အဖွဲ့အစည်း စွမ်းဆောင်ရည်မြင့်မားရေးနှင့် လုပ်ငန်းခွင်ပျော်ရွှင်မှု
လုပ်ငန်းခွင်ပျော်ရွင်မှု (Happiness at work) သည် စီးပွားရေးလုပ်ငန်းတစ်ခုအတွက်ဖြစ်စေ၊ စုပေါင်းလုပ်ဆောင်ရသည့် အဖွဲ့အစည်းတစ်ခုအတွက်ဖြစ်စေ အရေးပါသောကဏ္ဍတစ်ရပ် ဖြစ်သည်။
လူအများနှင့် စုပေါင်းလုပ်ဆောင်ရသော စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအတွက် ထုတ်လုပ်မှုစွမ်းအား၊ ဝန်ဆောင်မှုစွမ်းအား တိုးတက်လာစေရန် ဆိုသည်မှာ စီမံခန့်ခွဲမှုမှအစ ပြန်လည်ဆန်းစစ်ရသည့်လုပ်ငန်းအဆုံး လုပ်ငန်းစဉ်များစွာ ဆက်စပ်နေပါသည်။ စီးပွားရေးလုပ်ငန်း တစ်ခုနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းတစ်ခု၏ စီမံအုပ်ချုပ် ရသည့်လုပ်ငန်း သဘောသဘာဝ၊ အယူအဆနှင့် နည်းလမ်းတို့ ကွဲပြားခြားနားမှုများရှိသော် လည်း လူသားရင်းမြစ်စီမံခန့်ခွဲမှုတွင် လုပ်ငန်းခွင် ပျော်ရွင်မှုရှိရေးမှာ လိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။
လုပ်ငန်းခွင်ပျော်ရွင်မှုဆိုသည်မှာ လုပ်ငန်းတစ်ခုလုပ်ကိုင်ပြီးနောက် သို့မဟုတ် လုပ်ငန်းမှ ရရှိသော လူသားတစ်ဦး၏ စိတ်ခံစားမှု ဖြစ်သည်။ ယင်းခံစားမှုသည် မိမိလုပ်ကိုင်ဆောင်ရွက် လိုက်သည့်အလုပ်နှင့်ပတ်သက်၍ အပြုသဘောတုန့်ပြန်မှုသည့် အခါနှင့် ပရော်ဖက်ရှင်နယ် လုပ်ငန်းတစ်ခု တွင်ပါဝင်ဆောင်ရွက်၍ ခံစားရသည့်အခါ ဖြစ်ပေါ်လာသည်။
လုပ်ငန်းခွင်ပျော်ရွှင်မှု
ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတိုးတက်ရန်အတွက် လုပ်ငန်းခွင်ပျော်ရွှင်မှုမှာ များစွာအရေး ပါကြောင်း သုတေသနတွေ့ရှိချက် အသစ်များက ဖော်ပြနေပါသည်။ ပျော်ရွှင်နေသည့် ဝန်ထမ်း များသည် ပိုမိုကောင်းမွန်သောအလုပ်ကို လုပ်ဆောင်ကြကြောင်း အောက်စဖို့စ်တက္ကသိုလ်က လေ့လာ တွေ့ရှိခဲ့သည်။ ပျော်ရွင်ဖွယ်လုပ်ငန်းခွင်ဖြစ်ရန် သို့မဟုတ် လုပ်ငန်းခွင်တွင် ပျော်ရွင်မှု ရှိစေရန် ဆိုသည်မှာ မိမိလုပ်ကိုင်ရသောလုပ်ငန်းအတွင်း နှစ်သက်ကျေနပ်မှုရှိခြင်း၊ စိတ်ဝင်စား ဖွယ်ရှိခြင်း၊ မျှတသောဝန်းကျင်ဖြစ်ခြင်း၊ မျှော်လင့်ချက်ရှိခြင်းကဲ့သို့သော လုပ်ငန်းဝန်းကျင် ဖြစ်ရန် စီမံခန့်ခွဲခြင်း ဖြစ်သည်။ သို့မှသာ လူသားရင်းမြစ် စုဆောင်းခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ ထိန်းသိမ်းခြင်းတို့တွင် ဆွဲဆောင်နိုင်ပြီး ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုများမှ တစ်ဆင့် အဖွဲ့အစည်း၏ စွမ်းဆောင်ရည်တိုးတက်ခြင်း၊ အောင်မြင်ခြင်းနှင့် ရေရှည်ထိန်းသိမ်း နိုင်ခြင်းများ ရရှိနိုင်မည် ဖြစ်သည်။
ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွင်မှုရရှိရန်ဆောင်ရွက်ရာတွင် တစ်ခါတစ်ရံ ခံစားခွင့်နည်းခြင်း၊ များခြင်း၊ အဆင့်တိုးရခြင်း၊ မရခြင်းနှင့် တိုက်ရိုက်မသက်ဆိုင်တတ်ချေ။ ထို့အတူ လုပ်ငန်းခွင် အတွင်း ပြိုင်ဆိုင်မှုဖြင့်လည်း လုပ်ငန်းခွင်ပျော်ရွင်မှုရရှိမည်ဟု တစ်ထစ်ချမဆိုနိုင်ချေ။ ဥပမာအားဖြင့် ကုမ္ပဏီ တစ်ခု၏ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးသည် ယင်း၏အလုပ်ကို ဂုဏ်ယူစွာ၊ မြတ်နိုးစွာ၊ ပျော်ရွင်စွာ လုပ်ဆောင်နေခြင်းသည် ခံစားခွင့်၊ ရာထူးတို့နှင့် တိုက်ရိုက်အချိုးမကျ သည်ကို တွေ့နိုင်သည်။ ကုမ္ပဏီတစ်ခု၊ ဌာနဆိုင်ရာတစ်ခုတွင် ရာထူးအမြင့်ဆုံးမှ အောက်ဆုံး အထိ ဝန်ထမ်းများ ပျော်ပျော်ရွင်ရွင်၊ တက်တက်ကြွကြွဖြင့် မိမိတာဝန်ကို တန်ဖိုးထား လုပ်ဆောင်နိုင်ရန် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များစွာ လိုအပ်ပါသည်။
ယင်းလုပ်ငန်းစဉ်များစွာအနက်မှ ပျော်ရွင်ဖွယ်လုပ်ငန်းခွင်စီမံခန့်ခွဲခြင်း သို့မဟုတ် လုပ်ငန်း ခွင်အတွင်း ကျေနပ်နှစ်သိမ့်မှု ရရှိစေခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများတွင် ထုတ်လုပ်မှု သို့မဟုတ် ဝန်ဆောင်မှုစွမ်းအားကို မြင့်တက်စေပြီး လုပ်ငန်း စွမ်းဆောင်ရည်တိုးတက်မှုအပေါ် အပြုသဘောများစွာအကျိုးသက်ရောက်စေပါသည်။ နည်းပညာကုမ္ပဏီ ဂူဂဲလ် ကဲ့သို့သော ကုမ္ပဏီများတွင် ပိုမိုပျော်ရွင်သည့်ဝန်ထမ်းများဖြစ်စေရန်အတွက် လိုအပ်သည်များ ရင်းနှီးမြှုပ်နှံ ထားကြပြီး ယင်း၏အကျိုးဆက်အဖြစ် ထုတ်လုပ်မှုစွမ်းအား ပိုမိုရရှိသည်ကို တွေ့ရပါသည်။
ပြုပြင်ပြောင်းလဲ
သို့ဖြစ်ရာ ကမ္ဘာအဆင့်ကုမ္ပဏီကြီးများသာမက လုပ်ငန်းကြီးသည်၊ ငယ်သည်မဟူ စီးပွားရေး လုပ်ငန်းဖြစ်စေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းဖြစ်စေ လူသားရင်းမြစ်စီမံခန့်ခွဲမှုစနစ်များကို လုပ်ငန်းလိုအပ်ချက်အပြင် အခြေအနေ၊ အချိန်အခါလိုအပ်ချက်များနှင့် အညီ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန် လိုအပ်ပါသည်။ စတုတ္ထစက်မှုတော်လှန်ရေးအခြေအနေတွင် နည်းပညာ တိုးတက်လာမှုနှင့် ကျွမ်းကျင်လုပ်သားများလိုအပ်လာမှုကြောင့် ပစ္စပ္ပုန်နှင့် အနာဂတ် ခေါင်းဆောင်များအတွက် ပရော်ဖက်ရှင်နယ်စီမံခန့်ခွဲမှုများ လိုအပ်နေပြီဖြစ်သည်။ လုပ်ငန်းနေရာအများစုတွင် စက်ရုပ်များ၊ အသိဉာဏ်တုများဖြင့် အစားထိုးလုပ်ကိုင်နေကြပြီ ဖြစ်သော်လည်း လူသားများသည် အသိပညာရှင်၊ အတတ်ပညာရှင်၊ ဆုံးဖြတ်ချက်ချမှတ်သူ၊ ပြဿနာဖြေရှင်းသူနှင့် လေ့လာသင်ယူသူ နေရာတွင် ရှိနေဆဲ ဖြစ်သည်။ အခြားတစ်ဖက်တွင် ဖွံ့ဖြိုးမှုနောက်ကျသောနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများတွင် လူသားအခြေပြု လုပ်ကိုင်ဆောင်ရွက် နေကြရဆဲဖြစ်သည်။
ပြန်လည်သုံးသပ်သင့်
အံ့မခန်းနည်းပညာများ တိုးတက်လာသောခေတ်တွင် အလုပ်ရှင်များအနေဖြင့် ဝန်ထမ်းများ ခန့်အပ်မှုနှင့် စိတ်ပိုင်းဆိုင်ရာလှုံဆော်မှု ဆိုင်ရာ နည်းလမ်းများကို ပြန်လည်သုံးသပ်သင့်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အနာဂတ်အလုပ်အကိုင်ဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ထိုသို့ သောအခြေအနေတွင် မိမိတို့၏ လူသားရင်းမြစ်ဝန်ထမ်းများကို လှုံ့ဆော်ရန်နှင့် ပူးပေါင်း ဆောင်ရွက် လာစေရန်မှာ အဖွဲ့အစည်းများအတွက် ယခင်ကထက် ပို၍အရေးပါလာနေပြီ ဖြစ်သည်။
လုပ်သား ၁၈၀၀ ကို ၆ လကြာလေ့လာမှုများအရ ပျော်ရွင်သောလုပ်သားများသည် လုပ်ငန်း လုပ်ဆောင်မှု ပိုမိုမြန်ဆန်ရုံသာမက အခြားမပျော်ရွင်သည့် သူတို့လုပ်ဖော်ကိုင်ဖက်များထက် ရောင်းအား ၁၃ ရာခိုင်နှုန်း ပိုမိုအောင်မြင်ခဲ့ကြကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ပျော်ရွင်နေသည့်လုပ်သားများသည် သူတို့၏ ထူးခြားသော လုပ်ငန်း စွမ်းဆောင်ရည်ရရှိရန်အတွက် အခြားမပျော်ရွင်သည့် သူတို့လုပ်ဖော်ကိုင်ဖက်များထက် အချိန်ပိုမိုမပေးရသည်ကို တွေ့ရှိခဲ့ရသည်။ ဆိုလိုသည်မှာ လုပ်ငန်းခွင်ပျော်ရွင်မှုသည် လုပ်ဆောင်ချိန်လျော့ချနိုင်ပြီး လုပ်ငန်းအောင်မြင်မှု ပိုမိုရရှိခြင်းပင် ဖြစ်သည်။
