင်ရွက်နေသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် ရည်ရွယ်ဆောင်ရွက်နေ၏။ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီ၏ခွင့်ပြုချက်နှင့် စိစစ်သုံးစွဲလျက်ရှိသည့် ရန်ပုံငွေလက်ကျန် ၄၉၁ ဒသမ ၁၈ ဘီလီယံမှ ကျပ်ဘီလီယံ ၄၀၀ အား သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ ကျန်စီးပွားရေးလုပ်ငန်းများအား မြှင့်တင်သွားရန် ရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိ၏။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “အမြန်အကျိုးရလဒ်ဖြစ်စေမယ့် (Quick Win) လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းအတွက် ပထမဦးစားပေးဆောင်ရွက်သွားပါမယ်” ဟု ထည့်သွင်းပြောကြားထားခဲ့သည်။ မြန်မာနိုင်ငံ၏ ပကတိစီးပွားရေးလမ်းကြောင်းအား အကြီးအကဲ၏ အလေးအနက်ထားသည်မှာပေါ်လွင်သည်။ တောင်သူလယ်သမားများ၏ အကျိုးကိုရှေးရှုသည်။ ထိုသို့လုပ်ဆောင်ရာတွင် ဖြည့်ဆည်းသင့်တာ ဖြည့်ဆည်း။ ပံ့ပိုးသင့်တာပံ့ပိုးမည်ကိုလည်း ထည့်သွင်းပြောကြားပြီးဖြစ်သည့်အပြင် ထို့အတွက်မျှော်မှန်းချက်အနေဖြင့် (၁) အလုပ်အကိုင်အခွင့်အလမ်း များစွာပေါ်လာမယ်။ (၂) အလုပ်လုပ်သူတိုင်း ဝင်ငွေရလာမယ်။ (၃) ဝယ်လိုအားတိုးတက်လာမယ်။ (၄) ရောင်းကုန်ပစ္စည်းများ တိုးတက်လာတဲ့အတွက် တိုင်းပြည်ဝင်ငွေ ပိုမိုတိုးတက်လာပါမယ်။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာသာရှိပါတယ်။ တိုင်းပြည်အားနဲ့ တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်ကြရပါမယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်နှင့် ၆လ (၁၈ လ)ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်ပြီး ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရေး တွန်းအားပေးဆောင်ရွက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ ဝင်ငွေတိုးတက်စေရေး အလေးထားဆောင်ရွက်နေမှုကို တွေ့မြင်ရ၏။

ပညာရေးကဏ္ဍကို အလေးထားမှုသည် တိုင်းပြည်အတွက် မျှော်လင့်ချက်အားတစ်ခုပင်ဖြစ်

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးသာမက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီး၏။ လူသားအရင်းအမြစ်ဆိုသည်မှာ “ပညာ” အပေါ် အဓိကမူတည်၍ တည်ဆောက်ခြင်းဖြစ်သည်။ ထို့ကြောင့် ပညာရေးရင်းနှီးမြှုပ်နှံမှုကို အဓိကထားလုပ်ဆောင်ခြင်းဖြစ်သည်။ နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ-၂၈ အရ နိုင်ငံတော်သည် အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်ရမည်။ ပုဒ်မ-၃၆၆အရ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ (က) ပညာသင်ကြားပိုင်ခွင့်ရှိသည်။ (ခ) ဥပဒေဖြင့် ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်” ဟု ပြဋ္ဌာန်းထား၏။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း (KG+9) (အခြေခံပညာအလယ်တန်းအဆင့်) ပြီးဆုံးသည်အထိ ပညာသင်ကြားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရဲ့ပညာတတ်မြောက်မှုဟာ ခေတ်မီနိုင်ငံဖြစ်စေရန် လိုအပ်ချက်များစွာ ရှိနေသည့်အတွက်အနည်းဆုံး KG+9 အဆင့်ထိ တတ်မြောက်စေလိုပါကြောင်း၊ ကျေးလက်စီးပွားရေးနှင့် SME များတွင် အထောက်အကူရရှိနိုင်စေရန်လာမည့် ပညာသင်နှစ်တွင် ခရိုင် ၅၀ ၌ အထက်တန်းကျောင်း ၁ ကျောင်းစီမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုပညာရပ်များကို Grade-10 မှ Grade-12 ထိတွဲဖက်သင်ကြား ပေးမည်ဖြစ်ပါကြောင်း၊ အောင်မြင်သူများအနေဖြင့် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီပါက စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုသိပ္ပံသုံးနှစ်သင်ကျောင်းများတွင် ဆက်လက်သင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ ထူချွန်သူများအနေဖြင့် တက္ကသိုလ်ပညာကို ဆက်လက် သင်ကြားရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ပင် ပုံမှန်အထက် တန်းကျောင်းများကလည်း Grade-12 