ကော့သောင်းခရိုင်အတွင်းက ထူးခြားလှပသည့် ပင်လယ်ကျွန်းများဆီသို့
ကျော်စိုး(ကော့သောင်း)
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကော့သောင်းဒေသသည် သဘာဝပထဝီအနေအထားအရ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်း၊ နူးညံ့သည့် သဲဖြူကမ်းစပ်များရှိသည့် ကျွန်းများ၊ အမျိုးစုံလင်လှသော သဘာဝပေါက်ပင်များ၊ ဒီရေတောများ၊ ကုန်းနေရေနေသတ္တဝါများ၊ ငှက်မျိုးစိတ်များ၊ ပင်လယ်ရေအောက် သန္တာကျောက်တန်းများ ပေါကြွယ်ဝသဖြင့် ထူးခြားသောသဘာဝအရင်းအမြစ်များ ပိုင်ဆိုင်ထားသည်။
ကျွန်းများ ဆက်စပ်တည်ရှိနေခြင်းကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်မှုနည်းပါးခြင်း၊ ကျွန်းများပေါ်တွင် လူနေထိုင်မှုနည်းပါးပြီး သဘာဝ သယံဇာတအလှအပများမြောက်မြားစွာ မပျက်မစီး တည်ရှိနေခြင်း၊ ရေပေါ် ရေအောက်ရာသီဥတုနှင့် အပူချိန်မျှတခြင်း၊ ကျွန်းတိုင်းလိုလိုတွင် သဲသောင်တန်းများ သဘာဝအလျောက်ရှိနေခြင်းတို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အဖွဲ့လိုက်၊ မိသားစုလိုက် အပန်းဖြေလာရောက်ရန် ဆွဲဆောင်လျက်ရှိသည်။
သဘာဝအမွေအနှစ်များ
ထိုသို့ သဘာဝအမွေအနှစ်များတည်ရှိရာ ကော့သောင်းဒေသသည် မြန်မာနိုင်ငံ၏ တောင်ဘက်စွန်း တနင်္သာရီကမ်းရိုးတန်းဒေသ၏ တောင်ဘက်အကျဆုံးအပိုင်း ကော့သောင်းခရိုင်တွင် တည်ရှိသည်။ ကော့သောင်း ခရိုင်သည် မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၅၈ မိနစ်နှင့် ၁၁ ဒီဂရီ ၁၅ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၇ မိနစ် နှင့် ၉၉ ဒီဂရီ ၂၄ မိနစ်အကြားတွင် တည်ရှိပြီး မြောက်ဘက်တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ်၊ အရှေ့ဘက်တွင် ပါချန်မြစ်နှင့် ထိုင်းနိုင်ငံ၊ တောင်ဘက်နှင့် အနောက်ဘက်တို့တွင် ကပ္ပလီပင်လယ်ပြင်တို့ ထိစပ်တည်ရှိသည်။ ကော့သောင်းခရိုင်တွင် မြို့နယ် နှစ်မြို့နယ်၊ မြို့ သုံးမြို့၊ ရပ်ကွက်ပေါင်း ၂၁ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၃၈ အုပ်စုနှင့် ကျေးရွာပေါင်း ၁၆၂ ရွာတို့ရှိပြီး တိုင်းရင်းသားစုံလင်စွာ မှီတင်းနေထိုင် လျက်ရှိသည်။
ကော့သောင်းခရိုင်ရှိ ရှည်လျားသောပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ကျွန်း စုစုပေါင်း ၁၃၅ ကျွန်းရှိပြီး ကျွန်းများအားလုံးနီးပါး သဘာဝအလှအပများ၊ သက်ရှိမျိုးစိတ်ဇီဝမျိုးကွဲများ၊ ပင်လယ် ရေအောက် သန္တာကျောက်တန်းများဖြင့် သဘာဝအလျောက် စိတ်ဝင်စားဖွယ်များဖြင့် ပြည့်နှက်လျက်ရှိကာ လာရောက်လည်ပတ်အနားယူအပန်းဖြေရန် စိတ်ဝင်စားဖွယ်ကျွန်းတချို့ကို ဖော်ပြ လိုက်ရပေသည်။
