မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၁၅ ရက် ညနေ ၆ နာရီခွဲတွင် ထုတ် လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူ များသိရှိနိုင်ရန်အတွက် ပြန်လည် ဖော်ပြလိုက်ပါ သည်။
အစီအစဉ်မှူး။ ။ ကိုဗစ် - ၁၉ ရောဂါဟာ ကမ္ဘာ့နိုင်ငံ အနှံ့ အပြားမှာ ကူးစက်မှုတွေ ပိုမို များပြားလာလျက်ရှိပြီး သေဆုံးမှုတွေ မြင့်မားနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လတ်တလော ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူ တစ်သိန်းကျော်အထိ ရှိလာ ခဲ့ပြီ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ခံရခြင်းမရှိအောင် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ လမ်းညွှန်ချက်တွေကို မဖြစ်မနေ မပျက်မကွက် လိုက်နာ ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါ တယ်။
ပြည်သူတွေသိရှိလိုတဲ့ ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သမားတော်ကြီး တွေ၊ ပါမောက္ခကြီးတွေနဲ့ ပညာရှင်ကြီးတွေက အပတ်စဉ် ဆွေးနွေးပေးလျက်ရှိပါတယ်။ အခု တစ်ပတ်မှာ ပါမောက္ခ ဒေါက်တာဝင်းမေသိန်း ပါမောက္ခ (အပူပိုင်း/ကူးစက်)၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဒေါက်တာဌေးလွင် ညွှန်ကြားရေးမှူး၊ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေး နှင့် ကုသ ရေးဦးစီးဌာနမှူး တို့နဲ့အတူ ဦးဆောင်ဆွေးနွေးသူ အဖြစ် ဒေါက်တာခင်ခင်ကြီး ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒေါက်တာခင်ခင်ကြီး။ ။ ယနေ့အထိ ကိုဗစ် - ၁၉ ရဲ့ ရောဂါကူးစက်မှုဟာ ကမ္ဘာ့ နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် ဖြစ်ပွားနေပြီး ရောဂါကူးစက် ခံရသူပေါင်း ၇၂ သန်းကျော်ရှိကာ သေဆုံးသူအနေနဲ့ ၁ ဒသမ ၆ သန်းကျော်နေပြီ ဖြစ်ပါတယ်။ လက်ရှိအနေအထား ကလည်း ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေရော၊ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အာဆီယံနိုင်ငံတွေမှာပါ ရောဂါ ဖြစ်ပွားမှုဟာ ဆက်လက် ရှိနေဆဲဆိုတာကို ပြည်သူတွေ အသိပေးချင်ပါတယ်။
ဒီဟာနဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ မေးမြန်း လာတဲ့ မေးခွန်းတော်တော်များများကို တွေ့ရှိရပါတယ်။ မေးခွန်းတွေကို သက်ဆိုင်ရာ ပါမောက္ခသမားတော်ကြီးတွေ၊ ပြည်နယ်ကျန်းမာရေးမှူးတို့အပြင် ရောဂါဗေဒနဲ့ ပတ်သက်တဲ့ မေးခွန်းကို ကျွန်မက ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ပါမောက္ခဒေါက်တာဝင်းမေသိန်း အနေနဲ့ ကိုဗစ် - ၁၉ နဲ့ပတ်သက်တဲ့ ရောဂါဝေဒနာ လက္ခဏာတွေအကြောင်း မေးမြန်းထားတဲ့ မေးခွန်းတွေကို ဖြေကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။
ပါမောက္ခဒေါက်တာဝင်းမေသိန်း။ ။ ပထမဦးဆုံး အနေနဲ့ ကိုဗစ် - ၁၉ ရောဂါရဲ့ လက္ခဏာတွေကို ပြည်သူတွေကြားမှာ တချို့ လည်း သိပ်ပြီးမသိတာတွေရှိပါတယ်။ အဲဒါတွေကို မေးမြန်းထားတာဖြစ်ပါတယ်။ အဓိက ဖျားနာခြင်း၊ အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ချောင်းဆိုးတယ်၊ နှာရည်ကျတယ်၊ အနံ့ ပျောက်သွားတယ်၊ လည်ပင်းနာတယ်၊ သလိပ်ထွက်တယ်၊ မောတယ်၊ အသက်ရှူကျပ်တယ်၊ အသက်ရှူမဝဘူးဆိုပြီး လာကြပါတယ်။
ဒါပေမယ့် တချို့လူတွေမှာ ဒီလိုလက္ခဏာတွေ မရှိဘဲ၊ ဝမ်းပျက်တယ်၊ ဝမ်းလျှောတယ်၊ ပျို့တယ်၊ အန်တယ်၊ တချို့ဆို ကယောင်ကတမ်းတွေပြောတယ်၊ သတိလစ်တယ်၊ လက်အား/ ခြေအားတွေ ပျော့တယ်၊ မလှုပ်နိုင်ဘူး ဆိုပြီး ဒီလိုလက္ခဏာတွေနဲ့ လာကြတာရှိပါ တယ်။ ဒါကြောင့် ကိုဗစ်ရဲ့ လက္ခဏာတွေက အသက်ရှူ လမ်းကြောင်းဆိုင်ရာသာမက အခြားဟာတွေရှိတယ် ဆိုတာကို ပြည်သူတွေကို သိစေချင်ပါတယ်။ ရုတ်တရက် အနံ့မရတာ၊ အနံ့ပျောက်တာ၊ အနံ့ပြင်းတာတွေကို သိရှိပြီး အနံ့ပျော့တာတွေကို သိပ်ပြီးမရတဲ့ လူတွေလည်း တော်တော်များများတွေ့ရပါတယ်။
ကျွန်မက မန္တလေးကဆိုတော့ မန္တလေးရဲ့ အနေအထား တွေကို ပြောရမယ်ဆိုရင် ၅၀ / ၆၀ ရာခိုင်နှုန်းလောက်က ဒီလိုလက္ခဏာတွေနဲ့ လာကြပါတယ်။ ဒါပေမယ့် တချို့က ရပ်ရွာထဲမှာ ငါက အနံ့မပျောက်ဘူး၊ ကိုဗစ်မဖြစ်ဘူးဆိုပြီး ယူဆကြတာရှိပါတယ်။ တကယ်တမ်းက အနံ့မပျောက် လည်း ကိုဗစ်ဖြစ်နိုင်ပါတယ်။
ဒါတွေကို သူတို့ရဲ့ လက္ခဏာတွေအနေနဲ့ သိစေချင်ပါတယ်။ နောက်မေးခွန်းအနေနဲ့ အများစုမေးမြန်းကြတာက ဒီလိုတွေဖြစ်ရင် ဘာလုပ်ရမလဲဆိုပြီး မေးကြပါတယ်။ အဓိကအနေနဲ့ ဒီလက္ခဏာတွေ ရှိပြီဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ တိကျတဲ့ စမ်းသပ်မှုတွေ၊ ကုသမှုတွေ လုပ်ဖို့လိုပါတယ်။ ဆောင်းရာသီရောက်ရှိလာတဲ့အတွက် ရာသီဥတု အေးတာနဲ့အမျှ ရာသီတုပ်ကွေးဆိုတာလည်း ရှိလာပါတယ်။ ရာသီတုပ်ကွေးနဲ့ လက္ခဏာတွေက အများစု တူညီပါတယ်။ ဒါကြောင့် စနစ်တကျ စမ်းသပ် စစ်ဆေးမှသာ ဒါသည် ကိုဗစ် ဟုတ် / မဟုတ် ပြောနိုင်ပါ တယ်။ ဒါပေမယ့် သတိထားရမှာက ကိုယ့်ကိုယ်ကိုယ် ရာသီတုပ်ကွေးနဲ့ တူတယ်ဆိုပြီး သတိထားရင်းနဲ့ ကိုဗစ် ရောဂါတွဲပြီး ဖြစ်တဲ့လူတွေဆိုရင် ပိုပြီးဆိုးနိုင်ပါတယ် ဆိုတာကို သိစေချင်ပါတယ်။
