ရန်ကုန် ဒီဇင်ဘာ ၁၅
ပြည်တွင်းလေကြောင်းခရီး စီးနင်းလိုက်ပါကြမည့် ခရီးသွား ပြည်သူများအား ယနေ့နံနက်ပိုင်းမှစပြီး ကျောက်တံတား မြို့နယ်ရှိ Tourist Burma အဆောက်အအုံ (ဆူးလေဘုရား လမ်းရှိ မြန်မာအဆွေကုန်တိုက်)နှင့် အောင်မင်္ဂလာအဝေး ပြေးယာဉ်ရပ်နားစခန်းရှိ ဒေသန္တရကျန်းမာရေးဌာနတို့၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ခရီးသွား ကဏ္ဍမြှင့်တင်ပေးရန် ရည်ရွယ်ဆောင် ရွက်သည့်အတွက် စစ်ဆေးခကို အသက်သာဆုံး သတ်မှတ် ပေးထားကြောင်း၊ နာရီဝက် အတွင်း ဓာတ်ခွဲအဖြေထွက် သည့် နည်းလမ်းဖြင့် စစ်ဆေးပါက ငွေကျပ် ၁၀၀၀၀ ကျသင့်မည်ဖြစ်ပြီး အနည်းဆုံး ၂၄ နာရီအကြာမှ ဓာတ်ခွဲ အဖြေထွက်သည့် နည်းလမ်းဖြင့် စစ်ဆေးပါက ငွေကျပ် ၃၅၀၀၀ ကျသင့်မည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်တွင်းလေယာဉ်ခရီးစဉ်များတွင် လိုက်ပါစီးနင်း မည့် ခရီးသည်များအနေဖြင့် ဓာတ်ခွဲနမူနာစစ်ဆေးပေးသည့် နေရာများသို့ လာရောက် ရာတွင် လိုက်နာရမည့်အချက်များကို ထုတ်ပြန်ကြေညာထားသည်။ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက လေယာဉ် နှင့် လိုက်ပါမည့်သူများအား လေယာဉ်လက်မှတ် နှင့်အတူ နိုင်ငံသား စိစစ်ရေးကတ်ပြား (သို့မဟုတ်) အခြား သက်သေခံ အထောက် အထားနှင့် ခြောက်လအတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံယူဆောင်လာမှစစ်ဆေး ပေးမည်ဖြစ်ကြောင်း၊ ခရီးစတင် မထွက်ခွာမီ ၃၆ နာရီ အတွင်း စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း၊ ဖော်ပြပါစစ်ဆေး ရေးနေရာနှစ်ခုတွင်နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီ အတွင်း စစ်ဆေးပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းသို့လာရောက်စစ်ဆေးရာတွင် အဖော်ခေါ်ဆောင် လာခြင်းမပြုရကြောင်း၊ နှာခေါင်းစည်းနှင့် မျက်နှာအကာ တပ်ဆင်လာရမည်ဖြစ်ပြီး စစ်ဆေးသည့် အချိန်မှလွဲ၍ အချိန်ပြည့်တပ်ဆင်ထားရမည်ဖြစ်ကြောင်း ဖော်ပြထား သည်။
ထို့ပြင် တစ်ဦးနှင့် တစ်ဦးကြား ခြောက်ပေခွာထားသော သတ်မှတ်နေရာများတွင် စနစ်တကျ စောင့်ဆိုင်းခြင်း၊ စောင့်ဆိုင်းနေစဉ် အစား အသောက်များ စားသုံးခြင်း ပြုရမည်မဟုတ်ကြောင်း၊ စစ်ဆေးပြီး၍ ရောဂါပိုးမတွေ့ရှိ ကြောင်း ထောက်ခံချက်ရပြီးပြီးချင်း အိမ်သို့ပြန်ရမည် ဖြစ်ကြောင်း။
ထို့ပြင် ခရီးသွားမည့်သူများသည်နေရပ်လိပ်စာများ (ရန်ကုန်မြို့နှင့် သွားရောက်မည့်မြို့ရှိ လိပ်စာ၊ ဖုန်းနံပါတ်များ)ကို မှန်ကန် ပြည့်စုံ စွာ ဖြည့်သွင်းရမည်ဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ စည်းမျဉ်း စည်းကမ်းများ အတိုင်း ကုသမှုခံယူရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
မြင့်မောင်