Skip to main content

''Healthy and Happy Life in the New Normal Era'' ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ''Healthy and Happy Life in the New Normal Era'' ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန် ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့(ကရင်) ဆပ်ကော်မတီခေါင်းဆောင် ဒေါက်တာသီသီဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (ကျွမ်းကျင်သူ) ဒေါက်တာရဲတင့်လွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန (စစ်ကိုင်းတိုင်း) ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ သည် ရာသီတုပ်ကွေးရောဂါကဲ့သို့ပင် ကမ္ဘာပေါ်တွင် လပေါင်းများစွာ၊ နှစ် ပေါင်းများစွာ ဆက်လက်တည်ရှိ ကူးစက်ဖြစ်ပွားနေမည်ကို ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အားကစားကဏ္ဍအပါအဝင် ကဏ္ဍစုံမှ တာဝန်ရှိသူများက ကြိုတင်မျှော်မှန်းတွက်ဆပြီး ကိုဗစ်-၁၉ ခေတ်ကာလနှင့် သင့်လျော်သည့် နည်းဗျူဟာများ ချမှတ်ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း။

ယခုအချိန်၌ မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပုံမှန်လုပ်ငန်းများကို အရှိန်အဟုန် မပျက်ပြန်လည် ဆောင်ရွက်နိုင်ရေးအတွက် အစပြုရန် လိုအပ်နေပြီး ထိုကဲ့သို့ မလုပ်ဆောင်ပါက နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုဟာ အလွန်နှောင့်နှေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်သည် ယခင်ကတည်းက လူထုလှုပ်ရှားမှုအားကစား ဆောင်ရွက်မှုများကို အထူးတက်ကြွစွာဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်ကို တွေ့ရှိပြီး ယခုလို ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာပေါ်တွင် ပေါ်ပေါက်ဖြစ်ပွားလာပြီး နောက်အား ကစားလှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများ၊ အားကစားလေ့ကျင့်မှု များကို အရှိန်အဟုန်မပျက် မည်သို့ ဆက်လက်လုပ်ဆောင်သွားမည် ဆိုသည်ကို ဝိုင်းဝန်းစဉ်းစားကြံဆ ဆောင်ရွက်ရန် မိမိတို့ဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိခြင်းသည် နိုင်ငံအတွက် အလွန်ကောင်းမွန် ပါကြောင်း။

အားကစားလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှုကို ဖြစ်စေခြင်း၊ လျင်မြန်ဖျတ် လတ်မှု ဖြစ်စေသည် သာမကစိတ်ဖိစီးမှုကိုလျော့ကျစေခြင်း၊ စိတ်ကျန်းမာမှုကိုဖြစ်စေခြင်း၊ မှန်ကန်စွာစဉ်းစားဆုံးဖြတ်နိုင်ခြင်း၊ သွေးတိုး၊ နှလုံးရောဂါ စသည့် မကူးစက်နိုင်သော ရောဂါ ဖြစ်ပွားမှုကာကွယ်ပေးခြင်း၊ အသက်ကြီး လာပါကလည်း ကျန်းမာစွာနေထိုင်နိုင်ပြီး ဘဝ နေထိုင်မှု အရည်အသွေးများကို မြင့်မားစေခြင်း၊ အမျိုးသမီး များတွင် အရိုးပွရောဂါဖြစ်ပွားမှုမှ စ၍ အခြားနာတာရှည်ရောဂါများကို ဘကာကွယ်ပေးနိုင်ခြင်းစသည့် ကောင်းကျိုးများစွာ ရှိသည့်အတွက် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်မှ လုပ်ဆောင်နေသည့် လုပ်ငန်းများအား မိမိတို့ဝန်ကြီးဌာနမှ အထူး ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း။

ထို့ပြင် အားကစားလုပ်ခြင်းဖြင့် ဇီဝကမ္မဗေဒ မှန်ကန်ကောင်းမွန်စေကာ ခန္ဓာကိုယ် အတွင်းရှိ မြောက်များစွာသော ဟော်မုန်းဓာတ်များနှင့် အင်ဇိုင်းအမျိုးမျိုးတို့ကို ညီညွှတ်မျှတစွာ ထိန်းညှိပေးပြီး ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေကာ ကိုဗစ်-၁၉ အပါအဝင်အခြား ရောဂါများကို ခုခံနိုင်စွမ်းလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ဒိုပါမင်း (dopamine) ကဲ့သို့သော ဟော်မုန်းများ များပြားလာသဖြင့် စိတ်ဖိစီးမှုကိုလည်း လျှော့ချနိုင်ပါကြောင်း။

အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာလှပခြင်းသာမက စိတ်လက်ပေါ့ပါး လန်းဆန်းခြင်းအပါအဝင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ရရှိပါကြောင်း၊ အားကစားကိုစိတ်ပါဝင်စား လုပ်ဆောင်ခြင်းအားဖြင့် ဂိမ်းအလွန်အကျွံစွဲလမ်း ခြင်းများ၊ အရက်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး၊ မူးယစ်ဆေးဝါး သုံးစွဲမှုများ လည်းလျော့နည်း ပပျောက်လာမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဗီဒီယိုကွန်ဖရင့် စနစ်အသုံးပြု၍ ပညာရှင်များ ဆွေးနွေးပွဲပြုလုပ်ခြင်းသည် အလွန်ကောင်းမွန်အကျိုးရှိပါကြောင်းနှင့် ဆက်လက်လုပ် ဆောင်ရန်လိုအပ်ပါကြောင်း၊ နောင်ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် လူငယ်များ၊ အားကစားသမားများ၊ နည်းပြများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် နေရာ ဒေသအရပ်ရပ်ရှိ သာမာန်ပြည်သူများကိုလည်း ဖိတ်ခေါ်ဆွေးနွေးရန် တိုက်တွန်းလိုပါကြောင်း၊ သို့မှသာ နယ်ပယ်စုံမှ ပြည်သူများ၏ အမြင်ရှုထောင့်များကို သိရှိနိုင်မည်ဖြစ်ပြီး အားကစား လှုပ်ရှားမှုများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ပါ ကြောင်း။

မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်သည် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး "Exercise is Medicine" အစီအစဉ်အရ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် Fitness dance များကိုကျယ်ကျယ်ပြန့်ပြန့် သရုပ်ပြခြင်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရပြီး ယခုကဲ့သို့သော ကိုဗစ်-၁၉ ခေတ်ကာလ၌ တစ်ဦးချင်းကစား၍ ရသော အားကစားနည်းများကို အားပေးရန် လိုအပ်ပါကြောင်း၊ ပြည်သူများအကြားတွင် ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခြင်းကို မဖြစ်မနေ လုပ်ဆောင်ရမည်ဟူသော အမူအကျင့်၊ အလေ့အထတစ်ခု ဖြစ်လာသည် အထိ ပြောင်းလဲဖြစ်ပေါ်လာစေရန် မိမိတို့အားလုံး အလေးထား၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ အိမ်ထောင်စုတစ်စုချင်း အနေဖြင့်လည်း နေအိမ်၌ပင်ပြုလုပ်နိုင်သော ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်း တစ်ခုခုကို နေ့စဉ်ပြုလုပ်ရန် မိသားစုဝင် အချင်းချင်း အသိပေးခြင်း သတိပေးခြင်းများကို ပြုလုပ်ပေးစေလိုပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် အားကစားပြုလုပ်ခြင်း၏ ရရှိနိုင်သော ရေတိုနှင့် ရေရှည် အကျိုးကျေးဇူး အမျိုးမျိုးကို ရေးသားထားသောစာအုပ်ကို အပြီးသတ်တည်း ဖြတ်လျက်ရှိပြီး မကြာမီထုတ်ဝေကာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ အားကစားလုပ်ခြင်း သည် တစ်ဦးချင်းစီ၏ကျန်းမာရေးအတွက် သာမက တစ်နိုင်ငံလုံး၏ ကျန်းမာရေးကောင်းမွန် တိုးတက်ရေးကို လုပ်ဆောင်နေခြင်းဖြစ်သဖြင့် မြန်မာအမျိုးသမီး အားကစား အဖွဲ့ချုပ်၏ စိတ်ပါဝင်စားစွာ ဆောင်ရွက်လျက်ရှိသည်များကို ဆက်လက်ပူးပေါင်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် နာယက ဒေါက်တာမြလေးစိန်က မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်သည် ၁၉၉၀ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း (၃၀)တိုင် ရပ်တည်လာနိုင်ခဲ့ပြီး ဥက္ကဋ္ဌများ၊ အမှုဆောင်များ ပြောင်းလဲသည့်တိုင် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်၏ ရည်ရွယ်ချက်ဖြစ်သော အမျိုးသမီးများ၊ မိခင်များ၊ အမျိုးသမီး အားကစားသမား များ၏ အကျိုးဖြစ်ထွန်းစေသော ကိုယ်ခန္ဓာနှင့်စိတ်ဓါတ်များ ကျန်းမာသန်စွမ်းစေသော မြှင့်တင်ဆောင်ရွက် လှုပ်ရှားမှုများကို ယခင်ကထက် ပိုမို အရှိန်အဟုန်မြင့် လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလတွင်လည်း ယခင်ကာလများမှ ဖြစ်ပွားခဲ့သောရောဂါဗေဒများ ဖြတ်ကျော်ခဲ့ပြီးသည့် အတွေ့အကြုံကောင်း များကို အသုံးချပြီး New Normal Life ကိုကျင့်သုံးနေထိုင်ရန်လိုအပ် ပါကြောင်း၊ ထိုသို့ နေထိုင်ရာတွင် လူတိုင်းသည် ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်အာဟာရ မျှတ ဖွံ့ဖြိုးနေထိုင်ရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့သော အခြေအနေတွင် ကိုယ်ခံအားစနစ် ကောင်းမွန်အောင် အဓိက လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့လုပ်ဆောင်ရမည့် အချက်တွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ ဖြင့်သာ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါး (EIM) သည် မိမိတို့ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ချုပ်ကသာ ဆောင်ရွက်နေသည် မဟုတ်ပဲ UN ၊ WHO ၊ IOC ကဲ့သို့ ကမ္ဘာ့အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းကြီးများမှပါ ကျယ်ကျယ် ပြန့်ပြန့် တွင်ကျယ်စွာ ကမ္ဘာအနှံ့၌ ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံ အတိုင်းအတာဖြင့် လှုပ်လှုပ် ရှားရှား လူထုအားကစားပြိုင်ပွဲကို ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် အဆင့်(၄)သို့ ရောက်ရှိ နေပြီဖြစ်ပါကြောင်း၊ ထိုလှုပ်လှုပ်ရှားရှား လူထုအားကစားပြိုင်ပွဲသည်လည်း ပြိုင်ပွဲအသွင် မဟုတ်ပဲ တစ်နိုင်ငံလုံး အတိုင်းအတာထိ ပြည်သူများ ပါဝင်လာမှုကို အဓိကထားဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းအား ကစားကို မဖြစ်မနေ လုပ်ဆောင်ရမည့် အလေ့အကျင့် ဝါသနာအစွဲတစ်ခုကဲ့သို့ ဖြစ်လာစေရန် လိုအပ်ပါကြောင်း၊ ထိုမှသာ New Normal Life Era တွင် အပြုအမူ၊ နေထိုင်မှုပုံစံ၊ ခံယူချက် များပြောင်းလဲပြီး ကျန်းမာသန်စွမ်းပြီး စိတ်ဓါတ်ခိုင်မာသော နေထိုင်မှုမျိုး နေထိုင်လာနိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးက မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့၏ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များ၊Covid-19 ကာလ မတိုင်မီ အဖွဲ့၏ ဆောင်ရွက်နိုင်မှုများ၊ လတ်တလော ဆောင်ရွက်ချက်များနှင့် ရှေ့ဆောင်ရွက်လုပ် ဆောင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှား အားကစားဖွံ့ဖြိုးတိုးတက်ရေးအကြောင်းများကို ဆွေးနွေးသည်။

ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (ကျွမ်းကျင်သူ) ဒေါက်တာ ရဲတင့်လွင်၊ အားကစား ကာယပညာ ဦးစီးဌာန (စစ်ကိုင်း) ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ (ကရင်) ဆပ်ကော်မတီ ခေါင်းဆောင် ဒေါက်တာသီသီဝင်းတို့က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။    

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က သုံးသပ် ပြောကြားရာတွင် ယခုကာလတွင် အားကစားလှုပ်ရှားမှု အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဆက်သွယ်ရေး၊ ပြန်ကြားရေးဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ပိုမိုလုပ်ဆောင်ရန်လိုအပ် ပါကြောင်း၊ Onlineပြိုင်ပွဲများ ပြုလုပ်ရာတွင် အသက်အရွယ် ပေါင်းစုံ ပါဝင်နိုင်ရန်သက်ဆိုင်ရာ အသက်အရွယ်အလိုက် ပြိုင်ပွဲများပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာသန်စွမ်းသော ကလေးသူငယ်များ ဖြစ်ပေါ်လာစေရေး အတွက် အားကစား လှုပ်ရှားမှုများ ပြုလုပ်ရာတွင် မသန်စွမ်းကလေးသူငယ်များအတွက်ပါ ထည့်သွင်း စဉ်းစား ကျင်းပပေးရန် လိုအပ်ကြောင်း ပြောကြားပြီး အမေးအဖြေကဏ္ဍများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

(သတင်းစဉ်)