မျက်ခမ်းစပ်ကင်းစင် မြန်ပြည်တစ်ခွင်
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၀ ရက်နေ့သည် နိုင်ငံတော်အစိုးရနှင့် မိမိတို့ဝန်ကြီးဌာနနှင့် မျက်စိရောဂါကုသ ပေးလျက်ရှိသော ဌာနအားလုံးအတွက် မင်္ဂလာရှိသောနေ့ရက်ဖြစ်ခဲ့ပေသည်။ အကြောင်းကား စက်တင်ဘာလ ၉ ရက်နေ့မှစတင်ကျင်းပသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာကော်မတီ၏ (၇၃) ကြိမ်မြောက် အစည်းအဝေး၏ ဒုတိယ မြောက်နေ့ဖြစ်သော ဤနေ့တွင် အရှေ့တောင်အာရှဒေသများအတွင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ထူးချွန်ပြောင်မြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုများအတွက် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ပေးအပ်ပွဲကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါအား ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ ကင်းဝေးအောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mrs. Poonan Khetrapal Singh က မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါကင်းဝေးကြောင်း အသိအမှတ်ပြု ဂုဏ်ပြု မှတ်တမ်းလွှာကို ပေးအပ်သဖြင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူ ခဲ့သည်။