အသိအမှတ်ပြုခြင်းကိုလိုလား
ပျော်ရွင်မှုသည် အပြုသဘောခံစားမှု ဖြစ်ပါသည်။ ပျော်ရွင်မှုနှင့် စိတ်ကျေနပ်မှုသည် ကောင်းကျိုးဖြစ်စေသည့် သဘောဖြစ်သည်။ ငွေကြေးထောက်ပံ့မှုသည် လုပ်ငန်းခွင် စိတ်ကျေနပ်မှုကို ဖြစ်စေနိုင်ကြောင်းဆိုကြသော်လည်း အချို့သည် ငွေကြေး၊ ရာထူးတို့ထက် မိမိ၏ကြိုးပမ်း လုပ်ဆောင်မှုအပေါ် အသိအမှတ်ပြုခြင်းကို လိုလားတတ်ကြ၏။ အလားတူပင် လုပ်ငန်းခွင်အတွင်း ရင်းနှီးမှုရှိခြင်းနှင့် အပြန်အလှန်လေးစားမှုရှိခြင်းသည် လူတစ်ချို့အတွက် ပျော်ရွင်ကျေနပ်မှုရရှိစေပါသည်။ ထိုသို့သောအချိန်တွင် ခေတ်ကာလနှင့် မဆီလျော်တော့သည့် သမားရိုးကျ စီမံခန့်ခွဲမှု နည်းလမ်းများ၊ ကြိုးနီစနစ်များသည် တစ်ဦးချင်းစီ၏အရည်အသွေး၊ အဖွဲ့အစည်း၏ အရည်အသွေးများကို ကျဆင်းစေလျက်ရှိပါသည်။
အဖွဲ့အစည်း၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် တစ်ဦးချင်း စွမ်းဆောင်ရည်၊ အုပ်စု အလိုက် စွမ်းဆောင်ရည်နှင့် အဖွဲ့အစည်းတစ်ခုလုံး၏ စွမ်းဆောင်ရည်များ ဟန်ချက်ညီ တိုးတက်နေရန် လိုအပ်ပါသည်။ လုပ်ငန်းခွင်ပျော်ရွင်မှုသည် ယင်းတို့အနက် အစိတ်အပိုင်းတစ်ခု ဖြစ်ရာ လုပ်ငန်းခွင်ပျော်ရွင်မှု၊ ကျေနပ်မှုဆောင်ရွက်ရာတွင်လည်း တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုလုံးအတွက်ဖြစ်စေ စီမံခန့်ခွဲရန်လိုအပ်ပါသည်။
အပေါ်ယုံကြည်မှုရရှိစေနိုင်
ဥပမာအားဖြင့် တစ်ဦးချင်း အပိုင်းကဏ္ဍစီမံဆောက်ရွက်ရာတွင် အလုပ်ခန့်ထားမှုအခြေအနေ၊ လုပ်ငန်း၏ အဓိပ္ပါယ်ရှိမှု၊ လုပ်ငန်းခွင်လုံခြုံရေး၊ မျှတမှု၊ လုပ်ငန်းခွင်အတွင်းဆက်ဆံရေး၊ လုပ်ငန်းခွင်ယဉ်ကျေးမှု၊ အသိအမှတ်ပြုမှုနှင့် လွတ်လပ်စွာလုပ်ပိုင်ခွင့်၊ အလုပ်ချိန်၊ အလုပ်အကိုင် ပြောင်းလွယ်ပြင်လွယ်မှု တို့လိုအပ်ပြီး ယင်းမှတစ်ဆင့် လုပ်ငန်းအပေါ် တစ်ဦးချင်း၏ ကျေနပ်နှစ်သိမ့်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အဖွဲ့အစည်း အပေါ်ယုံကြည်မှု ရရှိစေနိုင်ပါသည်။
