Skip to main content

ရခိုင်ပြည်နယ်၊ ကျောက်တစ်လုံး IDP စခန်းတွင် နေထိုင်သူများအား ပြန်လည်နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းတွင် နေထိုင်သူများအား ပြန်လည်နေရာချထားရေးနှင့် စခန်း ပိတ်သိမ်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် Virtual Meeting စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် IDP စခန်း ကိုယ်စားလှယ်များ Online မှ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော် အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက်ကြိုးစား ဆောင်ရွက်နေပါကြောင်း၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက် မှုများ ရရှိစေရန် မူဝါဒ၊ ဥပဒေ၊ မဟာဗျူဟာများနှင့်အညီ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့က ဒေသခံလူမှု အဖွဲ့အစည်း များ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြပါကြောင်း၊ ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာသည် ပြည်တွင်း၊ ပြည်ပ သဘောတူညီချက် ရရှိထားပြီး တစ်နိုင်ငံလုံးအတွက် ချမှတ်ထားသော မဟာဗျူဟာဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွက် သာမက ကချင်၊ ကရင်၊ ချင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ပြည်တွင်းနေရပ် စွန့်ခွာရသူများ ပြန်လည်နေရာ ချထားနိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက် နေခြင်း ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ မဟာဗျူဟာအရ လုပ်ငန်းစီမံချက်များ ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းအတွက် နိုင်ငံတကာ ပညာရှင်များနှင့်လည်း ပူးပေါင်းဆောင်ရွက် နေပါကြောင်း။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်တော်၊ ပေါက်တောနှင့် မြေပုံမြို့နယ် (၅) မြို့နယ်မှ ကညင်တော၊ ကျောက်နီမော် (ကမန်)၊ နိဒင်၊ မင်းသာဖ၊ တောင်ပေါ် စသော စခန်း (၅) ခုမှ လူဦးရေ (၄၆၈၆) ဦးကို ပြန်လည်နေရာချထားပေးပြီး စခန်းများပိတ်သိမ်း နိုင်ခဲ့ပါကြောင်း၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး IDP စခန်းနှင့် ပတ်သက်၍ လိုအပ်သည့် စီမံချက် ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့်လည်း ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာအရ ပြည်နယ်အဆင့် ကော်မတီကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ကျောက်တစ်လုံး IDP စခန်း ပိတ်သိမ်းနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့က စခန်းနေ နေရပ် စွန့်ခွာရသူများနှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း၊ UEHRD က ကိုယ်စားလှယ်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများကလည်း ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြပါကြောင်း။

COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်တွင်လည်း တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရ မူဖြင့် နေရပ်စွန့်ခွာသူများအတွက် ဦးစားပေး စဉ်းစားခဲ့ပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို အထူးစီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ဆောင်ရွက်ဆဲ MCCT အစီအစဉ်အရ စခန်း များရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မွေးဖွားသော (၂) နှစ်အောက် ကလေးငယ်များအား ထပ်ဆောင်း ထောက်ပံ့ခဲ့ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကလည်း CERP အစီအစဉ်အရ IDP စခန်းများ တွင် အိမ်ထောင်စု(၁)စုကို တစ်ကြိမ်လျှင် ငွေကျပ် (၄၀၀၀ဝ) နှုန်းဖြင့် ထောက်ပံ့ခဲ့ပါကြောင်း၊ ဆက်လက်၍ နိုင်ငံတကာ အလှူရှင်များ၏ ထောက်ပံ့မည့် အစီအစဉ်များကိုလည်း ချမှတ်ထားပြီးဖြစ်ပါကြောင်း၊ စခန်းနေ နေရပ်စွန့်ခွာသူများအနေဖြင့် မဟုတ်မမှန် အထင်အမြင် လွဲမှားနိုင်သည့် ကောလာဟလ သတင်းများ၊ သွေးထိုးနှောင့်ယှက်မှု များကို နားယောင်နေပါက လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခက်ခဲနိုင်ပါကြောင်း၊ စခန်းနေ နေရပ်စွန့်ခွာသူများ၏ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများရှိရန် အရေး ကြီးပါကြောင်း၊ ကျောက်တစ်လုံး IDP စခန်းပိတ်သိမ်းရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးအတွက် လက်ရှိဆောင် ရွက်နေသောလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးပေး ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်အတွင်းရှိ လက်ရှိ အခြေအနေများ နှင့် IDP စခန်း ပိတ်သိမ်းရေး ဆောင်ရွက်ရာတွင် စခန်းနေ နေရပ်စွန့်ခွာသူများ၏ သဘောဆန္ဒများ ကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဒေသခံလူမှု အသိုက်အဝိုင်းက လက်ခံနိုင်ရန်လည်း လိုအပ်သဖြင့် အကြိမ်ကြိမ်ဆွေးနွေးမှုများ အချိန်ယူပြုလုပ်ခဲ့ပြီး ညှိနှိုင်းဆောင်ရွက် နေပါကြောင်း၊ စခန်းပိတ်သိမ်းရေး ကြိုးပမ်းမှုနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဦးစားပေး အလေးထား ဆောင်ရွက် လျက်ရှိကြောင်း၊ မြေယာကိစ္စများ ဖြေရှင်းဆောင်ရွက်ပြီးပါက ပြန်လည်နေရာ ချထားမည့် နေရာပတ်ဝန်းကျင်တွင် အဝေးပြေး ယာဉ်ရပ်နားစခန်းတစ်ခု တည်ဆောက်ရေး နှင့်အတူ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊  ယခုအချိန် တွင် COVID-19 ရောဂါ ဖြစ်ပွားနေမှုကြောင့် လုပ်ငန်းကြန့်ကြာမှုများ တွေ့ရှိနေရကြောင်း ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့က ပြန်လည်နေရာချထားရေးအတွက် ကွင်းဆင်း ညှိနှိုင်းဆောင်ရွက်မှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ကျောက်တစ်လုံး IDP စခန်းရှိ နေရပ်စွန့်ခွာသူကိုယ်စားလှယ်များက ၎င်းတို့၏ အခက်အခဲများ၊ ပြန်လည်နေရာ ချထားရေးအတွက် ဆန္ဒသဘောထားများကို ထုတ်ဖော် ဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အမြဲတမ်းအတွင်းဝန် တို့က မဟာဗျူဟာပါ လုပ်ငန်းစီမံချက်များသည် ဒေသအလိုက်၊ စခန်းများအလိုက် လိုအပ်ချက်အရ ဆောင်ရွက်ရ သည်ဖြစ်၍ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDP စခန်း၏ လိုအပ်ချက်များကို ဆန်းစစ်ဖော် ထုတ်ပြီး ညှိနှိုင်းဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း၊ စခန်းရှိ နေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး မှီခိုမှုကင်းသောဘဝများကို ပြန်လည် တည်ဆောက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယခုဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ အနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ကြခြင်းသည် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များအတွက် အထောက်အကူဖြစ် ပါကြောင်း၊ အမျိုးသားအဆင့် မဟာဗျူဟာအရ ပြန်လည်နေရာချထားရေး၊ စခန်းပိတ်သိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ပူးတွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ဘေးကင်း လုံခြုံရေးတို့ကို ထည့်သွင်း စဉ်းစား ဦးစားပေးဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ဆွေးနွေးသူများက မိမိတို့၏ ယူဆချက်များကို တရားသေ စွဲကိုင်ထားခြင်းမရှိဘဲ အပြုသဘောဆောင်သည့် ဘုံသဘော တူညီချက် တစ်ခုရရှိရန် ကြိုးစားညှိနှိုင်းကြရန် လိုအပ်ကြောင်း၊ ယခုလုပ်ငန်းစဉ်သည် ချက်ချင်းပြီးစီး အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ခက်ခဲသော်လည်း မိမိတို့ရည်မှန်းထားသည့် ဒေသ ဖွံ့ဖြိုးရေးကိစ္စများကို စဉ်ဆက်မပြတ် ဦးစားပေးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရ၏ သဘောထားအမှန်၊ စာနာနားလည်မှု၊ စနစ်တကျ ရေရှည်တည်တံ့မည့် ပူးပေါင်းစီမံ ဆောင်ရွက်မှုများဖြင့် အမျိုးသားအဆင့် မဟာဗျူဟာနှင့် ညီညွတ်သော ကျောက်တစ်လုံး IDP စခန်း ပြန်လည်နေရာချထားရေးနှင့် ပိတ်သိမ်းရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မျှော်လင့်ပါ ကြောင်းနှင့် အချိန်ယူ၍ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

(သတင်းစဉ်)