နေပြည်တော် ဒီဇင်ဘာ ၁၉
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ် စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ ကြုံတွေ့နေရ သည့် ကိုဗစ်-၁၉ ကပ်ရောဂါသည် ကျန်းမာရေးပြဿနာ သာမက လတ်တလောနှင့် ရေရှည်တွင်ပါ လူမှုရေး၊ စီးပွားရေးတို့ကို ထိခိုက်သက်ရောက်မှု ရှိပါကြောင်း၊ အစိုးရအနေဖြင့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ စီမံချက်တွင် မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရှိစေရေးဆိုသည့်မူ ပါရှိပါကြောင်း၊ အစိုးရ အနေဖြင့်လည်း လူတိုင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ၏ စီးပွားရေးသက်ရောက်မှုများသည် လူတစ်ဦး တစ်ယောက်ချင်းစီနှင့် အိမ်ထောင်စုများ တွင် ကြုံတွေ့နေရခြင်းဖြစ်၍ ပြဿနာကိုဖြေရှင်းရာတွင် အမျိုးသားရေးစိတ်ဓာတ်၊ စာနာရိုင်းပင်းမှု၊ သတိ၊ လုံ့လဝီရိယရှိမှု၊ ထိုးထွင်းကြံဆနိုင်မှုများနှင့် အခက်အခဲများကို အောင်မြင်စွာကျော်ဖြတ်နိုင်ရန် အရေးကြီး ပါကြောင်း၊ ကိုဗစ်-၁၉ ကာလတွင် ပုံမှန် အလုပ်အကိုင်များ အခက်အခဲရှိလာခြင်း၊ အွန်လိုင်းအသုံးပြုမှု များပြားလာသည်နှင့်အမျှ လိမ်ညာလှည့်ဖြားမှုများ ပိုမိုဖြစ်လာ နိုင်ခြင်းတို့ကြောင့် ပြည်တွင်း၌ပင် လူကုန်ကူးခံရခြင်းများ ပိုမိုများပြားလာနိုင်ပါကြောင်း၊ လူကုန်ကူးခံရသူများသည် အမျိုးသမီးငယ်ရွယ် သူများနှင့် အမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ်များ အများစုဖြစ်ကြပါကြောင်း၊ အမျိုးသမီးများ သာမက အမျိုးသားများလည်း ပါဝင်သည်ကို သတိရှိရန်လိုပါကြောင်း။
လူကုန်ကူးမှု ပြဿနာကို တားဆီးကာကွယ်ရန် လိုအပ်သကဲ့သို့ လူကုန်ကူးခံရသူများကို ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များသည် အစိုးရအနေဖြင့် မလွဲမသွေ တာဝန်ယူဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ အကောင် အထည်ဖော်ဆောင်ရွက်မှု ကိစ္စများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူကုန် ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေး လုပ်ငန်းအဖွဲ့၊ ဥပဒေ ရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခွဲ(၃)ခုကို ဖွဲ့စည်းထားရှိပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အထိ လူကုန် ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့တွင် ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအဖွဲ့ဝင်ဌာနများ၊ ဆက်စပ်ဌာနများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ကုလမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့က ဦးဆောင်ပြီး ရေးဆွဲထားရှိသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းများ၏ နှစ်စဉ်လုပ်ငန်းစီမံချက်ပါ လုပ်ငန်းရပ်များကို ရာနှုန်းပြည့် အောင်မြင် အောင် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း။
ထို့ပြင် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၂၀၁၂ ခုနှစ်တွင် လူကုန်ကူးခံရ သူများအား ပြန်လည်လက်ခံရေး၊ မိဘရပ်ထံပြန်လည်အပ်နှံရေးနှင့် မိသားစုနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးဆိုင်ရာ အမျိုးသားလုပ်ငန်းလမ်းညွှန်ကို ရေးဆွဲဖော်ထုတ်ခဲ့ပါကြောင်း၊ သို့သော်လည်း ၎င်းလုပ်ငန်းလမ်းညွှန်အရ အကောင်အထည်ဖော်ရာတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်း ဆောင်ရွက်နေသူများနှင့် ဝန်ဆောင်မှုပေးနေသူများ အနေဖြင့် ၎င်းတို့၏ အခန်းကဏ္ဍ၊ လုပ်ငန်း တာဝန်များနှင့် ဆောင်ရွက်ပေးရမည့် ဝန်ဆောင်မှုများကို ရှင်းလင်းတိကျစွာသိရှိစေရန်၊ ဝန်ဆောင်မှု ပေးနေသူများ အကြား ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် လူကုန်ကူးခံရသူများ၏ လိုအပ်ချက်များကို အချိန်နှင့် တပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်တို့အတွက် လူကုန်ကူးခံရ သူများအား ပြန်လည် လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်း အစီ အစဉ်ကိုထပ်မံ ရေးဆွဲခဲ့ပါကြောင်း၊ ထိုစံလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်းပြီး အမေရိကန်နိုင်ငံက လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပါ စံနှုန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ တိုင်းတာ၍ နှစ်စဉ် အစီရင်ခံစာများ ထုတ်ပြန်ပြီး အဆင့်များ သတ်မှတ်ကာ အကြံပြုချက်များကို ကြေညာလေ့ ရှိပါကြောင်း။
