ပျိုမျစ်နုနယ် ကျောင်းသူငယ်ဘဝ
၁၉၈၀-၈၁ ပညာသင်နှစ်ရဲ့ နှင်းတွေဝေတဲ့ ဒီဇင်ဘာနံနက်ခင်းတစ်ခုမှာ ရန်ကုန် တက္ကသိုလ်မြေကို စတင်ခြေချခဲ့ပါတယ်။ တတိယနှစ် မြန်မာစာအဓိက ကျောင်းသူ အဖြစ်နဲ့ပါ။ ကျွန်မတို့က ဒေသကောလိပ် ပညာရေးကို လက်မတင်လေး မီလိုက်သူများ ဖြစ်တာကြောင့် အခြေခံပညာအထက်တန်းကို ၁၉၇၈ ခုနှစ်မှာ အောင်မြင်ခဲ့ပြီး ပထမနှစ်ကို အမှတ်(၃)ဒေသကောလိပ်မှာ တက်ရောက်ခဲ့ ရပါတယ်။ ငယ်စဉ်ကတည်းက ဆရာဝန်ဖြစ်ချင်တဲ့ ဆရာဝန်ရူးဆိုတော့ ပထမနှစ်မှာ အဘိုးက တားတဲ့ကြားက သိပ္ပံ(ဇီဝ)တွဲယူခဲ့ ပါတယ်။ ဒုတိယနှစ်မှာ လုပ်ငန်းအတတ်ပညာ ဆိုတော့ ရော်ဘာနဲ့ ပလတ်စတစ်လုပ်ငန်း ယူပါတယ်။ ဂုဏ်ထူးတဝေဝေနဲ့ အောင်ခဲ့ပေ မယ့် အမှတ်ပေါင်းသော် ဆေးတက္ကသိုလ်ဝင်ခွင့် အမှတ်မမီလေသောကြောင့် ရွေးချယ်ရန် ဖြစ် လာပါတယ်။ သိပ္ပံဘွဲ့ယူမလား၊ လိုင်းပြောင်း မလား။ ကျွန်မက လိုင်းပြောင်းပြီး ဝိဇ္ဇာတွဲ ယူချင်တယ်ဆိုတော့ ဖေဖေက မြန်မာစာယူဖို့ ပြောပါတယ်။ ကျွန်မလည်း ကိုယ်တိုင်လည်း စိတ်ဝင်စား၊ အဖေ့စကားလည်း နားထောင်ပြီးသား ဖြစ်စေဆိုပြီး မြန်မာစာယူဖို့ ဆုံးဖြတ်ချက်က ကျွန်မကို ရန်ကုန်တက္ကသိုလ် ကျောင်းသူဖြစ်စေတဲ့အကြောင်းပါ။
တက္ကသိုလ် အိပ်မက်
ရန်ကုန်တက္ကသိုလ်ကို ၁၉၈၀-၈၁ မှ ရောက်တယ်ဆိုပေမယ့် ငယ်စဉ်က ရန်ကုန် တက္ကသိုလ် ရွှေရတုအထိမ်းအမှတ်မဂ္ဂဇင်းကို ဖတ်ပြီး တက္ကသိုလ်ထဲ စိတ်ကရောက်နှင့် နေပါတယ်။ တက္ကသိုလ်ကျောင်းသားတွေ အကြွေးနဲ့ စားကြတာတွေ၊ လှေလှော်၊ အဆောင်မှာ ပျော်ကြတာတွေဖတ်ပြီး အလွန် သဘောကျခဲ့တာ။ အဒေါ်က ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှာ စာကြည့်တိုက် ဒီပလိုမာတက်တော့ ကျောင်းပိတ်ရက်နဲ့ ဆုံရင် ကျွန်မကို ခေါ်သွားတတ်ပါတယ်။ ပေါင်းမိုး လေးအောက်က လမ်းကိုလျှောက်ရ တာ၊ ဟိုးမိုးသို့ ထိုးတက်နေတယ်လို့ ထင်ရတဲ့ အဆောက်အအုံဘေးက စားသောက်ဆိုင်တန်းမှာ အကြော်စားရတာတွေက ၉ တန်း ကျောင်းသူ ကျွန်မအတွက် တက္ကသိုလ် အိပ်မက်မက်စေပါတယ်။ တကယ် တက္ကသိုလ် ရောက်တော့ မဂ္ဂဇင်းထဲကလို နေကြည့်ချင်ပေ မယ့် ကိုယ်က နေ့ကျောင်းသူဖြစ်နေတော့ အဆောင်နေခွင့်မရ။ ရပါတယ်လေ အဒေါ်နဲ့ သွားခဲ့ဖူးတဲ့နေရာ သွားပြန်ရှာတော့ ဂျပ်ဆင် နားက လျှောက်လမ်းလေးနဲ့ စားသောက်ဆိုင် တန်း ဖြစ်နေတာ တွေ့ရတယ်။ ကျေနပ်ပီတိနဲ့ စာသင်ခန်းရှိရာ ပြန်လာခဲ့ပါတယ်။
