Skip to main content

ကယားပြည်နယ် အစိုးရအဖွဲ့မှ ခရစ္စမတ်အကြို ဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနားအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီပြုလုပ်

လွိုင်ကော် ဒီဇင်ဘာ ၁၈

ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၀ ပြည့်နှစ် ခရစ္စမတ်အကြိုဝတ်ပြုကိုးကွယ်ခြင်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ရှင်ပေါလုအင်္ဂလီကန်အသင်းတော်မှ ကျောင်းထိုင်ဘုန်းတော်ကြီး စောစိုးမိုးထူးထူးဘော က ပဏမကျမ်းနှင့် အဖွင့်ဆုတောင်းခြင်းကို ဆောင်ရွက်ပြီး တက်ရောက်လာကြသည့် ပရိတ်သတ်များက ခရစ္စမတ် ဓမ္မတေးသီချင်း သီဆိုကြ သည်။

ဆက်လက်ပြီး ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုက ခရစ္စမတ်အချိန်ရောက်တိုင်း ခရစ္စမတ်ရဲ့ အနှစ်သာရ ဖြစ်တဲ့ ဘုရားသခင်ကပေးအပ်လာသော လက်ဆောင်မွန်ဖြစ်တဲ့ ငြိမ်းချမ်းခြင်း၊ ငြိမ်သက်ခြင်း၊ မေတ္တာတရားအားဖြင့် အချင်းချင်းခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်းတရားတို့ကို လက်ကိုင်ထားပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချစ်ခင်လေးစားကြပြီး ငြိမ်းချမ်းသာယာသော နှစ်သစ်၊ လူ့ဘောင်သစ်ကြီးကို အတူတကွတည်ဆောက် ကြပါစို့၊ လာမဲ့(၂၀၂၁)ခုနှစ်၊ နှစ်သစ်မှာလည်း ကမ္ဘာ့ကပ် ရောဂါဘေးအမျိုးမျိုးတို့မှ ကင်းစင်ပပျောက်ပြီး စိတ်၏ချမ်းသာ ခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြ ပါစေကြောင်း ခရစ္စမတ်အကြို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ သိက္ခာတော်ရဆရာတော် လားဘွယ်နေမူး လွိုင်ကော်နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာ က တရား ဒေသနာ တော်မြတ်ဟောကြားခြင်း၊ သိက္ခာတော်ရဆရာတော် ဝေလင်းအောင် (အတွင်းရေးမှူး) ကယားဖူးနှစ်ခြင်းခရစ် ယာန်အသင်းချုပ်က အထူးဆက်ကပ်ဆုတောင်းခြင်းများကို ဆောင်ရွက်ပြီး သိက္ခာတော်ရ ဆရာတော်များနှင့် ဘုန်တော် ကြီးများအား ခေတ္တဝန်ကြီးချုပ်က ခရစ္စမတ် အမှတ်တရလက်ဆောင်များ ပေအပ်ခဲ့သည်။

ထို့နောက် ကယားပြည်နယ် အစိုးရအဖွဲ့ ရုံးဝန်ထမ်းများက ခရစ္စမတ်တေးသီချင်းများကို သီဆိုကာ သိက္ခာတော်ရ ဆရာတော်မှ ကောင်းချီးမင်္ဂလာပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ခရစ္စမတ်အကြို ဝတ်ပြုကိုးကွယ်ခြင်းအခမ်းအနား အပြီးတွင် ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ်၊ ပြည်နယ် စည်ပင် သာယာရေးနှင့်လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးတို့က တက်ရောက်လာကြသော ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဉီးကျော်လင်းမောင်၊ ဒေသကွပ်ကွဲရေးမှူး စစ်ဌာနချုပ် လွိုင်ကော် ဒေသကွပ်ကဲရေးမှူး၊ လွှတ်တော်ဒုတိယဉက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် ဝန်ထမ်းတို့အား ခရစ္စမတ် အမှတ်တရလက်ဆောင်တို့ကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

အောင်ထွန်းလေး (ပြန်/ဆက်)