အလားတူပင် အဖွဲ့အစည်းတစ်ခုလုံးအနေဖြင့် လုပ်ငန်းခွင် ပျော်ရွှင်မှုစီမံဆောင်ရွက်ရာတွင် လေ့ကျင့်မှုနှင့် တိုးတက်မှု၊ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု၊ အကျိုး ခံစားခွင့်၊ ကျွမ်းကျင်မှုအပေါ်တန်ဖိုးထားမှု၊ လက်အောက်ငယ်သားဆက်ဆံရေး၊ အသက်မွေးဝမ်း ကြောင်းတိုးတက်မှုအခွင့်အလမ်းတို့ စီမံဆောင်ရွက်ပေးခြင်းဖြင့် ဝန်ထမ်းထိန်းသိမ်းခြင်းနှင့် ဝန်ထမ်း ဆက်ဆံရေး ကောင်းမွန်လာမည်ဖြစ်သည်။
လုပ်ငန်းခွင်တန်ဖိုးထားမှု
ဗြိတိန်နိုင်ငံတစ်ဝန်းရှိလုပ်ငန်းများမှ အလုပ်သမားဝန်ထမ်းပေါင်း ၇၅၀ အား လေ့လာမှုအရ လုပ်ငန်းခွင်တန်ဖိုးထားမှု (workplace appreciation) သည် လုပ်ငန်းခွင်ကျေနပ်နှစ်သိမ့်မှု (job satisfaction) အတွက် ကြီးမားသောအစိတ်အပိုင်း ဖြစ်ကြောင်း တွေ့ရသည်။ အလားတူပင် လုပ်ငန်း ခွင်ဆက်ဆံရေးဖြစ်သည့် အထက်အောက်ဆက်ဆံရေး၊ ဘေးတိုက်ဆက်ဆံရေး၊ အပြန်အလှန် လေးစားမှု ကောင်းမွန်ခြင်းသည် ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှု တို့ကိုရရှိစေသဖြင့် လုပ်ငန်းလုပ်ဆောင်ရာတွင် သက်တောင့်သက်သာဖြစ်စေပြီး ပြဿနာ တစ်ရပ်ဖြေရှင်းရာတွင် ဖြစ်စေ၊ အယူအဆမတူမှုများကို ဖြေရှင်းရာတွင်ဖြစ်စေ လွယ်ကူစေ ပါသည်။ ထို့အတူ လုပ်ငန်းခွင် စိတ်ပျော်ရွှင်မှု၊ ကျေနပ်မှုသည် တက်ကြွမှုကိုဖြစ်စေပြီး တီထွင်ဖန်တီးမှု၊ ထိုးထွင်းကြံဆမှုနှင့် စိတ်ကူးစိတ်သန်း ကောင်းမွန်မှုကို မြင့်မားစေနိုင်ပါသည်။
အဖွဲ့အစည်းစွမ်းဆောင်ရည်မြှင့်တင်ရေးသည် အောက်ခြေမှ အထက်ဆုံးအထိ အဆင့်ဆင့် စီမံဆောင်ရွက်ရသည့်လုပ်ငန်းစဉ်ဖြစ်ရာ အလွယ်နည်းဖြင့် အစိတ်အပိုင်းတစ်ခုတည်းကိုသာ ပြုပြင် ဆောင်ရွက်၍မရနိုင်ချေ။ အလားတူပင် လုပ်ငန်းခွင်ပျော်ရွင်မှုသည် လည်း အစိတ်အပိုင်းတစ်ခုတည်း ကိုသာ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်မဟုတ်သဖြင့် ထက်၊ လည်၊ အောက် ဟန်ချက်ညီသော စီမံခန့် ခွဲမှုနှင့် အကောင်အထည်ဖော်မှု ဖြစ်ရန်လိုအပ်ပါသည်။ သို့မှသာ လုပ်ငန်းခွင်ပျော်ရွင်မှုသည် အဖွဲ့အစည်း စွမ်းဆောင်ရည်မြှင့်တင်ရေးကို အထောက် အကူဖြစ်စေမည်ဖြစ်သည်။