စာသင်ခန်းက တောင်ငူဆောင်မှာပါ။ ရန်ကုန်တက္ကသိုလ် မြန်မာစာကျောင်းသူ ဘဝ အစ တောင်ငူဆောင်ကပါ။ တောင်ငူဆောင်က ဘယ်မှာလဲဆိုတာသိပ်တော့မရှာလိုက်ရပါ ဘူး။ စစချင်းတွေ့တာကတော့ ကြော်ငြာ သင်ပုန်းပါ။ အတန်း၊ ခုံအမှတ်၊ စာသင်ချိန် စတဲ့ ကျောင်းသားတစ်ယောက် သိသင့်တာ တွေကို ကြော်ငြာသင်ပုန်းမှာ ကပ်ထားပေးပါ တယ်။ ဒါပေမယ့် ကျောင်းသားလေ၊ သိတဲ့ အတိုင်း ကြော်ငြာသင်ပုန်း မဖတ်ဘဲ ကျော် သွားပြီး ဟိုရှာဒီရှာ။ နောက်မှ (အတန်းကြီး သမားထင်ပါရဲ့) ညွှန်ပြသူက ညွှန်ပြတော့မှ သင်ပုန်းက စာဖတ်၊ တက်ရမယ့်အတန်းရဲ့ အခန်း နံပါတ်ရှာ၊ အတန်းထဲဝင်၊ ဟိုကြည့် ဒီကြည့်၊ ဘယ်သူမှမသိ၊ အသာလေး ခုံတစ်ခု မှာ ဝင်ထိုင်။ အဲဒါ ရန်ကုန်တက္ကသိုလ်နဲ့ ပျိုမျစ် နုနယ်ကျောင်းသူအရွယ်တို့ တွေ့ဆုံခြင်းပါ။ တက္ကသိုလ်ဆိုတာ ကိုယ့်အားကိုယ်ကိုးရ တယ်ဆိုတဲ့အသိ၊ တက္ကသိုလ်ဆိုတာ တည်ငြိမ် ခံ့ညားစွာ အလုပ်လုပ်တတ်တယ်ဆိုတဲ့ အသိ တွေ ရလိုက်ပါတယ်။
ကျူတိုရီရယ်နဲ့ စတွေ့
တတိယနှစ် မြန်မာစာကျောင်းသူဘဝမှာ ကျူတိုရီရယ်နဲ့ စတွေ့ပါတယ်။ ပထမနှစ်၊ ဒုတိယနှစ်တွေတုန်းက သိပ္ပံကျောင်းသူဖြစ်လို့ လက်တွေ့နဲ့ပဲ တိုးခဲ့ရာက ကျူတိုရီရယ်ဆိုတဲ့ မဂ္ဂဇင်းထဲမှာ ဖတ်ဖူးတဲ့ဝေါဟာရကို စတွေ့ရ ပါတယ်။ စိတ်လှုပ်ရှားမိပါတယ်။ သူကလည်း စာမေးပွဲမှာ အရေးပါတယ်တဲ့။ စာမေးပွဲမှာ အရေးပါတဲ့ ကျူတိုရီရယ်ကို စဖြေရတော့ ထင်သလောက် မခက်ခဲတာတွေ့ရလို့ ပျော်နေ ပါတယ်။ တတိယပတ် ကျူတိုရီရယ်ချိန် ရောက်ပါပြီ။ မြန်မာကျောက်စာ အချိန်ပါ။ မေးတဲ့မေးခွန်းက “ က မှ အ အထိ မြန်မာ သင်ပုန်းကြီးဖတ်စာလာ ရေးဆွဲပုံအတိုင်း ရေးဆွဲပြပါ” တဲ့။ ခုထိမှတ်မိနေတဲ့ မေးခွန်းပါ။ လာထား၊ ဘာရမလဲ သိပ္ပံက လာသူတွေကို ဆရာကြီး ဆရာမကြီးတွေက ဒီလိုပညာစမ်း သလား။ (ခုခေတ်လိုဆိုရင်တော့ facebook ပေါ် ရောက်ချင် ရောက်မှာပေါ့) ဖြေလည်း ဖြေရော ဋ ဌ ဍ တွေမှာ ကျွန်မတို့ ခေါင်းတွေ ၉၀ ဒီဂရီရော၊ ၁၈၀ ဒီဂရီရော လည်ကုန်ပါ တယ်၊ ဘယ်ဟာက ဘယ်ဘက်လှည့်မှန်း မသိလို့ ခေါင်းကုတ်လိုက်၊ မေးငေါ့လိုက်၊ ဒီကြားထဲ သင်ပုန်းကြီး ဖတ်စာလာ ရေးဆွဲပုံအတိုင်းတဲ့။ မေ့ပြီလေ။ သင်ပုန်းကြီး ဖတ်စာက သူငယ်တန်းစာ၊ တက္ကသိုလ်အထိမပါလာတော့ပါ။ ကျွန်မမှာ ကျူတိုရီရယ် စာရွက်ပြန်ရချိန်မှာ ကမန်းကတန်း ကြည့်လိုက်တော့ “ဂ” တစ်လုံးသာ မှန်ပါတယ်။ ဂ ငယ်သာမကယ်ရင် တစ်မှတ်မှ ရမှာမဟုတ်လို့ သိလိုက်ရသလို ပညာဆိုတာ ကျယ်ပြန့်တယ်ဆိုတာလည်း သိလိုက်ရပါတယ်။