ဆေးရုံတက်တဲ့အခါမှာ ကိုဗစ်ရောဂါလက္ခဏာ သိပ်မဆိုးတဲ့သူတွေကို ၁၁ ရက်မှာ ပေးဆင်းပါတယ်။ ရောဂါလက္ခဏာတွေဆိုးတယ်၊ အခံရောဂါတွေလည်းရှိ တယ်ဆိုရင် သူတို့ကို ဆေးရုံရောက်တာနဲ့ ရောဂါအဆင့် လိုက် ခွဲလိုက်ပါတယ်။ ရောဂါလက္ခဏာဆိုးတဲ့သူတွေ အနေနဲ့ ရက် ၂၀ သို့မဟုတ် ဒီထက်ပိုပြီး နေရတာရှိပါတယ်။ အများစုက တစ်ပတ်လောက်ဆိုရင် အနံ့ပြန်ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အနေနဲ့ ရောဂါဖြစ်ပွားပြီး ပျောက်ကင်းတာချင်း မတူညီပါဘူး။ တချို့က ၁၀ ရက် ကျော်မှ၊ တချို့လည်း နှစ်ပတ်ကျော်မှ၊ တချို့လည်း ဆေးရုံ က ဆင်းတာတောင်မှ နှစ်ပတ်၊ သုံးပတ်နေမှ အနံ့ပြန်ရတာ တွေ ရှိပါတယ်။
ဆေးရုံက ဆင်းသွားတဲ့အခါ အိမ်မှာ တစ်ပတ်နေရပါ မယ်။ အိမ်မှာ မိသားစုနဲ့ နီးနီးကပ်ကပ်မနေဘဲ သီးသန့်နေ မယ်။ အဓိက သူ့ရဲ့ကိုယ်ခံအားကို မြှင့်တင်ပြီး ကောင်းကောင်းအိပ်မယ်၊ စားမယ်၊ နားမယ် ဒီလို အနေအထားတွေနဲ့ ကိုယ့်ရဲ့ ကိုယ်ခံအားကို ပြန်ပြီးမြှင့်တင် တဲ့ အနေအထားအတိုင်း ဖြစ်စေချင်တာပါ။ကူးစက်နှုန်းအနေနဲ့ နိုင်ငံတကာ စမ်းသပ်ချက်တွေ အရ ၁၀ ရက်လောက်ဆိုရင် ကျွန်မတို့ ခန္ဓာကိုယ်ဟာ တခြားသူကို ကူးစက်တဲ့ ကူးစက်နှုန်းက ကျသွားပါပြီ။ အဲဒီတော့ ကူးစက်မှုနှုန်းက အတော်ကို နည်းသွားပါပြီ။ ဒါကြောင့် ကျွန်မတို့က ၁၁ ရက်မှာ ဆေးရုံက ပေးဆင်း တယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ဖြစ်လာတာပါ။ တကယ်လို့ ဆေးရုံကဆင်းပြီး အိမ်မှာ ၇ ရက်လည်း နားနေပြီးပြီ ကိုယ့်ရဲ့ အလုပ်တွေကို ပုံမှန်လုပ်ကြမယ်ဆိုရင် Mask တွေ တပ်ရမယ်၊ စက္ကန့် ၂၀ လက်ဆေးတာ၊ ၆ ပေအကွာ နေထိုင်တာ ဒါတွေကို ကျင့်သုံးနေရမှာ ဖြစ်ပါတယ်။
ရောဂါပိုးတွေ့သူ ၈၀ ရာခိုင်နှုန်းရဲ့ သဘောသဘာဝ အရ အများစုက ပြန်ကောင်းပါတယ်။ ဘာလက္ခဏာမှ လည်း မပြဘူး။ နောက်ဆက်တွဲလည်း ဘာမှမဖြစ်ဘူး။ ဒါပေမယ့် တချို့သောသူတွေ အထူးသဖြင့် အသက်ကြီးတဲ့ သူတွေ၊ ရောဂါအခံရှိတဲ့သူတွေမှာ နောက်ဆက်တွဲ ပြဿနာတွေရှိပါတယ်။ ဒီလူတွေသည် သေချာကုသမယ်၊ သောက်နေကျဆေးတွေကို ပုံမှန်သောက်မယ်ဆိုရင် ဒါတွေ က ပြန်ပြီးကောင်းလာမှာ ဖြစ်ပါတယ်။