လုပ်ငန်းခွင်ပျော်ရွှင်မှုကြောင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်တက်စေနိုင်သကဲ့သို့ အခြားတစ်ဖက် တွင် လုပ်ငန်းခွင်မပျော်ရွှင်မှုကြောင့် အဖွဲ့အစည်း၏စွမ်းဆောင်ရည်ထိခိုက်နိုင်သည်ကိုလည်း တွေ့ရှိရပါသည်။ လုပ်ငန်းခွင်မပျော်ရွင်မှုသည် တစ်ဦးချင်းစီ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် အဖွဲ့အစည်း၏စွမ်းဆောင်ရည်ကို ကျဆင်းစေရုံသာမက အဖွဲ့အစည်းအတွင်းယဉ်ကျေးမှုနှင့် ဝန်ထမ်းအဆင့်ဆင့်၏ စိတ်ပိုင်းဆိုင်ရာကို များစွာထိခိုက်စေပါသည်။
အလုပ်ခွင်အတွင်းရှိ ဆက်ဆံရေး၊ ပွင့်လင်းမှု၊ ယုံကြည်မှု၊ တက်ကြွမှု၊ အာရုံစူးစိုက်မှု လျော့နည်းကျဆင်းလာမည် ဖြစ်သည်။ အကျိုးဆက်မှာ ဝန်ထမ်းအလုပ်ထွက်မှုပိုမိုများပြား လာခြင်းကြောင့် ဝန်ထမ်းသစ်ခန့်ထားခြင်း၊ ဝန်ထမ်း အပြောင်းအလဲများခြင်း၊ ဝန်ထမ်း မတည်မငြိမ်ဖြစ်ခြင်းနှင့် ကျွမ်းကျင်ဝန်ထမ်း အားနည်းလာကာ လုပ်ငန်း၏အရည်အသွေးနှင့် စွမ်းဆောင်ရည်ကို ကျဆင်းစေမည်ဖြစ်သည်။
သို့ဖြစ်ရာ အဖွဲ့အစည်းစီမံခန့်ခွဲသူများနှင့် ဦးဆောင်သူများအနေဖြင့် နည်းပညာ၊ လုပ်ငန်းခွင် ပုံစံ၊ စီးပွားရေးပုံစံ၊ လူမှုအဖွဲ့အစည်းပုံစံ၊ သင်ယူမှုသင်ကြားမှုပုံစံ၊ ခေါင်းဆောင်မှုပုံစံ အပြောင်း အလဲများကို တုန့်ပြန်နိုင်စွမ်းရှိရန် လိုအပ်နေသည့်အချိန်ကာလ ဖြစ်ပါသည်။ ပြောင်းလဲနေသည့် အခြေအနေအား ထိထိရောက်ရောက် တုန့်ပြန်နိုင်စွမ်းရှိရေးတွင် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် မြင့်မားနေမှသာ အဖွဲ့အစည်းတစ်ခုလုံး၏ စွမ်းဆောင်ရည် တိုးတက်မြင့်မား လာပြီး တုန့်ပြန်နိုင်မည် ဖြစ်ပါသည်။ အခြေခံဖြစ်သော တစ်ဦးချင်းစွမ်းဆောင်ရည် မြင့်မားနေစေရန်အတွက်လည်း ကိုယ်စီ ကိုယ်စီ အရည်အသွေး၊ အရည်အချင်းများရှိရန် လိုအပ်သကဲ့သို့ လုပ်ငန်းခွင်ပျော်ရွင်မှုရှိရန်လည်း လိုအပ်မည်ဖြစ်ပေသည်။
သိန်းထွန်း (IR)
ကိုးကား
၁။ Rituparna Roy, Dr. Juthika Konwar: Workplace Happiness: A Conceptual Framework, International Journal of Scientific & Technology Research Volume 9, Issue 01, January 2020
၂။ Diagnosing Organizational Effectiveness, A Roadmap toward Corporate Sustainability
၃။ https://www.weforum.org/.../happy-employees-more-productive/