တစ်နေ့ ကျောင်းဆင်းလာပြီး အိမ်ပြန်ဖို့ အဓိပတိလမ်းဘက် လျှောက်လာချိန်မှာ လမ်းပေါ်မှာ ကားရော၊ လူတွေရော အတော့်ကို စည်ကားနေတာ တွေ့ပါတယ်။ မြင်ကွင်းက ဘွဲ့ဝတ်ရုံ အမည်းရောင်နဲ့ ပန်းရောင်၊ အစိမ်း ရောင်လိုင်းတွေ ဝတ်ထားသူတွေရော၊ လှပ ပြောင်လက်စွာ ဝတ်စားထားသူတွေရော ကင်မရာမီး တဖျတ်ဖျတ်လက်ပြီး ပြုံးပျော် နေကြပုံ မြင်ကွင်းပါ။ အဓိပတိတစ်လျှောက် လာသူလာ၊ သွားသူသွား နေကြတာတွေ့တော့ ကျွန်မနဲ့ သူငယ်ချင်း နှစ်ယောက်သား မပြန် နိုင်သေးဘဲ မန္တလေးဆောင်ရှေ့ အုတ်ခုံမှာ ထိုင်ပြီး ငေးကြပါတယ်။ အားကျစိတ်နဲ့ပါ။ ငါလည်းတစ်နေ့ ဒီလိုဖြစ်ရမယ်လို့ သန္နိဋ္ဌာန်ချ တဲ့နေ့ပါ။ ဘယ်လောက်တောင် အားကျစိတ် နဲ့ ငေးမိလဲဆိုရင် ခေါင်းတွေမူးပြီး ဇက်တွေနာတဲ့ အထိပါ။ ဒီစေ့ဆော်ချက်က ကျောင်းထဲမှာ နေချင်စိတ်တွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်စေပြီး တက္ကသိုလ်ကို ချစ်စိတ်တွေ ရင်နဲ့အမျှ ဖြစ်စေခဲ့ပါတယ်။
အာစီမှာ ပန်းချီပြပွဲ၊ ကာတွန်းပြပွဲ၊ စီးပွားရေးတက္ကသိုလ်မှာလုပ်တဲ့ ကာတွန်းပြ ပွဲ၊ ဂျပ်ဆင်မှာလုပ်တဲ့ ပန်းချီ ကာတွန်းပြပွဲ ဆိုရင်လည်း မလွတ်တမ်း။ ဒေသကောလိပ်က ပန်းချီဆွဲဖော်တွေက ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမှာ ဆက်ဆွဲကြပါတယ်။ ကျွန်မက အဲဒီအချိန်မှာ ပန်းချီခန်းကို ဖြတ်သွားဖြတ်လာ ပဲ ရောက်ပါတော့တယ်၊ တောင်ငူဆောင်နဲ့ ဝေးတာ တစ်ကြောင်း၊ ကျူတိုရီရယ်နဲ့ တိုက်ဆိုင်နေတာ တစ်ကြောင်း၊ ရေကူးသင် နေတာတစ်ကြောင်း တို့ကြောင့်ပါ။ တက္ကသိုလ် ဆိုတာ စာသင်ချိန်ချည်းပဲမဟုတ်၊ လေ့လာ လိုက်စားစရာ နယ်ပယ်တွေ ရှိနေပါတယ်။ ပေါင်းသင်းဆက်ဆံရေး၊ လူမှုရေး၊ ပညာရေး အားလုံးရှာဖွေ ဆည်းပူးနိုင်ရာ နေရာပါ။ တစ်ရက်မှာ စီးပွားရေးတက္ကသိုလ်မှာ လုပ်တဲ့ ကာတွန်းပြပွဲကို အတန်းအားလို့ သွားကြည့် ကြပါတယ်။ မိုးရာသီမှာ မိုးစိုနေတဲ့ထီးတွေကို အတန်းနောက်ဘက်မှာ လှမ်းထားခဲ့ပြီး မိုးတိတ်ချိန် ဒီအတိုင်းထွက်သွားကြတာ၊ တစ်ယောက်ပဲ ကောင်းကောင်းနေမကောင်း ချင်လို့ဆိုကာ ထီးစောင့်ကျန်ခဲ့ပြီး ၁၀ ယောက်လောက်ရှိမယ့် ကျွန်မတို့အစုက သွားကြတာ။ ကြည့်ရင်း အတန်းချိန်နီးပြီလို့ သတိဝင်လာတော့ ပြန်မယ်အလုပ်မှာ မိုးက သဲသဲမဲမဲ ရွာချပါရော။ ထီးကတစ်လက်ပဲပါတယ်။ ကျန်သူတွေ ထီးက အတန်းထဲမှာ။ ဘာမှ လုပ်လို့မရတော့ ကျွန်မတို့ထဲက