ရောဂါပိုးကြောင့် အဆုတ်မှာ အဆုတ်ရောင်တဲ့ ရောဂါဖြစ်တယ်၊ ရောဂါပျောက်သွားရင် အနာရွတ်တွေ ကျန်ရစ်ခဲ့တယ်၊ ဒါတွေကြောင့် အဆုတ်သည် အရင်လို မလုပ်နိုင်တဲ့အတွက်ကြောင့် မောပန်းတဲ့ လက္ခဏာတွေ၊ အသက်ရှူရတာ ခက်တာတွေ၊ အောက်ဆီဂျင်ကျတာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ပြန်ဆင်းသွားတဲ့ လူနာတွေကို ရက်ချိန်းပေးပါတယ်။ သူ့ရဲ့ ရက်ချိန်းအလိုက် မှန်မှန် လာပြဖို့ ကျွန်မတို့ ညွှန်ကြားလိုက်ပါတယ်။ သက်ဆိုင်ရာ အထူးကုတွေကလည်း ဆက်လက်ပြီး ကုသပေးသွားမှာ ဖြစ်ပါတယ်။
ရောဂါပိုးတွေ့တဲ့သူတွေရဲ့ ခန္ဓာကိုယ်မှာ ကိုယ်ခံ အားက တစ်ပတ်ကျော်လောက်ကစပြီး ကိုယ်ခံအား တွေက တက်ပါတယ်။ တဖြည်းဖြည်းနဲ့ ကိုယ်ခံအားတွေက ရက်ပေါင်း ၉၀ အထိတက်လာပြီး ရက် ၉၀ ကျော်ရင် ပြန်ပြီးကျလာပါတယ်။ ဒါကြောင့် လူတွေမှာ ပိုးပြန်ဝင် နိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါတယ်။ ဒါတွေကို ဘယ်လို ပြန်ပြီး ကာကွယ်မလဲဆိုရင် တစ်ကိုယ်ရေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုတွေလုပ်ရမယ်။ အဓိက တုပ်ကွေးရဲ့လက္ခဏာ ဖြစ်တဲ့ အဆုတ်ရောင်တယ်၊ အဆုတ်နဲ့ပတ်သက်ပြီး ဖြစ်ပေါ် တဲ့ လက္ခဏာတွေ၊ ရာသီတုပ်ကွေးရဲ့ လက္ခဏာတွေ ဖြစ်လို့ ရှိရင် နီးစပ်ရာ ဆေးရုံဆေးခန်းတွေကို ပြပါ။ မိမိဘာသာ ဆေးတွေ၊ ဆေးမြီးတိုတွေ မသောက်ပါနဲ့၊ ကုသမှုတွေ နောက်ကျကုန်မှာစိုးလို့ပါ။
နောက်တစ်ခုက လူတိုင်း လိုက်နာကျင့်သုံးရမယ့် ခုနကပြောတဲ့ အချက် ၃ ချက်ဖြစ်တဲ့ Mask တပ်ပါ၊ လက်ဆေးပါ၊ ၆ ပေအကွာ ခပ်ခွာခွာနေပါအပြင် လူစု လူဝေးကို ရှောင်ပါ၊ စုပေါင်းစားသောက်တာတွေကို ရှောင်ပါလို့ ကျွန်မ ပြောချင်ပါတယ်။ တတ်နိုင်တဲ့ လူငယ် ပိုင်းတွေအနေနဲ့ အားကစားတွေ လုပ်ဖို့လိုပါတယ်။ အနား ယူရမယ်၊ အားရှိတဲ့အစားအစာတွေ စားရပါမယ်။ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အသိပညာပေးလမ်းညွှန်တွေကိုလည်း ဖတ်ရှုပြီး ပြည်သူ အားလုံးက လိုက်နာပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မယ် ဆိုတာကို ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒေါက်တာခင်ခင်ကြီး။ ။ ဆက်လက်ပြီး ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်အနေနဲ့ ကယားပြည်နယ် မှာ ရောဂါကူးစက်ခံရမှု မရှိအောင် ဘယ်လို ဆောင်ရွက်ခဲ့ တယ်၊ လက်ရှိအခြေ အနေမှာ ဘယ်လိုတွေ ဆောင်ရွက်နေ တယ်ဆိုတာတွေကို ရှင်းပြပေးပါဦး။
