Skip to main content

စစ်မှန်သောငြိမ်းချမ်းရေး

လူတိုင်း   ငြိမ်းချမ်းရေးကို  လိုလားကြပါသည်။ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ငြိမ်းချမ်းစွာ အချင်းချင်း ပေါင်းသင်းဆက်ဆံကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ နေထိုင်လိုကြပါသည်။ ထို့ကြောင့် ဘေးအန္တရာယ် ဒုက္ခပေါင်းစုံမှ လွတ်မြောက်နိုင်ရန်အတွက် ကာကွယ် စောင့်ရှောက်ပေးပါရန် ရှေးအခါက နတ်ဘုရားပေါင်းစုံ တို့ကို အားကိုးတကြီး ကိုးကွယ်ခဲ့ကြပါသည်။ ဒုက္ခပေး တောက်လောင်တတ်သည့် မီးကိုလည်း ကိုးကွယ်ခဲ့ကြပါသည်။ မြွေနဂါးများကိုပင် ကိုးကွယ်ခဲ့ကြပါသည်။ အုပ်ချုပ်သူမင်းတရားများနှင့်   အင်အားကြီးသူများထံ ခိုကိုး အားထားခဲ့ကြပါသည်။ သို့ရာတွင် ကမ္ဘာ့သမိုင်း အဆက်ဆက်မှာ လူသားတို့ ငြိမ်းချမ်းမှု မရရှိခဲ့ကြဘဲ ဒုက္ခဆင်းရဲပေါင်းစုံတို့ကို ခံစားနေရသည်မှာ ယနေ့တိုင်ပင် ဖြစ်ပါသည်။

ဤသို့ဖြစ်ရသည့် အကြောင်းရင်းမှာ ငြိမ်းချမ်းရေး လိုလားတောင့်တသည့်     လူသားများ ကိုယ်တိုင်က ငြိမ်းချမ်းရေးနှင့်   ဆန့်ကျင်ဘက် အဓမ္မတရားများကို တွေးခေါ် ကျင့်သုံးနေကြခြင်းကြောင့်ဖြစ်သည်ဟု ပြောကြ၊ ရေးကြပါသည်။ ကြီးနိုင်ငယ်ညှဉ်း၊ လူလူချင်း မတရား ခေါင်းပုံဖြတ်အနိုင်ကျင့်ခြင်း၊ နယ်ချဲ့ခြင်း၊ ဘာသာရေး၊ လူမျိုးရေး၊ ဝါဒရေး အစွန်းရောက်ခြင်းတို့ကြောင့် တစ်ဦးချင်း၊ အဖွဲ့အစည်းအချင်းချင်း၊ နိုင်ငံအချင်းချင်း ညှိနှိုင်းမရ၊ တားမရ ဆီးမရဖြစ်ကာ လက်နက်များစွဲကိုင်ဖြေရှင်းရာ မှ ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး၊ ၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခဲ့ပါသည်။ စစ်သည်တော်များနှင့် အရပ်သူအရပ်သား သန်းပေါင်းများစွာ သေဆုံးခဲ့ကြပါသည်။ ဟီရိုရှီးမားနှင့် နာဂါစကီမြို့များအပေါ် အဏုမြူဗုံးကြဲချပြီး နောက် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့ပါသည်။ ယဉ်ကျေးမှု အဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံကြီးများ ပျက်စီးယိုယွင်းခဲ့ပါသည်။ ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း မြောက်မြားစွာ ဆင်းရဲမွဲတေပြီး ဒုက္ခပေါင်းစုံ တွေ့ကြုံရပါသည်။