သူငယ်ချင်း နှစ်ယောက်အတွဲကို ထီးပေးပြီး ထီးစောင့် အိပ်ကျန်ခဲ့သူကို ထီးအားလုံး ယူကာ လိုက်လာခဲ့ဖို့ မှာကြားပြီး အတန်းကို ပြန်ခိုင်း၊ ဟိုသူငယ်ချင်းခမျာ ထီးအလက် ၁၀ လက် နီးပါး ပွေ့ပိုက်ပြီးလိုက်လာရတော့၊ လမ်းမှာ တွေ့သမျှလူတိုင်းက ဖောက်သည်ပေးမလို့လား စခံထိတော့ နှုတ်ခမ်းတစူစူနဲ့ ဆောင့်အောင့်ပြီး ရောက်လာပါတယ်။ အတန်းချိန်လည်း မမီတော့လို့ အင်းလျား သွားပြီး အကြော်စားကြပါတယ်။ ခုခေတ်လို ဆိုင်တွေ မဟုတ်လည်း သစ်ပင်အောက်မှာ ကြော်တဲ့ အကြော်ဆိုင်ဖြစ်တော့ မိုးသဲသဲမှာ ဘူးသီး ကြော်စားကြတာ မိုးရေတွေဆမ်းပြီး ဘူးသီးကြော်က ပျော့ပြဲ၊ အချဉ်ရည်က မိုးရေ နဲ့ကျဲ။ ဒါပေမယ့် စားလိုက်ကြတာ အလု အယက်၊ ဘူးသီးကြော်ခမျာ ဘဝပျက်။ ထိုင်စားကြတော့ ထီးကကျတဲ့ မိုးစက်က ပြန်စဉ်လို့ ခါးမှာ ရွှံ့စက်ကိုယ်စီနဲ့။ သူ့ခါး ကိုယ်ကြည့်ရယ်၊ ကိုယ့်ခါး သူကြည့်ရယ်၊ လွတ်လပ်ပေါ့ပါးလိုက်တဲ့ ပျိုမျစ်နုနယ် ကျောင်းသူအရွယ်ပါ။ တစ်ခုတော့ ပြောစရာရှိပါတယ်၊ နောက်နေ့ကျတော့ အတန်းလစ်လို့ ဆူခံထိကြတာ ပေါင်းရှစ်ယောက် အကြော် စားသူများပါ။
ဂုဏ်ထူးတန်းတက်ခွင့်ရ
စတုတ္ထနှစ်မှာတော့ နည်းနည်းလန့် လာပါပြီ။ တက္ကသိုလ်မြေမှာ ဆက်နေချင် စိတ်တွေပြင်းပြတော့ ဘယ်လိုနည်းလမ်းနဲ့ နေရမလဲ စဉ်းစားတာ ကွာလီဖိုင်းဝင်မှ ဂုဏ် ထူးတန်း၊ မဟာတန်းဆက်တက်ပြီး ကျောင်း သက်ရှည်ရှည် နေနိုင်လိမ့်မယ်လို့ အဖြေ တွေ့ပါတယ်။ တစ်ခုရှိတာက မိဘများဘက်ကို လည်း ကြည့်ရပါသေးတယ်။ အစိုးရဝန်ထမ်း ဘဝနဲ့ သားသမီးလေးယောက်ကို ကျောင်း ထားပေးရတဲ့မိဘ၊ နှစ်ဖက်မိဘကို သားသမီး တာဝန်ကျေပွန်အောင် ထမ်းနေရတဲ့မိဘကို ဝန်ထုပ်ဝန်ပိုး မပေးချင်တာလည်း အမှန်ပါ။ ကျောင်းထဲမှာ နေချင်စိတ်အားကြီးတော့ ကြိုးစားပါတယ်။ ဖေဖေနဲ့မေမေကလည်း သူတို့က ပညာအမွေပဲ ပေးနိုင်မှာဆိုပြီး အားပေးတော့ အားတွေရှိလိုက်တာမှလေ၊ ကွာလီဖိုင်း ဖြစ်ပါတယ်။ ဂုဏ်ထူးတန်းတက် ခွင့်ရပါတယ်။ မဟာတက်ခွင့်လည်းရပါတယ်။ အဲဒါနဲ့ ကျောင်းသက်ရှည်ရှည်တက္ကသိုလ်မြေမှာ ကံ့ကော်ပွင့်တာကို အကြာကြီးမြင်ရတဲ့ အခွင့်အရေး ရရှိလာပါတယ်။ ၁၉၈၆၊ အောက်တိုဘာ၊ ၃၁ ညနေ ရက်စွဲနဲ့ နည်းပြ အဖြစ် ရန်ကုန်တက္ကသိုလ်မှာပဲ ခန့်အပ်ခံရတဲ့ အခါ မဟာဝိဇ္ဇာ (ကျမ်းပြု) ကျောင်းသူတစ် ပိုင်း၊ ဆရာမတစ်ပိုင်းနဲ့ ဆန္ဒရဲ့စေ့ဆော်ရာ တက္ကသိုလ်မြေမှာဝေတဲ့ ကံ့ကော်တွေရဲ့ ရနံ့ ကို ဆက်လက်ရှူရှိုက်ခွင့်ရတာဟာ မိဘ၊ ဆရာသမားတွေရဲ့ ကျေးဇူးတွေ၊ ခွန်အားတွေ ကြောင့်ပါ။
