Skip to main content

မျက်ခမ်းစပ်ကင်းစင် မြန်ပြည်တစ်ခွင်

ဒေါက်တာကိုဦး (လင်းသစ္စာ)

မျက်စိအထူးကုဆရာဝန်ကြီး

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၀ ရက်နေ့သည် နိုင်ငံတော်အစိုးရနှင့် မိမိတို့ဝန်ကြီးဌာနနှင့် မျက်စိရောဂါကုသ ပေးလျက်ရှိသော ဌာနအားလုံးအတွက် မင်္ဂလာရှိသောနေ့ရက်ဖြစ်ခဲ့ပေသည်။ အကြောင်းကား စက်တင်ဘာလ ၉ ရက်နေ့မှစတင်ကျင်းပသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကော်မတီ၏ (၇၃) ကြိမ်မြောက် အစည်းအဝေး၏ ဒုတိယ မြောက်နေ့ဖြစ်သော ဤနေ့တွင် အရှေ့တောင်အာရှဒေသများအတွင်း ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ထူးချွန်ပြောင်မြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုများအတွက် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ပေးအပ်ပွဲကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါအား ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ ကင်းဝေးအောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အရှေ့တောင် အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mrs. Poonan Khetrapal Singh က မြန်မာနိုင်ငံတွင် မျက်ခမ်းစပ် ရောဂါကင်းဝေးကြောင်း အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်သဖြင့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူ ခဲ့သည်။

ယခင်က ကမ္ဘာတစ်ဝန်းတွင် မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားလျက်ရှိသော နိုင်ငံပေါင်း ၅၇ နိုင်ငံရှိပြီး မြန်မာနိုင်ငံ သည်လည်း အပါအဝင်ဖြစ်ခဲ့ပါသည်။ ထို့ကြောင့်ပင် မျက်ခမ်းစပ်ရောဂါ ကာကွယ် ရေးစီမံချက်ကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွဲ့စည်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင် ၍ ဖုန်ထူထပ်သောဒေသများဖြစ်သည့် ချောက်၊ မြင်းခြံ၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မင်းဘူး၊ မကွေး အစရှိသော အပူပိုင်း ဒေသများတွင် ကူးစက်နိုင်သော မျက်ခမ်းစပ်ဖြစ်ပွားမှု ၄၃ ရာခိုင်နှုန်းခန့်ရှိပြီး မျက်ခမ်းစပ် ရောဂါသည် မျက်မမြင်ခြင်းကို အဓိကဖြစ်စေသော ပြည်သူ့ကျန်းမာရေး ပြဿနာကြီးတစ်ခု ဖြစ်ခဲ့သည်။

မျက်ခမ်းစပ်ရောဂါသည် အသက် ၁၀ နှစ်အောက် ကလေးများတွင် အဖြစ်များပြီး တစ်ဦးမှ တစ်ဦးသို့ ကူးစက်မှု ဖြစ်တတ်ပါသည်။ ယင်းရောဂါ၏ နောက်ဆက် တွဲဖြစ်သော မျက်ခွံအတွင်း သို့ ကုပ်ဝင်၍ မျက်တောင် စိုက်ခြင်းနှင့် မျက်ကြည်လွှာပေါ်တွင် အပြင်တိမ် ဖြစ်သည်တို့ကို တွေ့ရပါသည်။ အမျိုးသမီးများသည် အမျိုးသားများထက် ပိုမိုဖြစ်ပွားသည်ကို လေ့လာ တွေ့ရှိရ သည်။

မျက်ခမ်းစပ်ရောဂါသည် မျက်ခမ်းစပ်ရောဂါပိုး (Clamydiae အနွယ်ဝင် Trachomatis ပိုး) ကြောင့် ဖြစ်သည်။ ယင်းပိုးများ မျက်စိ၏ မျက်မြှေးပါးအတွင်းသို့ ဝင်ရောက်ခြင်းမှ စတင်ဖြစ်ပေါ် လာခြင်းဖြစ်သည်။ မျက်မြှေးပါး မျက်ကြည်များရောင်ရမ်းခြင်း၊ အထက် မျက်ခွံအတွင်းပိုင်း မျက်မြှေးပါးနှင့် မျက်ဝန်းအပေါ်ပိုင်း တို့တွင် ကြာဆူးလေးများ ပေါ်ပေါက်ပြီးနောက်ပိုင်းတွင် ကြာဆူးနေရာ၌ အမာရွတ်များ ဖြစ်ပေါ်လာသည်။ ရောဂါ လက္ခဏာများမှာ ရောဂါသက်တမ်းနှင့် ရောဂါပြင်းထန်မှု အခြေအနေများအပေါ်တွင် မူတည်ပြီး အနု၊ အရင့်ကို လိုက်၍ အဆင့်များ ခွဲခြားထားပါသည်။ များသောအားဖြင့် မျက်စိ ယားယံခြင်း၊ မျက်ဝတ်ထွက်ခြင်း၊ မျက်ရည် ယိုခြင်း၊ ခိုးလိုးခုလုခံစားရခြင်း စသောလက္ခဏာများကို ခံစားရပါသည်။ သန်းပေါင်းများစွာသော လူသားများသည် မျက်ခမ်းစပ် ရောဂါကြောင့်လည်းကောင်း၊ နောက်ဆက် တွဲဖြစ်သော မျက်တောင်စိုက် မျက်မွေးစူးကြောင့် မျက်စိမှုန်၊ မျက်စိကွယ်ခြင်း ဖြစ်ပေါ်ခံစားခဲ့ရပေသည်။