ပညာပြီးဆုံးပါက မိမိရွေးချယ် တက်ရောက်လိုသည့် အဆင့်မြင့်ပညာများကို သတ်မှတ်ချက်နှင့်အညီ သင်ကြားခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ ပညာရေးမြှင့်တင်ခြင်းဖြင့် ခေတ်မီနိုင်ငံတော်တည်ဆောက်ရေး လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏တစ်နှစ်နှင့် ၆ လ (၁၈ လ)ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍကို အလေးထားမှုသည် တိုင်းပြည်အတွက် မျှော်လင့်ချက်အားတစ်ခုပင်ဖြစ်သည်ကို တွေ့ရသည်။ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် အလွန်အရေးကြီးသည်။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဆောင်ရွက်ရာ၌ အားကစားကဏ္ဍသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်သည်။ အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့် စွမ်းရည်ယှဉ်ပြိုင်မှုမျိုးဖြစ်သည်။ အားကစားစိတ်ဓာတ်သည် တိုင်းပြည်ချစ်စိတ်ကို ဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် တိုင်းပြည်ကာကွယ်လိုသည့်စိတ် ဖြစ်ပေါ်စေမည်ဖြစ်သည့်အတွက် အားကစားကဏ္ဍကို အားပေးဆောင်ရွက်ရန် လိုသည်။ ထို့ကြောင့်နိုင်ငံ၏အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ရေရှည်ဆောင်ရွက်ရမည်ဖြစ်သည်။ အားကစားအောင်နိုင်ရေးအတွက် လေ့ကျင့်ခြင်းသည် နိုင်ငံတော်၏အလုပ်တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည့်အတွက် တာဝန်ရှိသူများက (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး တံဆိပ်ရရှိခဲ့သည့် အားကစားသမားများအား အသိအမှတ်ပြု ဆုချီးမြှင့်နေရာပေးအပ်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ၏ ဘဝအာမခံချက်ရှိစေရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ မျိုးချစ်စိတ်အား ၎င်းနိုင်ငံသားများပါဝင်သည့် အားကစားပြိုင်ပွဲများကတစ်ဆင့် လေ့လာသိရှိနိုင်သည်။ နိုင်ငံတကာတွင် နိုင်ငံအချို့သည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအင်အား မတောင့်တင်းသော်လည်း အားကစားအောင်မြင်မှုများကြောင့် အခြားသောနိုင်ငံများ၏ အလေးပေးခြင်း၊ အသိအမှတ်ပြုနေရာပေးခြင်းများရှိသည့်အတွက် မိမိတို့နိုင်ငံသားများအနေဖြင့် အားကစား၏တန်ဖိုးကို သိရှိနားလည်ပြီး အမျိုးသားရေး စိတ်ဓာတ်ခံယူချက်ကောင်းများဖြင့် ထားရှိဆောင်ရွက်ရမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံတွင် မည်သည့်အစိုးရပင် တာဝန်ယူသည်ဖြစ်စေ နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူလူထု အကျိုးကိုရှေးရှုသည့် ပန်းတိုင်များချမှတ်၏။ လက်ရှိအစိုးရသည် နိုင်ငံတော်၏ အကျိုးစီးပွားကိုရှေးရှုလျက် အမျိုးသားရေး စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် တိုင်းပြည်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သည့်အခြေခံများကို ထူထောင်လျက်ရှိပါသည်။ ပကတိလိုအပ်ချက်ဖြစ်သည့် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ပြီး ထာဝရငြိမ်းချမ်းရေးရရှိရေး အလေးပေးဆောင်ရွက်လျက်ရှိသည်။ စည်းလုံးညီညွတ်မှု၊ တည်ငြိမ်မှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ “ရှေ့သို့ချီမည်ပန်းတိုင်ဆီ” “Keep Moving Forward to Achieve Our Goal” ပင်ဖြစ်သည်။ “တစ်ယောက်အားဖြင့် ယူသော်မရ၊ တစ်သောင်းအားဖြင့် ယူသော်ရ၏” ဟူသော ဆိုရိုးရှိသည်။ ညီညွတ်မှုသည် အခရာဟုဆိုရမည်ဖြစ်၏။ လက်ရှိမြန်မာနိုင်ငံတွင် တိုင်းဖျက်၊ ပြည်ဖျက်များ၏ စက်ဆုပ်ဖွယ်လုပ်ရပ်များက တိုင်းပြည်အဖို့မှာ ညစ်ထေးလှသည့် ရွှံ့နွံသဖွယ်ရှိချေ၏။ တိုင်းပြည်အတွက် စေတနာပါပါ စံနမူနာပြ စီမံအုပ်ချုပ်အလုပ်လုပ်နေသည့် ခေါင်းဆောင်တစ်ဦး၏ အောက်ဝယ်နိုင်ငံသူ၊ နိုင်ငံသားအားလုံး ညီညွတ်သောအား၊ စည်းလုံးသောပြုမူဆောင်ရွက်ချက်များဖြင့် ရှေ့သို့လှမ်း၍ချီတက်နေပါမူ ကျွန်တော်တို့နိုင်ငံသည် ရွှံ့နွံကြားမှ တိုးထွက်လာသည့် လရောင်ဆမ်းသော ပဒုမ္မာကြာပန်းသဖွယ် ရှိနေချေတော့မည်ဟု ယုံကြည်မိပါ၏။ ။