တက္ကသိုလ်သည် ဝါသနာကို ပျိုးထောင်ရာ နေရာ
ကျွန်မက ဒေသကောလိပ် ပထမနှစ်မှာ ပန်းချီသင်ပါတယ်။ ဆရာတွေကတော့ မန္တလေး ပန်တျာကျောင်းအုပ်ကြီး ဦးချစ်မြဲ ရဲ့သား ဆရာမြသန်းချစ်၊ မန္တလေးက ပန်းချီ ဆရာကြီး ဦးကြွယ်လေးရဲ့သား ဆရာ ဦးဝင်း အောင်တို့ပါ။
ဆရာနှစ်ဦးက အမှတ်(၃)ဒေသ ကောလိပ်မှာ ဆရာတွေအဖြစ် ရှိနေပြီး ကျောင်းရဲ့ ပန်းချီ သင်တန်းမှာ နည်းပြတွေ လုပ်ပေးကြတာပါ။ တစ်ဖက်ကတော့ လမ်းစဉ် လူငယ်ပေါ့။ ဒုတိယနှစ်ရောက်တော့ ကြက်ခြေနီနဲ့ ဘတ်စကက်ဘော။ ဒီနေရာမှာ မေဆွိ အကြောင်း ပါလာပါမယ်။ ကျွန်မက ဒုတိယ နှစ်မှာ မေဆွိက ပထမနှစ်ပါ။ ဘတ်စကက်ဘော ဆော့ချိန်က သူတို့ ကျောင်းဆင်းချိန်ပါ။ ဘတ်စကက်ဘောကွင်းဘေးက ဖြတ်ပြန်တဲ့ မေဆွိအနားကို ဘောလုံးရောက်အောင် ပုတ်ပြီး ဆွိ ဆွိလို့ နှုတ်ကအော်ရင် သူက ခေါင်း လေးငုံ့၊ ရယ်ဟဟ မျက်နှာလေးနဲ့ သုတ်သုတ် လေး လျှောက်တတ်ပါတယ်။ အဲဒီအချိန်မှာ သူက “ မကြာခင်မှာ ကြင်နာမယ်” နဲ့ အတော် ကိုနာမည်ကြီးနေပါပြီ။
တက္ကသိုလ်မှာ စာချည်းပဲသင်နေရတာ မဟုတ်ပါဘူး။ အားကစားမျိုးစုံ၊ အနုပညာ မျိုးစုံအပြင် လမ်းစဉ်လူငယ်(ကျွန်မတို့ခေတ် ပေါ့)၊ ကြက်ခြေနီဆိုတဲ့ စိတ်ဝင်စားရာကို လေ့လာနိုင်တဲ့ အခွင့်အရေး အပြည့်ပေးထား ပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ငြိမ် ရင့်ကျက်မှု၊ ဦးဆောင်တတ်မှု၊ နောက်လိုက် ကောင်း လုပ်တတ်မှု၊ အဖွဲ့အစည်းနဲ့ လုပ်တတ်မှု၊ ကိုယ်ချင်းစာတတ်မှု၊ ကြင်နာ တတ်မှုစတဲ့ အရည်အသွေးတွေကို ဒီနေရာ မျိုးတွေမှာ လေ့ကျင့်ပျိုးထောင်နိုင်ပါတယ်။ ဘတ်စကက်ဘောကစားရင် တစ်ဦးကောင်းနဲ့ မရပါဘူး။ ဘောလုံးလိုပါပဲ။ အသင်းအဖွဲ့ ညီညွတ်မှ အောင်မြင်မှုရတာကို စာသင်ချိန် ပြင်ပမှာ ဝါသနာပါရာလုပ်ရင်း ရယူသွားတာ ပါ။ အတန်းချိန်လည်း မထိခိုက်ပါဘူး။ ပန်းချီ သင်တော့ အမှတ်(၃)ဒေသကောလိပ်မဂ္ဂဇင်း သရုပ်ဖော်ပုံတွေ ဆွဲရပါတယ်။ ကျွန်မတို့လည်း ကိုယ့်ကျောင်းလှုပ်ရှားမှုမှာ ပါဝင်ခွင့်ရသလို ကျောင်းအတွက်လည်း အပိုငွေမကုန်တော့ တဲ့အကျိုးရမှာပါ။ ဒီထက်အရေးပါတာက ပေါင်းသင်းဆက်ဆံရေးပါ။ လူမှုပေါင်းသင်း ဆက်ဆံရေးအတတ်ပညာကို တစ်ပါတည်း သင်ယူပြီးဖြစ်ပါတယ်။