ထို့ကြောင့် ကူးစက်မျက်စိရောဂါဖြစ်သည့် မျက်ခမ်းစပ်ရောဂါကို ကာကွယ်ခြင်း၊ ထိရောက်စွာ ကုသပေးခြင်း တို့အား မျက်ခမ်းစပ်စီမံကိန်း (Trachoma Control Programme) ရှိ ကျန်းမာရေး ဝန်ထမ်းများ၊ မျက်စိအထူးကုဆရာဝန်များ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများက အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သကဲ့သို့ နိုင်ငံတော်အစိုးရကလည်း စီမံကိန်းများအရ ရေရရှိရေးအတွက် ကိုးခရိုင် စိမ်းလန်းစိုပြည်ရေး၊ ဆည်များ၊ ရေကာတာများ တည်ဆောက်ပေးခြင်း၊ ပညာရေး ဌာနနှင့် ကျောင်းကျန်းမာရေးဌာန ပူးပေါင်းကာ မူလတန်းအဆင့် မှစတင်ကာ ပညာပေးဆောင်ရွက်ခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုများ၊ ဆေးဝါးနှင့် မျက်စဉ်းများ ဖြန့်ဝေပေးခြင်းတို့ကြောင့် မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားမှုနှုန်းသည် တစ်နှစ်ထက်တစ်နှစ် သိသိသာသာ လျော့နည်းသွားခဲ့ပေသည်။

ထို့အတူ ၁၉၉၈ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံမှ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်မှ မျက်ခမ်းစပ်ရောဂါ ပပျောက်စေရန်အလို့ငှာ (Global Elimination of Trachoma G.E.T 2020) ကိုချမှတ်ပြီး ကုသရေးနည်းဗျူဟာ အဖြစ် SAFE strategy ကို ချမှတ်ခဲ့ပါသည်။

S = Surgery For Trichiasis

မျက်တောင်စိုက်ဝေဒနာ ခွဲစိတ်ကုသပေးခြင်း

A = Antibiotic to Treat

မျက်စဉ်းဆေးဝါးဖြင့်ကူးစက်မျက်ခမ်းစပ်ကို ကုသပေးခြင်း

F = Facial Clean Liness

မျက်စိနှင့်မျက်နှာအား သန့်ရှင်းမှုပေးခြင်း(မျက်နှာသစ်ခြင်း)

E = Environmental Improvement

ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း တိုးမြှင့်ပေးခြင်း (ရေကောင်းရေသန့် ရရှိရေး၊ ယင်လုံအိမ်သာ တည်ဆောက်ရေး၊ အမှိုက်စနစ်တကျ စွန့်ပစ်ရေး)

မြန်မာနိုင်ငံအနေဖြင့် SAFE နည်းဗျူဟာကို ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ချက် (Primary Health Care- PHC)နှင့် ထည့်သွင်း ဆောင်ရွက် ခဲ့ပါသည်။ ထို့အပြင် မျက်မမြင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကာကွယ်၊ ကုသဆောင်ရွက်နိုင်ရန် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အမျိုးသားအဆင့် ငါးနှစ်စီမံကိန်းကို ရေးဆွဲပြီး အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မျက်ခမ်းစပ်ရောဂါ ကင်းစင်ကြောင်းကြေညာရန် စံနှုန်းများ သတ်မှတ်ထား ပါသည်။ တစ်နှစ်မှ ကိုးနှစ်ကြား ကလေးငယ်များ၏ မျက်ခမ်း စပ်ရောဂါ ဖြစ်ပွားမှုနှုန်း ငါးရာခိုင်နှုန်းအောက်သို့ ကျဆင်း ရန်နှင့် မျက်တောင်စိုက် မျက်မွေးစူးရောဂါ ဖြစ်ပွားမှုနှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်း အောက်သို့ကျဆင်းရန်တို့ ဖြစ်ပါသည်။

မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေး စီမံကိန်းအနေဖြင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ Tetracycline မျက်စဉ်းတောင့် ရှစ်သိန်းခွဲခန့် ပေးနိုင်ခဲ့ပါသည်။ ကူးစက်မျက်ခမ်းစပ်ဖြစ်ပွားသူ ၅၇၅၂၀ အားလည်းကောင်း၊ မျက်တောင်စိုက် မျက်မွေးစူးလူနာပေါင်း ၃၀၆၆၄ ဦး ခန့် အား လည်းကောင်း ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။ ၂၀၁၇ခုနှစ် စာရင်းအရ ကူးစက်မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားမှုနှုန်း ၀ ဒသမ ၀၆ ရာခိုင်နှုန်းနှင့် မျက်တောင်စိုက် မျက်မွေးစူး ဖြစ်ပွားမှုနှုန်း ၀ ဒသမ ၀၇ ရာခိုင်နှုန်းသာရှိတော့သဖြင့် မျက်ခမ်းစပ်ရောဂါပပျောက်ကြောင်း ကြေညာရန်စံနှုန်းများ ပြည့်မီနေကြောင်း တွေ့ရှိရပါသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် နေပြည်တော် ရွှေပြည်တော်ဟိုတယ်၌ Pre-survey workshop for Trachoma Elimination အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပကာ မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားမှုနှုန်း စစ်တမ်းကောက်ယူရန် လိုအပ်သောအချက်အလက်များအား ဝိုင်းဝန်းအဖြေရှာပြီး လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် များကို ချမှတ်ပေးနိုင်ခဲ့ပေသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ပထမအပတ်အတွင်း မြန်မာနိုင်ငံ၌ Trachoma Prevalence Survey စနစ်တကျကောက်ယူ နိုင်ရေးအတွက် မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ဝန်ထမ်းအချို့ကို အီသီယိုးပီးယားနိုင်ငံသို့စေလွှတ်ပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ စနစ်တကျကိုက်ညီမှုရှိစေရန် အတွက် လေ့ကျင့်သင်ယူ စေခဲ့ပါသည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ စတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းဖြစ်သော တိုင်းဒေသ ကြီး သုံးခုမှ မြို့နယ် ၁၄ မြို့နယ်ရှိ ကျေးရွာပေါင်း ၄၂၀ တွင် Trachoma Prevalence Survey အား စနစ်တကျ ကောက်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ ပါသည်။ စစ်ကိုင်း တိုင်းဒေသကြီးတွင် စစ်ကိုင်း၊ ရွှေဘိုနှင့် မုံရွာမြို့နယ်များ၊ မကွေးတိုင်း ဒေသကြီးတွင် မကွေး၊ ချောက်၊ တောင်တွင်းကြီး၊ မင်းဘူး၊ ပခုက္ကူ၊ မြိုင်၊ ဂန့်ဂေါမြို့နယ်များနှင့် မန္တလေးတိုင်းဒေသကြီးတွင် စဉ့်ကိုင်၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာမြို့နယ်များကို ရွေးချယ်ကာ တစ်နှစ်မှကိုးနှစ်အထိ ကလေးများအား မျက်ခမ်းစပ် ရောဂါပိုးရှာဖွေခြင်းနှင့် ဖြစ်ပွားမှုနှုန်းကို သိရှိနိုင်ရန်အတွက် တစ်မြို့နယ်တွင် ကလေး ၄၀၀ ခန့်စီအား Trachoma Follicle (TF) ခေါ် အပေါ်မျက်ခွံအတွင်း မျက်မြှေးပေါ်တွင် သာကူစေ့ သဏ္ဌာန် ကြာဆူးများ ရှိ၊ မရှိနှင့် အသက် ၁၅ နှစ်နှင့်အထက်တွင် ဖြစ်ပွားသော နောက်ဆက်တွဲ ရောဂါဖြစ်သည့် မျက်ခွံအတွင်းသို့ ကုပ်ဝင်၍ မျက်တောင်စိုက်ခြင်း ရှိ၊ မရှိအား လူဦးရေ ၂၀၀၀ မှ ၂၅၀၀ ခန့်ကို လည်းကောင်း စစ်တမ်းကောက်ယူ ခဲ့ရာ ကူးစက်မျက်ခမ်းစပ်ရောဂါ ရှိသူ (TF) သည် ၀ ဒသမ ၁ ရာခိုင်နှုန်းနှင့် မျက်တောင်စိုက် မျက်မွေးစူးဖြစ်သူ TT သည် ၀ ဒသမ ၀၄ ရာခိုင်နှုန်းသာ တွေ့ရှိရသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားသောစံချိန် စံညွှန်းများနှင့် ကိုက်ညီမှုရှိသည့်အပြင် ဖြစ်ပွားမှုနှုန်းမှာ ပို၍နည်းပါးကြောင်း လေ့လာတွေ့ရှိရပေသည်။ ထို့အပြင် မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည့် ရေရှားပါးမှုကို သိစေရန်အတွက် ဖော်ပြပါ မြို့နယ် ၁၄ မြို့နယ်ရှိ အိမ်ထောင်စုဝင်ပေါင်း ၉၀၀ ခန့်စီအား သန့်ရှင်းသော ရေရရှိမှု၊ သုံးစွဲမှုနှင့် ယင်လုံ အိမ်သာထားရှိ အသုံးပြုမှုတို့အား သတ်မှတ်ထားသော စံညွှန်းများနှင့် အညီ ကိုက်ညီမှု ရှိ၊ မရှိကို လေ့လာဆန်းစစ်ခဲ့ရာ လုံလောက်သော စံနှုန်းများ ရရှိခဲ့ပေသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ကြီးက ချမှတ်ထားသော SAFE Strategy အရ လိုက်နာ ဆောင်ရွက်မှု ရှိခြင်းအပြင် မျက်ခမ်းစပ်ရောဂါဖြစ်ပွားမှု နှုန်းသည် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိခဲ့ကြောင်း ဆန်းစစ်တွေ့ရှိခဲ့ပါသည်။ ထို့ကြောင့်ယခင်က ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ခဲ့သည့် မျက်ခမ်းစပ် ရောဂါသည် ယခုစစ်တမ်းများအရလည်းကောင်း၊ နှစ်စဉ်ကောက်ယူရရှိထားသော အချက်အလက်များကြောင့် လည်းကောင်း မြန်မာနိုင်ငံတွင် မျက်ခမ်း စပ်ကင်းစင်ကြောင်း ကြေညာရန်အတွက် အကျိုးတရားဖြစ်ခဲ့ပေသည်။