စစ်ဘေးရှောင်

ဒုတိယကမ္ဘာစစ်ကြီး၏ အနိဋ္ဌာရုံပေါင်းစုံ၊ ဆင်းရဲ ဒုက္ခပေါင်းစုံတို့ကို ကျွန်တော်ကိုယ်တိုင် တွေ့ကြုံခံစား ခဲ့ရပါသည်။ ထိုစဉ်က ကျွန်တော့်အသက် ၁၂ နှစ်ရှိပြီမို့ စစ်၏ ကြောက်မက်ဖွယ်ရာ  အနိဋ္ဌာရုံတို့ကို ကောင်း ကောင်းမှတ်မိနေပါသည်။ မြို့ကြီးများ ဗုံးဒဏ်ကြောင့် ပြာကျသွားသည်များ၊  လူများသေကျေကြသည်များ၊ စစ်ဘေးရှောင်၍ တောရွာများနှင့် ဘုရားကျောင်းကန်များတွင် ခိုအောင်းခဲ့ရသည်များကို မမေ့နိုင်ပါ။ ကျွန်တော်တို့ ကင်းဝန်မင်းကြီး၏ မျိုးနွယ်ဆွေမျိုးများလည်း    မင်း တိုင်ပင်ရွာသို့စုဝေးရောက်ရှိ စစ်ဘေးရှောင်ခဲ့ကြပါသည်။

တတိယကမ္ဘာစစ်ကြီးကို   ရှောင်ရှားပြီး   ကမ္ဘာ့ပြဿနာအရပ်ရပ်တို့ကို ဖြေရှင်းနိုင်ရန်အတွက်  ၁၉၄၅ ခုနှစ်တွင်  ကမ္ဘာ့ကုလသမဂ္ဂ  ပဋိညာဉ်စာချုပ်ချုပ်ဆိုပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို ဖွဲ့စည်းခဲ့ပါသည်။ အဖွဲ့အစည်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံအချင်းချင်း ပြဿနာများဖြေရှင်းရာတွင် လက်နက်အင်အားအသုံးမပြု ဘဲ စေ့စပ်ဆွေးနွေးကြကာ ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် ဖြစ်ပါသည်။ သို့သော် ဗိုလ်ကျစိုးမိုးသည့် စိတ်ဓာတ်နှင့် ယုံမှားသံသယစိတ်ထားများကြောင့် နိုင်ငံကြီးများက ဆက်လက်၍ စစ်အေးတိုက်ပွဲ (Cold War) ကို အပြိုင်အဆိုင် ဆင်နွှဲကြပါသည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက် နိုင်ငံကြီးများနှင့်  နိုင်ငံအချို့တို့တွင်  အဏုမြူနှင့်   ဇီဝလက်နက်များ ထုတ်လုပ်ပိုင်ဆိုင်ထားကြပါသည်။ တတိယကမ္ဘာစစ်ကြီး ဖြစ်ပြီး ဤအဏုမြူလက်နက်များအသုံးပြုပါက  ကမ္ဘာကြီးကို ဆယ်ခါပြန်ဖျက်ဆီးနိုင်ပြီး လူသားတို့ကမ္ဘာပေါ်မှ ပျက်သုဉ်းသွားနိုင်ပါသည်။ သို့အတွက် နိုင်ငံများ လက်နက်မျိုးစုံ၊ အဏုမြူဗုံးမျိုးစုံတို့ကို တီထွင်ထုတ်လုပ်နိုင်ကြသော်လည်း နောက်ထပ် တတိယကမ္ဘာစစ်ကြီးဖြစ်ရန် မဝံ့မရဲဖြစ်နေ ကြပါသည်။ သို့သော်လည်း လက်နက်ပေါင်းစုံရှိမှ တစ်ဖက်သားက ကြောက်ရွံ့ခံ့ညားမည်၊ ဆွေးနွေးညှိနှိုင်းကြလိမ့် မည်ဟု ယူဆခဲ့ကြပါသည်။

ဤသို့အားဖြင့် ငြိမ်းချမ်းရေးရရှိအောင် လက်နက် အင်အားတောင့်တင်းမှ   လေးစားညှိနှိုင်းကြလိမ့်မည်ဟူသော  “Armed Peace” အယူအဆဖြစ်ပေါ်လာခဲ့ပါသည်။ ကမ္ဘာ့အင်အားအကြီးဆုံး နှစ်နိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့   အင်အား အပြိုင်အဆိုင်လက်နက်မျိုးစုံတို့ကို တီတွင်ထုတ်လုပ်ခဲ့ပါသည်။ ဆိုဗီယက်ပြည်ထောင်စုသည်ပြည်သူလူထု၏ လူမှုစီးပွားရေးတိုးတက်ရန် ဦးစားမပေးဘဲ လက်နက်မျိုးစုံတို့ကို ထုတ်လုပ်ခဲ့ရာတွင် စီးပွားရေးကျဆင်းပြီး ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲခဲ့ရပါသည်။