စေတန်ကျွန်းသည် ဖြူဖွေးနူးညံ့ သော သဲသောင်ပြင် မီတာ ၁၅၀ဝ ခန့် ရှိပြီး လှပသောကမ်းခြေ သုံးခုရှိသည်။ ကျွန်း၏အနောက်ဘက်ခြမ်း သဲသောင်ပြင်၏ အနောက်ဘက် ပေ ၅၀ဝ ခန့် အကွာတွင် ရေငုပ်လည်ပတ်နိုင်သည့် နေရာအနည်းငယ်ရှိပြီး ရေချိုရရှိ၍ ခရီးတစ်ထောက်နားခိုရာ နေရာကောင်းဖြစ် သည်။ ကော့သောင်းမြို့နှင့် ၃၄ မိုင် အကွာတွင်တည်ရှိပြီး ဧရိယာစတုရန်း မိုင် ၄၈၅ မိုင် ကျယ်ဝန်းသည်။
ညောင်ဦးဖီးကျွန်းသည် မြောက်ဘက်ပင်လယ်အော်တွင် ကမ်းခြေလှပ၍ လေအကာအကွယ်ကောင်းသော နေရာဖြစ်သည်။ ရေအနက်မီတာ ၂၀ ခန့်တွင် တွေ့ရတတ်သော Sea Fan (သန္တာ ကျောက်တန်းအမျိုးအစားဝင်)များအား ကျွန်း၏ မြောက်ဘက်ပိုင်း ရေအနက်(၃)မီတာခန့်တွင် တွေ့ပါသည်။ နူးညံ့ဖြူဖွေး အိစက်သည့်သဲသောင်ပြင်ရှိပြီး ရေချိုရရှိကာ TZK Co.,Ltd ၏ ညောင်ဦးဖီး အပန်းဖြေရီဆော့ဟိုတယ်ဖြင့် သာယာလှပလှပါသည်။
ခရင်းခွကျွန်းသည် လှပပြီးရှည်လျား သောကမ်းခြေ တည်ရှိသည်။ Myanmar Andaman Resort ရှိပြီး ရေပြာ၍ ကျောက်ချရပ်နားရန်ကောင်းသော နေရာများဖြစ်ပါသည်။ ရေငုပ်လည်ပတ်နိုင် သည့်နေရာနှင့် အပန်းဖြေရေကူးရန် နေရာများရှိပြီး ပင်လယ်မြွေများ၊ ပင်လယ် ငါးရှဉ့်များနှင့် ငါးမျိုးစိတ်အမျိုး ၂၀ ခန့် တွေ့ရသည်။ စိမ်းလန်းသောကျွန်းဖြစ်ပြီး တောဝက်များရှိသည်။
ငခင်ညိုကြီးကျွန်းတွင် လှပသော ကျောက်တုံးများဖြင့် သဘာဝအလျောက် ရှိနေသော Stone Garden များအပြင် ရေချိုစမ်းချောင်းငယ်ရှိသည်။ ကျွန်း၏ အနောက်ဘက်တွင် ငါးဧကခန့်ရှိ ရေငုပ် လည်ပတ်နိုင်သည့်နေရာ နေရာကောင်းရှိပြီး တစ်ခါတစ်ရံ ငါးမန်းများ တွေ့ရပါသည်။ အပန်းဖြေခရီးစဉ်များ၏ လမ်းကြောင်းပေါ်တွင် တည်ရှိသော ကျွန်းဖြစ်သဖြင့် ဧည့်သည်အများစု နားခိုလေ့ရှိသည်။ ကျွန်းဖီလာကျွန်းတွင် ကျွန်း၏အနောက်ဘက်ခြမ်းသည် ငြိမ်သက်ပြီး ကမ်းခြေသာယာပါသည်။ ဧည့်သည်များ မီးပုံပွဲလုပ်လေ့ရှိပြီး ကမ်းခြေသည် ၁၂ မီတာ ရှည်လျား၍ အရှည်ဆုံးကမ်းခြေ ဖြစ်သည်။ တောဝက်နှင့် မျောက်များတွေ့ရတတ်သည်။ အရှေ့ဘက်ကမ်းခြေတွင် ရွာငယ်ရှိပြီးရေချိုနှင့် ကျောက်ပုစွန်များရှိသည်။ ကျွန်း၏အနောက်မြောက်ဘက်တွင် နားခိုကျွန်းငယ်များရှိကာ ရေအောက်လေ့လာရန် နေရာကောင်းများဖြစ်ပြီး သာယာသော ကမ်းခြေများရှိသည်။
၁၁၅ ကျွန်းသည် ရေချိုရရှိသော ကျွန်းဖြစ်ပြီး ကျွန်းပတ်လယ်တောလမ်းများတွင် သွားလာကြည့်ရှုနိုင်ပါသည်။ ကမ်းခြေလှပ၍ ရေကြည်လင်ပြီးရေအနက် ၁၂ မီတာခန့်တွင် ကျောက်ချရပ်နားရန် နေရာကောင်းများရှိသည့်အပြင် သံကူကွန်ကရစ် အမျိုးအစား ပေ ၁၅၀ ရှိ ဆိပ်ခံတံတားရှိသည်။
ဗိုလ်ချိုကျွန်းသည် မကြုံဂလက် ကျေးရွာရှိပြီး ဗမာ၊ ဆလုံ၊ ကရင်တိုင်းရင်းသားများ နေထိုင်၍ လူဦးရေ ၈၀ဝ ခန့်ရှိပါသည်။ ဧည့်သည်များ ကျွန်းပေါ်တက်ရောက်လည်ပတ်လေ့ရှိပြီး အမှတ် တရပစ္စည်းများအား ဒေသခံများက ရောင်းချသည်။ ရှားပါးလူသားမျိုးနွယ်စု တစ်ခုဖြစ်သည့် ဆလုံ(ခ) မော်ကင်း (ခ) ပင်လယ်ပျော် လူသားမျိုးနွယ်စုများကိုသဘာဝအတိုင်း တွေ့မြင်ရမည် ဖြစ်သည်။
ကြက်မောက်ကျွန်းသည် အသည်းပုံ သဏ္ဌာန်ရေကန်တစ်ခုရှိပြီး မတ်စောက် သောကျောက်တောင်များဖြင့် ဖွဲ့စည်းထားသည်။ ဇီဝဇိုးငှက်များ၏ သဘာဝ ငှက်သိုက်များကို တွေ့မြင်ရနိုင်ပြီး သဘာဝမြက်ပင်နှင့် မုန်တိုင်ပင်ကဲ့သို့ သောအပင်ငယ်များ ပေါက်ရောက်သည်။
အဏ္ဏဝါအမျိုးသားဥယျာဉ်
လန်ပိကျွန်း၏ တောင်ဘက်ခြမ်းကမ်းခြေတွင် ရှည်လျားသောသဲသောင် ကမ်းခြေရှိ၍ ညအိပ်ကျောက်ချ ရပ်နားနိုင်သော နေရာများရှိပါသည်။ ကျွန်းတွင်လမုချောင်းရှိပြီး ရေချိုရရှိပါသည်။ ပင်လယ်မြက်၊ အမြဲစိမ်းသစ်တော၊ ဒီရေတော စသည့်သဘာဝပေါက်ပင်နှင့် ကုန်းနေ၊ ရေနေသတ္တဝါများ၊ ငှက်မျိုးစိတ်များရှိပြီး အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားသော ကန့်သတ်နယ်မြေဖြစ်သည်။
သန္တာကျောက်တန်းများတွေ့ရှိ
ဝအလယ်ကျွန်းသည် အောက်ခြေသဲနုများရှိသော ရှည်လျားသည့်ကမ်းခြေရှိပါသည်။ ကျွန်းတွင် ရေချိုစမ်းချောင်းရှိပြီး ကျွန်းတစ်ဝိုက် အပန်းဖြေလမ်းလျှောက် လည်ပတ်နိုင်ပါသည်။ ပင်လယ်ဒီရေတောများကို သဘာဝအနေအထားအတိုင်း ထိန်းသိမ်းထားကာ သန္တာကျောက်တန်းများတွေ့ရှိရပြီး ပင်လယ်လိပ်များ သားပေါက်သည့်ကျွန်း ဖြစ်ပါသည်။
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ရှိ ကျွန်းများမှာ ဖန်ဆင်းသည့် ပရိယာယ်မရှိသော ပင်လယ်ပြင်အတွင်း သဘာဝအတိုင်း သာယာလှပသော ရေအောက်သန္တာကျောက်တန်းများနှင့် ရေအောက်ရှားပါးသတ္တဝါများ၊ ဒီရေတောများ၊ အမြဲစိမ်းတောများ စသည့်သဘာဝ သယံဇာတများ ပေါကြွယ်ဝလျက်ရှိပြီး ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။