မြိတ် ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်-ထားဝယ်-ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ သမုတ်မြစ်အားဖြတ်၍ တည်ဆောက်ထားသည့် သမုတ်-လွတ်လွတ် တံတားကို တံတားတည်ဆောက်ရေးလုပ်ငန်းနှင့် တံတားချဉ်းကပ်လမ်း တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ တံတားပေါ် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။
သမုတ်-လွတ်လွတ်တံတားသည် (၁၂၈၇)ပေရှည်ပြီး ယာဉ်သွားလမ်း အကျယ်က(၂၄)ပေရှိကာ လူသွားလမ်း တစ်ဖက်(၃)ပေစီပါရှိသည့် နှစ်လမ်းသွား တံတားတစ်စင်းဖြစ်၍ ရေလမ်းကင်းလွတ် အကျယ်(၁၆၄)ပေရှိပြီး ရေလမ်းကင်းလွတ်အမြင့်သည် ရေအတက်ဆုံးချိန်၌ (၁၅)ပေရှိကြောင်း၊ အဆိုပါ တံတားကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ရန်ပုံငွေစုစုပေါင်း ကျပ်သန်း(၁၁၈၀၀)ဖြင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။
သမုတ်-လွတ်လွတ် တံတားပေါ် ဖြတ်သန်းသွားလာခွင့်ပြုခြင်း ( Soft Opening ) အစီအစဉ်ကို ဒီဇင်ဘာ လ(၂၀)ရက် နံနက်ပိုင်းက အဆိုပါတံတားတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် ၊ တိုင်းဒေသ ကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် တာဝန်ရှိသူများက တံတားကျောက်စာတိုင်အား အမွေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြပြီး မင်္ဂလာအချိန်တွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၏ မော်တော်ယာဉ်များ မော်တော်ဆိုင်ကယ်များ စတင် ဖြတ်သန်း ခွင့်ပြုခဲ့ကြသည်။
တံတားပေါ် ဖြတ်သန်းသွားလာခွင့်ပြုခြင်း အစီအစဉ် မစတင်မီ တံတားစီမံကိန်းရှင်းလင်းဆောင်တွင် ဆရာတော် သံဃာတော်များထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က အန္တရာယ်ကင်းပရိတ်တရားတော် များနာယူခဲ့ကြပြီး သမုတ်-လွတ်လွတ်တံတားပေါ် စတင်ဖြတ်သန်း သွားလာကြသည့် ပြည်သူများအား ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက တံတားပေါ်မှ လက်ပြနှုတ်ဆက်ခဲ့ကြ၍ သမုတ်ဘက်ကမ်းနှင့် လွတ်လွတ် ဘက်ကမ်းမှ တံတားအား စတင်ဖြတ်သန်းသွားလာသည့် ပြည်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
သမုတ်-လွတ်လွတ်တံတား မတည်ဆောက်မီ ပြည်သူများမှ သမုတ်မြစ်ကို ရှောင်ကွင်းပြီး ဖောက်ထားသည့် ရှောင်ကွင်းလမ်းမှ ဖြတ်သန်း သွားလာရသည့်အတွက် ယာဉ်များ(၂၅)မိုင်ခန့် သွားလာခဲ့ကြရကာ တံတားတည်ဆောက်ပြီးစီးပြီဖြစ်၍ အဆင်ပြေချောမွေ့စွာ ဖြတ်သန်း အသုံးပြုနိုင်ပြီဖြစ်သဖြင့် ခရီးမိုင်နှင့် ယာဉ်မောင်း ချိန်(၄၅)မိနစ်ခန့် သက်သာသွားမည်ဖြစ်သည်။ ယခင်က ပြည်သူများမှ ရှောင်ကွင်းလမ်းမှ သွားလာရသည့် အတွက် ရှောင်ကွင်းလမ်းသည် တောင်ကြောပေါ်၌ ဖောက်ထားသည့်အတွက် အတက်အဆင်း အကွေ့ အကောက် များသည့်လမ်းတွင် ပြည်သူများ နေ့စဉ်သွားလာနေကြရ၍ ယခု သမုတ်-လွတ်လွတ် တံတားတည် ဆောက်ပြီးစီး ပြီဖြစ်သဖြင့် ပြည်သူများမှ တံတားဖြတ်သန်း၍ နေ့ညရာသီမရွေး မိမိတို့လိုရာခရီးကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီ ဖြစ်ပေသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )