Skip to main content

လားရှိုးမြို့ နားမခေါ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)ပေးအပ်

တောင်ကြီး ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ နားမခေါ်ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံတောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲက လားရှိုးမြို့နယ် နောင်မွန်ကျေးရွာခန်းမ၌ ကျင်းပသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) ပေးအပ်ခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လားရှိုးမြို့နယ်အတွင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ထုတ်ပေးခြင်းလုပ်ငန်းကို ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၇၅)အုပ်စု၊ ကွင်းပေါင်း(၂၉၈)ကွင်း၊ တောင်သူပေါင်း(၁၀၁၆၁)ဦး၊ ဦးပိုင်ပေါင်း(၁၂၈၇၀)နှင့် ဧရိယာပေါင်း(၄၂၁၁၆) ဧကကို လျာထားလျက်ရှိရာ ယနေ့ချိန်ထိ တောင်သူပေါင်း(၉၉၆၆)ဦး၊ ဦးပိုင်ပေါင်း(၁၂၅၇၉) နှင့် ဧရိယာပေါင်း(၃၉၁၀၀)ဧက ထုတ်ပေးပြီးဖြစ်သည့်အတွက် ရာနှုန်းပြည့် နီးပါးဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် လားရှိုးမြို့နယ်ရှိ နားမခေါ် ကျေးရွာအုပ်စု၊ အိမ်​ခြေ(၁၂၂)ခု၊ အိမ်ထောင်စု(၁၁၅)စု၊ လူဦးရေ(၅၇၆)ဦးမှ တောင်သူပေါင်း(၃၁)ဦး၊ ဦးပိုင်ပေါင်း(၇၄)ခုကို လယ်ယာ​ မြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)များ ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ နားမခေါ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူ(၃၁)ဦးအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဒေါက်တာလင်းထွဋ် ၊ ပြည်နယ် ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က အသီးသီး ပေးအပ်ခဲ့ကြပြီး ဒေသခံတောင်သူ ဦးအိုက်ထို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)