တတိယနှစ်မှာ ရေကူးသင်တော့ တက္ကသိုလ်ရေကူးကန်မှာပါ။ ရေကူးသင်ပြီးရင် ရေကူးကန်အဝက အကြော်ဆိုင်မှာ အကြော် စား၊ ပြီးရင် ရေစိုရေကူးဝတ်စုံထည့်ထားတဲ့ အိတ်ကိုခြေထောက်နဲ့ စည်းချက်ညီညီရိုက်ပြီး အဓိပတိလမ်းအတိုင်း တက္ကသိုလ်ရိပ်သာ လမ်းဘက် လျှောက်လာရင်း လမ်းနံဘေး ဝဲယာက သစ်ရွက်ကြွေတာ စိတ်ထဲ ကဗျာစပ် လိုစပ်၊ ဝတ္ထုရေးလိုရေး၊ ဟိုငေးဒီငေး၊ တစ်ခါ တလေ သင်ထားတဲ့ စာတွေ ပြန်ရွတ်လို ရွတ်နဲ့ လမ်းလျှောက်တတ်တဲ့ ကျွန်မကို သူငယ်ချင်းတစ်ယောက်က လှမ်းခေါ်တာ မကြား၊ မမြင်လို့ သူငယ်ချင်းတွေကို ကြည့် လည်းလုပ်ဦး၊ ဟိုတစ်ယောက်တော့ ခေါ်မ ကြား အော်မကြားလို့တိုင်တာ ခံရပါသေး တယ်။
အနုပညာအသင်းမှာလည်း ပတ္တလားတီး သင်သူသင်၊ အဆိုသင်သူသင် (ကျွန်မက အဆိုသင်သူ)။ အနုပညာအသင်းခန်းဘက် ရောက်ရင် တီးသံ မှုတ်သံ အစုံ။ တစ်ခါတလေ သူငယ်ချင်းတစ်ယောက်က ပတ္တလားတီးသင် တော့ သူ့ဆီလိုက်သွားပြီး ကိုယ်လည်း တတောင်တောင်လုပ်။ ကျွန်မရဲ့ အဆို သင်တန်းက စစသင်တာ “ဆင်ကြီးဂဠုန်ချီ” တဲ့။ ကျွန်မလည်း ဆက်မချီနိုင်တော့တာနဲ့ အဆိုသင်တန်းကို တာ့တာလုပ်ခဲ့ရပါတော့ တယ်။ အားကစားဖြစ်စေ၊ အနုပညာဖြစ်စေ တက္ကသိုလ်မှာ လေ့လာသင်ယူရင်း ထူးချွန်သူ များ ပေါ်ထွက်ရာနေရာ ဖြစ်ပါတယ်။
လေ့လာမိသမျှ ပညာရေးဘဝ
တတိယနှစ်ရောက်တော့ ရန်ကုန် တက္ကသိုလ်မှာ သတိထားမိတာက ဘာသာတွဲ ယူရတဲ့ စနစ်ပါ။ အခုခေတ် elective လို့ပြော ရမယ့် ဘာသာနှစ်ခု ပေးပါတယ်။ အဲဒီထဲက ကြိုက်ရာတစ်ခု ရွေးရပါတယ်။ ဖေဖေတို့ ခေတ်ကတော့ ဒီထက်ပိုများတယ်လို့ ကြားဖူး ပါတယ်။ ကျွန်မတို့က နှစ်ခုထဲက တစ်ခုရွေးပါ။ ဒါကြောင့် တစ်တန်းတည်းပေမယ့် ဘာသာ မတူရင် အတန်းချိန်မတူပါဘူး။ ပင်မဘာသာ ရပ်တွေပဲ အတန်းချိန်တူပါတယ်။ ပြဋ္ဌာန်း စာအုပ် ကိုင်သင်ပါတယ်။ ကျွန်မကိုယ်တိုင်က ပြဋ္ဌာန်းစာအုပ်မှာ ဆရာ ဆရာမ သင်သမျှကို လိုက်မှတ်တတ်ပါတယ်။ အလေးခံပြီး ပြဋ္ဌာန်း စာအုပ်ကို သယ်ပါတယ်။ ဆရာ ဆရာမများ အားလုံးက Lecture ပဲ ပေးပါတယ်။ မီအောင် လိုက်မှတ်၊ မမီရင် အတန်းပြီးတာနဲ့ အချင်းချင်း စာအုပ်ချင်းတိုက်ပြီးကူးရေးရ၊ ဖြည့်ရလုပ်ကြရတာ ဓလေ့တစ်ခုပါ။
အမှတ်ပေးစနစ်ကတော့ ၈၀-၂၀ ပဲ ထင်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက ကျွန်မတို့ ဂုဏ်ထူးတန်းရောက်တော့ ပြဋ္ဌာန်း စာအုပ်ရယ်လို့ မထုတ်ထားပါဘူး။ ဆရာ ဆရာမများ သင်တာကို လိုက်မှတ်ပြီး သိချင် တာတွေကို စာကြည့်တိုက်ပြေးပြီး ရှာဖွေ ရတာပါ။ ပါမောက္ခဆရာမကြီးက ရတု သင်ပါ တယ်။ ရတုတွေရဲ့ ခေတ်၊ အမျိုးအစား၊ စာဆို အမည် ပြောပါတယ်။ ကိုယ်သင်ရမယ့် စာကို ကိုယ့်ဘာသာ စာကြည့်တိုက်မှာ ရှာဖွေပြီး ကိုယ့်ဖတ်စာအုပ်ကိုယ်ရအောင် လုပ်ယူရပါတယ်။ ရယ်စရာတစ်ခုက ဆရာကြီး တစ်ယောက်က ဌာန်ကရိုဏ်းကျကျနဲ့ ရွတ် လိုက်တဲ့ အိုင်ချင်းစာသားကို ကျွန်မတို့ သူငယ်ချင်း နှစ်ယောက်က ဘယ်လို စာလုံးပေါင်းရမှန်းမသိ၊ အကြားအတိုင်း တစ်ယောက်က “နွားမကြီး”၊ ကျွန်မက “နမကြီး” လို့ ရေးပါတယ်။ ကျူတိုရီရယ်ဖြေ တော့ ဆရာမက စိတ်တွေဆိုးလိုက်တာ၊ ဆရာ ပြောတာက “ နှမကြီး” ပါတဲ့။
နောက်တစ်ခုက ဂုဏ်ထူးတန်းကစပြီး Paper ရေးရတဲ့ အလေ့အထလုပ်တာပါ။ စတုတ္ထနှစ်မှာလည်း ဘွဲ့ယူစာတမ်းငယ်ဆိုပြီး ရေးရပါတယ်။ စာမျက်နှာ ၈၀ တစ်အုပ်စာပါ။ မဟာ(ရေးဖြေ) မှာ ပိုရေးရပါတယ်။ ခုခေတ်လို Semester မဟုတ်လို့ တစ်နှစ်လုံးနေမှ စာမေးပွဲက တစ်ကြိမ်သာဖြေရပြီး တစ်နှစ်လုံး စာအုပ်ဆိုလည်း တစ်အုပ်လုံး၊ ကဗျာအမျိုး အစားအစုံ စသည် သင်ရတော့ စာအမျိုးအစား စုံ သင်ခွင့်ရသလို သင်သူ ဆရာ ဆရာမများက တစ်နှစ်လုံးစာမှာ ပြီးသလောက်သင်ပေမယ့် ဖြေတဲ့အခါ တစ်အုပ်လုံး ခြုံငုံမိအောင်ဖြေမှ အမှတ်ကောင်းတာပါ။ ဒါသင် ဒါကျက် ဒါဖြေ မဟုတ်ပါ။ ဒါများအခုလည်း တူတူပါပဲလို့ ပြောချင်ကြပါလိမ့်မယ်။ တကယ် ကျောင်းသားဗဟိုပြု သင်ကြားရေးကို ကြုံခဲ့ ရပါလားလို့ အခု ပြန်စဉ်းစားနေမိပါတယ်။ အပြောနဲ့မဟုတ်တဲ့ လက်တွေ့ သင်ပေးလိုက် တဲ့ ကျောင်းသားဗဟိုပြုစနစ်ပါ။ ကျောင်းသားက ကိုယ်လိုတာ ကိုယ့်ဘာသာရှာရပါတယ်။ စာကြည့်တိုက်ကို အားကိုးရပါတယ်။ စာအုပ် အဟောင်းတန်း ပြေးပြီးလိုချင်တာ ရှာဖွေရပါ တယ်။ မဟာတန်းမှာ ဝတ္ထု၊ စကားပြေ၊ စာပေ ဝေဖန်ရေး၊ ကျောက်စာ၊ ပျူစာ ၊ ဘာသာဗေဒ၊ သဒ္ဒဗေဒ၊ မွန်ကျောက်စာ၊ ရတု၊ ကဗျာ မျိုးစုံ သင်ရသလောက် တစ်ခုသင်ပြီးရင် စာတမ်း တစ်စောင်ရေးရပါတယ်။ ကျွန်မတို့ဆိုတာ စာတမ်းနဲ့ နပန်းလုံးနေရတာပါ။ ဆရာ တစ်ယောက်က ဒီနေ့တင်၊ နောက်ဆရာမတစ် ယောက်က ဘယ်တော့တင်နဲ့ စာတမ်းတင်ရ မယ့်ရက်နဲ့ စာတမ်းကို အလွတ်ရအောင် ကျက်ရတာက တာဝန်တစ်ခုပါ။ အကျိုးရလဒ် က စာတမ်းတစ်စောင်ကို ကျကျနနရေး တတ်သွားခြင်း ဖြစ်ပါတယ်။ မဟာဘွဲ့အတွက် ကျမ်းရေးတော့ အခက်အခဲအတော်နည်း သွားသလို ပါရဂူဘွဲ့အတွက်၊ သုတေသန အတွက် စာတမ်းတွေရေးရာမှာ ပုံစံကျရေး တတ်ခြင်း အကျိုးခံစားရပါတယ်။ ဆရာ ကောင်းတွေ တပည့်မို့လို့ ပန်းကောင်းပန်ရ တယ်လို့ ပြောချင်ပါတယ်။