ထိုကဲ့သို့ Cold War ဖြစ်နေစဉ်ကာလအတွင်း ၁၉၆၁- ၁၉၆၃   ခုနှစ်အထိ ကျွန်တော်သည် မဟာပညာဘွဲ့ယူရန် အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီတက္ကသိုလ်၌ ပညာသင်ကြား နေစဉ်ဖြစ်ပါသည်။ ထိုစဉ်က  သမ္မတ ကနေဒီ ဦးဆောင်သည့် အမေရိကန်ပြည်ထောင်စုနှင့် ခရူးရှက် ဦးဆောင်သည့် ဆိုဗီယက်ပြည်ထောင်စုတို့ ထိပ်တိုက် အားပြိုင်နေသည့် အချိန်ဖြစ်ပါသည်။ ဟိုနိုလူလူမြို့တွင် အမေရိကန်အထက်လွှတ်တော်အမတ်  ရွေးကောက်ပွဲ မဲဆွယ်ဟောပြောပွဲတစ်ခုသို့   ကျွန်တော်တက်ရောက်ခဲ့ပါသည်။ အထက်လွှတ်တော် အမတ်လောင်း မစ္စတာ ဆာကာမိုတိုက ငြိမ်းချမ်းရေးရရှိထိန်းသိမ်းနိုင်ရန်အတွက် လက်နက်အင်အား  တပ်ဆင်ထားရန်လိုအပ်ကြောင်း  ဟောပြောပြီး ပရိသတ်များအား   ပါဝင်ဆွေးနွေးရန်   ဖိတ်ခေါ်ပါသည်။ ကျွန်တော်က တစ်ဖက်နှင့်တစ်ဖက် လက်နက်များ တူညီနေသည့်အချိန်တွင် ငြိမ်းချမ်းသလိုဖြစ်သော်လည်း တစ်ဖက်က လက်နက်အင်အားပိုမိုကြီးမားလာသည့်အခါ စစ်ပွဲများ ဖြစ်ကာ  ငြိမ်းချမ်းရေးပျက်ပြားနိုင်ကြောင်း၊  လက်နက်နှင့်    ထိန်းထားရကတည်းက    ငြိမ်းချမ်းရေးမဖြစ်နိုင်ကြောင်း၊ ဓမ္မသဘောအရ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ စာနာသည့် တရားတို့ဖြင့်သာ ငြိမ်းချမ်းရေးအမှန် ရရှိနိုင်မည်ဖြစ်ကြောင်း ပါဝင်ဆွေးနွေးခဲ့ပါသည်။   ဆွေးနွေးပွဲ ပြီးသောအခါ သူက    ကျွန်တော့်အား  လက်ဆွဲနှုတ်ဆက်ပြီး “ကျွန်တော်အထက် လွှတ်တော်အမတ်ဖြစ်လာပြီး ခင်ဗျား ဝါရှင်တန်ရောက်လာရင် (Congress) ကို လာရောက်လည်ပတ်ဖို့ ကျွန်တော်ဖိတ်ပါ တယ် ဟုပြောပါသည်။

ထို့ကြောင့်   ကျွန်တော်  ၁၉၆၃ ခုနှစ်   ဇွန်လမှာ ဝါရှင်တန်သို့ရောက်စဉ် သူ့အား ကျွန်တော် သွားရောက်တွေ့ ပါသည်။ သူက ဝမ်းသာအားရလက်ခံတွေ့ဆုံပြီး(Congress) လွှတ်တော် အနှံ့လိုက်ပြပါသည်။ ထို့နောက်  Congress  စားသောက်ဆိုင်တွင် နာမည်ကြီး အမဲသားစွပ်ပြုတ်ဖြင့် နေ့လယ်စာ ကျွေးမွေးဧည့်ခံပါသည်။ အထက်လွှတ်တော် လက်နက် ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌကို ဖိတ်ကြားပြီး မိတ်ဆက်ပေးပါသည်။ သူတို့က ကျွန်တော်၏ တရားဓမ္မဖြင့် ငြိမ်းချမ်းရေးရယူသည့်  အတွေးအခေါ်ကို သဘောကျ‌ နေကြပါသည်။  သို့သော် လောဘ၊ ဒေါသကြီးစိုးနေသည့် ကမ္ဘာ့နိုင်ငံရေးလောကမှာ ထာဝစဉ်ငြိမ်းချမ်းရေးရရှိရန် မလွယ်ကူကြောင်း ရယ်မောပြောကြားပါသည်။

စဉ်းစားသုံးသပ်

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ကျွန်တော်   စဉ်းစားသုံးသပ်ကြည့်မိပါသည်။ ငြိမ်းချမ်းရေးကို အနိုင်ကျင့် ဖိနှိပ်ချုပ်ချယ်၍ ရနိုင်သည်၊ စေ့စပ်ဆွေးနွေးပြီး ရနိုင်သည်ဟု အများအားဖြင့် ထင်မြင်ကြပါသည်။ ဤသို့သော ငြိမ်းချမ်း ရေးမျိုးသည် အနိုင်ကျင့်သည်ကို ပြန်လှန်ခုခံသောအခါ၊ ညှိနှိုင်း၍  မရသည့်အခါ   ပျက်ပြားသွားလေ့ရှိကြောင်း သမိုင်းတစ်လျှောက်တွင် တွေ့ရှိရပါသည်။

တကယ့်အစစ်အမှန်ငြိမ်းချမ်းရေးကို  ဖိနှိပ်ချုပ်ချယ် ခြင်းဖြင့် မရနိုင်ပါ။

အပေးအယူ ပြုလုပ်ပြီး ဆွေးနွေးညှိနှိုင်း ခြင်းဖြင့်လည်း မရနိုင်ပါ။  လက်တုံ့ပြန်ခြင်းဖြင့်လည်း မရနိုင်ပါ။ မိမိတို့ ဆန္ဒအလျောက် လိုသလို ပြုပြင်ဖန်တီး ၍လည်း မရနိုင်ပါ။ တကယ့်နိယာမတရားများသည် အရှိ တရား အမှန်တရားများ ဖြစ်ပါသည်။ ဤ အမှန်တရားများကို အသီးသီး  ကျင့်ကြံအားထုတ်မှသာ     ရရှိနိုင်ပါမည်။  မြတ်ဗုဒ္ဓက နိဗ္ဗာန်ရောက်ရှိနိုင်သည်အထိ ငြိမ်းချမ်းရေး နည်းလမ်းကို ဆုံးမသြဝါဒပေးခဲ့ပါသည်။ ရိုးရိုးရှင်းရှင်းလေး ပင်ဖြစ်ပါသည်။ သို့သော်ခက်ခဲနက်နဲ လှပါသည် -

မကောင်းမှုကို မပြုလုပ်ခြင်း၊

ကုသိုလ်ကောင်းမှုကို ပြည့်စုံခြင်း၊

မိမိစိတ်ကိုဖြူစင်စေခြင်း၊

ညှဉ်းဆဲမှုကိုမပြုခြင်း။

ငြိမ်းချမ်းရေးရရှိရန်အတွက် ဗုဒ္ဓ၏ ဆိုဆုံးမအတိုင်း လိုက်နာဆောင်ရွက်ရာတွင်   ကြိုတင်ပြင်ဆင်ကျင့်ကြံ ထားရမည့်လုပ်ငန်းများရှိပါသည်။   ၎င်းတို့မှာ ကမ္ဘာဦး ကတည်းက ရှိခဲ့သော လူ့ ဥပဒေ၊ လူ့စည်းကမ်းကြီးဖြစ်သည့် ငါးပါးသီလဖြစ်ပါသည်။    ဤသို့ ငါးပါးသီလကို စောင့်ထိန်းသည်နှင့်တစ်ပြိုင်နက် ကိုယ်မှု၊ နှုတ်မှု အကုသိုလ် များ ရှိတော့မည်မဟုတ်ပါ။

သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သည့် တစ်ပြိုင်နက် အချင်းချင်းသတ်ဖြတ်ခြင်း၊ အဖွဲ့ အစည်းနှင့် နိုင်ငံအလိုက် လက်နက်မျိုးစုံတို့ဖြင့် တိုက်ခိုက်သတ်ဖြတ်ခြင်းများနှင့် စစ်ပွဲပေါင်းစုံတို့ ချုပ်ငြိမ်းသွားမည်ဖြစ်ပါသည်။ အခြားသူတစ်ပါး ၏ အသက်ကို မည်သည့်အကြောင်းပြချက်နှင့်မှ ဆင်ခြေပေး  မသတ်ဖြတ်သင့်ပါ။  ကိုယ်ချင်းစာ တရားနှင့်  စဉ်းစားကြည့်လျှင်ပင်   မမှန်ကန် ကြောင်း တွေ့ပါလိမ့်မည်။

မပေးအပ်သော သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်သည့်တစ်ပြိုင်နက်     လာဘ်ပေး လာဘ်ယူမှုများ၊ နိုင်ငံ၏ တောတောင်ရေမြေနှင့် သယံဇာတ ပစ္စည်းများကို မိမိကိုယ်ကျိုးအတွက် မတရားသောနည်းလမ်းစုံတို့ကို အသုံးပြု၍ ခိုးယူရောင်းချခြင်းများ  ချုပ်ငြိမ်းသွားပါမည်။ မိမိ၏ သားမယား ဆွေမျိုးသားချင်းများအတွက် နိုင်ငံပိုင် ပစ္စည်းဥစ္စာများကို နည်းမျိုးစုံဖြင့် ခိုးယူ သည့် အကျင့်စရိုက်များ ပျောက်ကွယ်သွားပါမည်။

ကာမဂုဏ်တို့၌    ပြစ်မှားစွာပြုကျင့်ခြင်းမှ ရှောင်ကြဉ်သည့်တစ်ပြိုက်နက် က‌လေးသူငယ် များနှင့် အမျိုးသမီးများကို မတရား မုဒိမ်းကျင့်ကြံ ခြင်း၊ လိင်တူအချင်းချင်း  လွဲမှားစွာဖောက်ပြန် ခြင်း၊ ဆင်းရဲအားငယ်သော မိန်းကလေးများ အား ရောင်းချစီးပွားရှာခြင်း အစရှိသည့် ကာမ ကြောင့် ဖောက်ပြန်မှုများ ပြစ်မှားမှုများ ရပ်စဲ သွားမည် ဖြစ်ပါသည်။

မဟုတ်မမှန်ပြောဆိုခြင်း၊     ကုန်းတိုက်စကား ပြောဆိုခြင်း၊ ကြမ်းတမ်းစွာပြောဆိုခြင်း၊ သိမ်ဖျင်း သောစကားကိုပြောဆိုခြင်းမှ    ရှောင်ကြဉ်သည့် တစ်ပြိုင်နက် ယခုအခါခေတ်စားနေသည့် အမှား များကို အမှန်ဖြစ်အောင် သတင်းအချက်အလက် နည်းမျိုးစုံကို  အသုံးပြုခြင်း၊   တစ်ဦးကိုတစ်ဦး အသရေပျက်အောင် ကြမ်းတမ်းစွာ စွပ်စွဲပြောဆို ခြင်း၊ အထင်မှား အမုန်းတရားများ ပွားများအောင် ဝါဒဖြန့်ခြင်းတို့မှ ကင်းဝေးသွားမည်ဖြစ်ပါသည်။

လူ၏အသိဉာဏ်ကို ထိုင်းမှိုင်းမှားယွင်းစေပြီး လူ့ဘဝကိုဖျက်ဆီးစေနိုင်သော မူးယစ်၊ သေရည် သေရက်နှင့် ဆေးဝါးမျိုးစုံတို့ကို ရှောင်ကြဉ်ကြ သည့် တစ်ပြိုင်နက်  နိုင်ငံအသီးသီးရှိ   လူငယ် လူရွယ်များအပါအဝင် ပြည်သူလူထု၏ဘဝသည် ငြိမ်းချမ်းသာယာလာမည်ဖြစ်ပါသည်။

