စစ်မှန်သောငြိမ်းချမ်းရေး
လူတိုင်း ငြိမ်းချမ်းရေးကို လိုလားကြပါသည်။ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ငြိမ်းချမ်းစွာ အချင်းချင်း ပေါင်းသင်းဆက်ဆံကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ နေထိုင်လိုကြပါသည်။ ထို့ကြောင့် ဘေးအန္တရာယ် ဒုက္ခပေါင်းစုံမှ လွတ်မြောက်နိုင်ရန်အတွက် ကာကွယ် စောင့်ရှောက်ပေးပါရန် ရှေးအခါက နတ်ဘုရားပေါင်းစုံ တို့ကို အားကိုးတကြီး ကိုးကွယ်ခဲ့ကြပါသည်။ ဒုက္ခပေး တောက်လောင်တတ်သည့် မီးကိုလည်း ကိုးကွယ်ခဲ့ကြပါသည်။ မြွေနဂါးများကိုပင် ကိုးကွယ်ခဲ့ကြပါသည်။ အုပ်ချုပ်သူမင်းတရားများနှင့် အင်အားကြီးသူများထံ ခိုကိုး အားထားခဲ့ကြပါသည်။ သို့ရာတွင် ကမ္ဘာ့သမိုင်း အဆက်ဆက်မှာ လူသားတို့ ငြိမ်းချမ်းမှု မရရှိခဲ့ကြဘဲ ဒုက္ခဆင်းရဲပေါင်းစုံတို့ကို ခံစားနေရသည်မှာ ယနေ့တိုင်ပင် ဖြစ်ပါသည်။