ပညာရေးဘဝမှာ ရန်ကုန်တက္ကသိုလ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကတည်းက ၂၁ ရာစု သင်ကြားရေး နည်းပညာသဘောတရားဖြစ်တဲ့ ကျောင်းသားဗဟိုပြု သင်ကြားရေး၊ သုတေသနဖွံ့ဖြိုးရေး၊ သိပ္ပံ ဝိဇ္ဇာ ဘာသာရပ် များမှာ ခေတ်မီဖွံ့ဖြိုးရေးတို့ကို အစဉ်တစိုက် လုပ်ဆောင်လာခဲ့ပြီး ၁၉၉၇ ခုနှစ်ကစလို့ နည်းပညာပိုင်း ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အာရုံ စိုက်လုပ်ဆောင်လာတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ တစ်နည်းပြောရရင် Education 4.0 ကို ဖော်ဆောင်နေတဲ့ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ဖြစ်ပါတယ်။
အခု ရန်ကုန်တက္ကသိုလ်က ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ရတက္ကသိုလ်ဖြစ်ပါပြီ။ သက် တမ်းအားဖြင့် အနှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။ ကမ္ဘာ့တက္ကသိုလ်အဆင့် ၇၀၀၀ ကျော်အထိ ဒီကာလအတွင်း တက်လှမ်းလာနိုင်တဲ့ အမိ တက္ကသိုလ်အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ အမိတက္ကသိုလ်က မွေးဖွားပေး လိုက်တဲ့ သမီးတစ်ဦးအနေနဲ့ ပေးအပ်တဲ့ တာဝန်ကို ကျရာနေရာမှာ ကျေပွန်အောင် ထမ်းရွက်ရင်း အမေ့မျက်နှာ၊ အမေ့ဂုဏ်ကို စောင့်ထိန်းနိုင်သူဖြစ်အောင် ကြိုးစားနေပါတယ်။ အမိတက္ကသိုလ်ကြီးလည်း သက်တမ်းရှည်ရှည်၊ အောင်မြင်မှု ကြီးကြီးနဲ့ ထူးချွန်ထက်မြက်တဲ့ သားကောင်း သမီးမွန် များ ဆက်လက်မွေး ထုတ်နိုင်ပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်။ ဆက်၍ ဆက်ခါ ကံ့ကော်ရနံ့ မွှေးပျံ့သင်းပါစေ။ ။
စာရေးသူ၏ ကိုယ်ရေးအကျဉ်း
- အမည်ရင်း ဒေါက်တာ ချိုချိုမြင့် ဖြစ်သည်။
- ၁၉၆၂ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွား သည်။
- ၁၉၇၈ ခုနှစ်တွင် အထက (၄) ပုဇွန် တောင်မှ အခြေခံပညာ အထက်တန်း အောင်မြင်သည်။
- ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (မြန်မာ စာ- ၁၉၈၂)၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့(၁၉၈၃)၊ မဟာဝိဇ္ဇာဘွဲ့ (၁၉၈၉) ရခဲ့ပြီး ပါရဂူဘွဲ့ (၂၀၀၄)၊ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှု ပညာ ဒီပလိုမာ (၂၀၀၅) တို့ ရရှိခဲ့သည်။
- ယခု ထားဝယ်တက္ကသိုလ်တွင် ဒုတိယပါမောက္ခချုပ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။
ဒေါက်တာချိုချိုမြင့်