ဤသို့သော        အကုသိုလ်မျိုးမဖြစ်ရလေအောင် ကိုယ်မှု၊ နှုတ်မှုတို့ကိုလူသားတို့၏ လူ့ဥပဒေ၊ လူ့စည်းကမ်း တည်းဟူသော    ငါးပါးသီလတရားတို့ကို   စောင့်ထိန်း လိုက်နာခြင်းဖြင့် လူသားတို့အတွက် ငြိမ်းချမ်းသောဘဝကို တည်ဆောက်နိုင်ကြမည်ဖြစ်ပါသည်။ မလုပ်သင့်သည့် ဒုစရိုက်များကို   ရှောင်ကြဉ်သော    ဝါရိတ္တသီလနှင့်အတူ လုပ်သင့်သည့်       လောကအကျိုးနှင့်သက်ဆိုင်သော လူ့ဝတ္တရားများကို  လုပ်ဆောင်သည့်   စာရိတ္တသီလကိုပါ ဆောင်ရွက်မှသာလျှင် စစ်မှန်သော သီလဖြစ်ကြောင်းကို သတိပြုကျင့်ကြံရန်လိုအပ်ပါသည်။ 

စိတ်ကိုကြည်လင်သန့်ရှင်းရန်အတွက်      ဗြဟ္မစိုရ် တရားလေးပါးတည်းဟူသောအားလုံးကို ကောင်းစေလို သော မေတ္တာ၊ ဒုက္ခကြုံတွေ့သူများအတွက် သနားကူညီ သော  ကရုဏာ၊   အောင်မြင်ချမ်းသာသူများအတွက် ဝမ်းသာကြည်နူးသည့်  မုဒိတာ၊    အားလုံးအပေါ်တွင် အညီအမျှထားသည့် ဥပေက္ခာတရားတို့ကို  ကျင့်သုံးပါက ကိုယ်၊နှုတ်၊ နှလုံး သုံးပါးတို့တွင်   ကောင်းမြတ်သော ကုသိုလ်စိတ်များတိုးပွားကာ   စစ်မှန်သောငြိမ်းချမ်းရေး ကို ရယူနိုင်ကြမည်ဖြစ်ပါသည်။

လောကကြီးသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားများ သာတည်းဟု လက္ခဏာရေးသုံးပါးကို  ဆင်ခြင်သုံးသပ် ကျင့်ကြံပါက လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိတည်း ဟူသော အယူမှား၊ နှလုံးသွင်းမှားခြင်းတို့မှ လွတ်မြောက် ပြီး လူသားအားလုံးသည်   အတူတူပင်ဖြစ်ကြောင်း သိရှိ သဘောပေါက်လာကြမည်ဖြစ်ပါသည်။  ထိုအသိတရားနှင့်အတူ တစ်ဦးနှင့်တစ်ဦး မတူခွဲခြားသည့် အမြင်၊  ယှဉ်ပြိုင် လိုသည့်စိတ်ဓာတ်၊   မနာလိုဝန်တို   ပျက်စီးစေလိုသည့် စိတ်ထား၊  မတရားရယူလိုသည့်လောဘတို့မှ  ကင်းဝေးလွတ်မြောက်ပြီး အမှန်တကယ် စစ်မှန်အေးချမ်း သာယာသည့် ငြိမ်းချမ်းမှုကို လူတိုင်းခံစားနိုင်ကြမည်ဖြစ်ပါသည်။

အန္တရာယ်မှ ကင်းဝေးနိုင်မည်

ဤသို့ ကမ္ဘာကြီး တရားမျှတစွာဖြင့် အေးချမ်းသာယာပြီး အချင်းချင်းခိုက်ရန်ဖြစ်ပွား တိုက်ခိုက်ကြခြင်းနှင့် စစ်ကြီးဖြစ်ပွားခြင်းတို့မှ   ကင်းဝေးနိုင်ကြပါမည်။ သို့မှသာ နိုင်ငံများ၏ယဉ်ကျေးမှုများ၊ စီးပွားရေး အဆောက်အအုံများ၊ အသက်အိုးအိမ်ပစ္စည်းများ ပျက်စီးယိုယွင်းခြင်း အန္တရာယ်မှ ကင်းဝေးနိုင်မည်ဖြစ်ပါသည်။ လွတ်လပ်ရေး ရရှိရန်နှင့် ငြိမ်းချမ်းရေးရရှိရန်အတွက် လူငယ်လူရွယ်များ စစ်ပွဲကြီးများတွင်ပါဝင်ဆင်နွှဲပြီး    အသက်စွန့်လွှတ်ရန် လိုအပ်မည် မဟုတ်တော့ပါ။