၂၀၂၀ခုနှစ်၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ တိုးတက်မှုလိုအပ်ချက် ရှိနေကြောင်းနှင့် အကြံပြုချက် (၁၃)ချက်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ နှင့်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို လက်တွဲ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့၏ ဆောင်ရွက်ချက်များကို ပေါ်လွင်အောင် ဖော်ပြဖို့လိုပါကြောင်း၊ လူကုန်ကူးခံရသူများအား ကာကွယ် စောင့်ရှောက်ရေး၊ ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အတည်ပြုဖြန့်ချိပြီးဖြစ်သော ကူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်း အစီအစဉ်နှင့်အညီ အကောင်းဆုံး အကျိုး စီးပွားကို ဖော်ဆောင်ပေးနိုင်ရန်နှင့်တပြေးညီဝန်ဆောင်မှုများ ရရှိနိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များ၊ ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် မူဝါဒပိုင်းဆိုင်ရာများတွင် အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း၊ လူကုန်ကူးခံရသူများနှင့် ပတ်သက်သော လုပ်ငန်းစဉ်တွင် ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းသည် လူကုန်ကူးမှု ထပ်မံ မဖြစ်ပွားစေအောင် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များ အပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိခြင်းအားဖြင့် လူကုန်ကူးမှုများ လျော့နည်း ပပျောက်ရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း။
ထို့ကြောင့် လုပ်ငန်းကော်မတီ (၃) ခု ညီညွှတ်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်း၊ ထို့အပြင် ပြည်သူလူထုအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ များတွင် ပါဝင်ကြသော သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပူးပေါင်း ဆောင်ရွက်ကြသော အရန်မီးသတ်၊ ကြက်ခြေနီ၊ အမျိုးသမီး ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့် အနီး စပ်ဆုံးတွင်ရှိကြသည့်အတွက် ၎င်းတို့၏ အခန်းကဏ္ဍသည် လူကုန်ကူးမှုတားဆီး ကာကွယ် ရေးတွင် အလွန်အရေးပါပြီး လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆိုင်ရာ စံလုပ်ငန်းစဉ်များ အကောင်အထည်ဖော် အောင်မြင်ရေးအတွက် များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က လူကုန် ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်အမျိုးသားအဆင့် စံလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ လက်ရှိကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို တင်ပြဆွေးနွေးကြသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန်တို့က တင်ပြချက်များနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က တင်ပြချက်များကို ခြုံငုံသုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းသည် အစိုးရ၏ ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ရှိသူများက ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ပေးခြင်းကို ထိရောက်စွာ ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူလူထုအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့များ၊ လူမှုဝန်ထမ်းနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ တာဝန်ရှိသူများက ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြပြီး ယနေ့ မိတ်ဆက်ရှင်းလင်းသော လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်းစဉ်ကို ထိရောက်စွာ အကောင်အထည် ဖော်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)