“လှိုင်းကြီးလှေအောက်”၊ “တောင်ကြီးဖဝါးအောက်” ဆိုတဲ့စကားကဲ့သို့ပင် တစ်ချိန်ကဖြစ်ပွား ခဲ့သော ရောဂါဆိုးကြီးကို ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန မျက်စိအထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေး ဝန်ကြီးဌာနနှင့် အခြားနှီးနွှယ် အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ (I.N.G.O) အပြင် မြန်မာ နိုင်ငံအတွင်းမှ အစိုးရမဟုတ်သော လူမှုရေးအသင်းအဖွဲ့များ (N.G.O) နှင့် ပြည်သူ တစ်ရပ်လုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် ယခုကဲ့သို့ အောင်မြင် ရခြင်းဖြစ်ပေသည်။

အချုပ်အားဖြင့်ဆိုရပါမူ လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်ခန့်က မြန်မာနိုင်ငံတွင် ပြည်သူ့ ကျန်းမာရေး ပြဿနာအဖြစ် စာရင်းဝင်ခဲ့သော မျက်ခမ်းစပ်ရောဂါ သည် ယခုအခါမှသာ ယင်းပြဿနာမှ ကင်းဝေးရခြင်းသည် “ပြည်သူသာလျှင်အဓိက” ဆိုသည့်အတိုင်း အမိမြန်မာ နိုင်ငံအတွင်းရှိ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်မှုမှာ ပဓာနကျပေသည်။ မျက်ခမ်းစပ်ရောဂါ ကင်းစင်ကြောင်း ကြေညာပြီးသော်လည်း ကျွန်ုပ်တို့၏တာဝန်က မပြီးဆုံးသေးပါ။ မျက်စိနှင့် ပတ်သက်သောရောဂါများ၊ အခြားရောဂါများကိုလည်း အချိန်မီပြသ၊ ကုသခြင်း၊ ကာကွယ်ခြင်းတို့ဖြင့် ရောဂါများမှ ကင်းစင်ကြောင်း အကျိုးတရားများ ရရှိစံစားရမည်ဖြစ်ကြောင်း သိရှိနားလည်ကာ စဉ်ဆက်မပြတ် ဆောင်ရွက်ရပေ ဦးမည်ဖြစ်ကြောင်း ဆန္ဒပြုရေးသား အပ်ပါပေသည်။ ။