 ကျွန်တော် အမေရိကန်ပြည်ထောင်စုတွင် မဟာပညာဘွဲ့အတွက် ပညာသင်ကြားနေစဉ် ဝါရှင်တန်ရှိ နိုင်ငံအတွက် အသက်ပေးသွားကြသည့်  သူရဲကောင်းများအား ဂုဏ်ပြုရန် တည်ဆောက်ထားသော ( Arlington National Cemetery ) သို့ ၁၉၆၃ ခုနှစ် ဇွန်လ၌ သွားရောက်လေ့လာခဲ့ပါသည်။

ကျွန်တော် မော်စကိုသံရုံးကြီးတွင် ယဉ်ကျေးမှုရေးရာ သံမှူးအဖြစ် ၁၉၆၉ ခုနှစ်၌ တာဝန်ထမ်းဆောင်နေစဉ် ဒုတိယကမ္ဘာစစ်အတွင်းက  နာဇီ နှင့် ဆိုဗီယက်တို့ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးခဲ့သည့် ‌ဘော်ဂါကရက်တိုက်ပွဲ ကြီး ဖြစ်ပွားရာမြို့သို့ ရောက်ရှိပြီး နိုင်ငံအတွက် အသက် ပေးခဲ့သော သူရဲကောင်းများအတွက် ခမ်းနားစွာ တည်ဆောက်ထားသည့်    ဗိမာန်ရင်ပြင်သို့    သွားရောက် လေ့လာခဲ့ပါသည်။

သူရဲကောင်းတစ်သိန်း

သူရဲကောင်းများ၏ အမည်များကို ကော်ဇောကြီးပေါ်တွင် ရက်လုပ်လွှင့်ထူထားပါသည်။  လန်ဒန်မြို့မြန်မာ သံရုံးကြီးတွင် သံမှူးအဖြစ် ၁၉၇၂ ခုနှစ်၌ တာဝန်ထမ်း ဆောင်နေစဉ်  White Hall  လမ်းမကြီးရှိ (Cenotaph) သူရဲကောင်းအထိမ်းအမှတ် ကျောက်တိုင်သို့ သွားရောက် ဂုဏ်ပြုခဲ့ပါသည်။  ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ၁၉၈၅ ခုနှစ်၌ တာဝန်ထမ်းဆောင် နေစဉ်အတွင်း    ကင်ဘာရာမြို့   (Australian War Memorial ) သို့ နှစ်စဉ်သွားရောက်ပြီး ဂုဏ်ပြုခဲ့ပါသည်။ နိုင်ငံအတွက် အသက်ပေးခဲ့သည့် သူရဲကောင်းတစ်သိန်း ကျော်၏ အမည်များကို ကမ္ပည်းထိုးထားပါသည်။ 

နိုင်ငံတော်သီချင်းတွင်         ဖော်ကျူးထားသည့် “တရားမျှတ လွတ်လပ်ခြင်းနှင့် မသွေ၊ တို့ပြည် တို့မြေ၊ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်၊ တို့ပြည် တို့မြေ၊     ပြည်ထောင်စုအမွေ  အမြဲတည်တံ့စေ အဓိဋ္ဌာန်ပြုပေ ထိန်းသိမ်းစို့လေ နှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ဖြစ်မြောက် ပါစေဟု ကျွန်တော် ဆုတောင်းပါသည်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး    တမ်းတဆုတောင်းနေကြပါသည်။ အထူးသဖြင့် နေဝင်ချိန်ရောက်ရှိနေသည့်       ကျွန်တော်တို့လို အဘိုးအိုများအတွက် အသက်ရှင်သန်နေစဉ် အတွင်း ဤသို့    ငြိမ်းချမ်းသာယာသော  ပြည်ထောင်စုသမ္မတ    မြန်မာနိုင်ငံတော်ကြီးကို မြင်တွေ့သွားလိုသည်။

သို့ပါ၍ မြန်မာနိုင်ငံတော်အတွက်  စစ်မှန်သော  ငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများအပါအဝင် ပြည်သူ လူထုအားလုံး စုပေါင်းပါဝင်လက်တွဲ ညီညာစွာဖြင့် တည်ဆောက်ပေးကြပါရန် မျှော်လင့်အားထားစွာဖြင့် ပန်ကြားပါသည်ခင်ဗျား။       ။

ဦး‌မောင်မောင်စိုးတင့်

(အငြိမ်းစားသံအမတ်ကြီး)