မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲစနစ်သစ် Mixed Member Proportional System (MMP)
ရွေးကောက်ပွဲစနစ် Electoral System ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ပြည်သူများကို ကိုယ်စားပြုရန်အတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရာ၌ အသုံးပြုသည့်စနစ်တစ်ခုပင် ဖြစ်သည်။ ရွေးကောက်ပွဲများတွင် အရေးအကြီးဆုံးမှာ ရွေးကောက်ပွဲစနစ်ပင်ဖြစ်သည်။ ရွေးကောက်ပွဲစနစ်တစ်ခု ပြောင်းလဲကျင့်သုံးခြင်းသည် နိုင်ငံရေးပါတီမျိုးစုံပါဝင်နိုင်မှုနှင့် နိုင်ငံရေးစနစ်ပြောင်းလဲမှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်သည်။ တိုင်းရင်းသားကိုယ်စားလှယ်များ စုံညီစွာပါဝင်နိုင်ခြင်းနှင့် အများပြည်သူ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်အတွက် တရားဝင်ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နိုင်ခြင်း အကျိုးတရားများ ရရှိစေနိုင်ပါသည်။