ဒေါက်တာဌေးလွင်။ ။ ဒီရောဂါသည် အခုအချိန်မှာ တိတိကျကျ ကုသနိုင်တဲ့ဆေး မရှိသေးပါဘူး။ ကာကွယ်ဆေး ဆီကိုလည်း မရောက် သေးဘူး။ ပြည်သူလူထုကြားမှာ ဒီရောဂါဖြစ်တယ်။ နောက်တစ်ယောက်ကနေ တစ်ယောက် ပိုးကလည်း အသွင်ပြောင်းသွားတဲ့အခါ ကူးစက်လွယ်တဲ့ အနေအထား ဖြစ်ပါတယ်။
အခုသေဆုံးတဲ့ လူတွေထဲက သူ့မှာ နောက်ခံရောဂါ ဖြစ်တဲ့ ဆီးချိုတို့၊ သွေးတိုးတို့၊ နှလုံးရောဂါတို့ ဒီလိုရောဂါ တွေရှိတယ်။ ကျောက်ကပ်လဲထားရတဲ့သူတွေ ဒီလူတွေ မှာ သေဆုံးတတ်တဲ့အတွက်ကြောင့် အန္တရာယ်ရှိတာကို သိစေချင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ၊ အုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ရှိတဲ့သူတွေ၊ နှီးနွှယ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လက်ကိုင်စပီကာတွေနဲ့ ပြည်သူတွေကြားမှာ အသိပညာပေးတဲ့ လုပ်ငန်းတွေကို တောက်လျှောက် ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထဲမှာ ကယားပြည်နယ်သည် နောက်အကျ ဆုံးမှာ စဖြစ်ပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပိုးစတွေ့တာပါ။ ကျွန်တော်တို့က ထိုင်းနယ်စပ်ဖြစ်တာ ကြောင့် တရားဝင်လမ်းကြောင်းတွေ မဖွင့်ပါဘူး။ ပြည်နယ် ထဲမှာ လူဦးရေက ၃ သိန်းပဲရှိတဲ့အတွက် လူနေကျဲပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေကို စနစ်တကျ အသိပညာ ပေး ဆောင်ရွက်ပေးနိုင်တဲ့အပြင် ပြည်သူတွေကလည်း Mask တွေကို စနစ်တကျ တပ်ကြတဲ့အတွက်ကြောင့် ကယားပြည်နယ်မှာ ပိုးတွေ့တာလည်း နည်းတယ်။ ဖြစ်ပွားမှုတွေလည်း နည်းတယ်။ ကယားပြည်နယ်ထဲကို ဝင်ရောက်လာတဲ့ မည်သူမဆို Facility Quarantine တွေ ထားရှိပေးတယ်။ စနစ်တကျ Swab စစ်ဆေးပေးတယ်။ ဒီလိုလုပ်တာတောင် အောက်တိုဘာ ၁၅ ရက်ကနေဒီနေ့အထိ ပိုးတွေ့လူနာ ၅၅ ဦးရှိပါတယ်။
ဒီ ၅၅ ဦးထဲမှာ ၁၇ ဦးက ယာဉ်မောင်းတွေပါ။ ကျန်တဲ့ ၃၆ ယောက်က တခြား Stay at Home နဲ့ Stay at Home မဟုတ်တဲ့ မြို့နယ်တွေက ပြန်လာတဲ့သူတွေ ဖြစ်ပါတယ်။ ကယားပြည်နယ်ထဲမှာ ဖြစ်တဲ့သူအနေနဲ့ မရှိသေးပါဘူး။ အဲဒီတော့ ရောဂါကူးစက်တဲ့အနေအထားကို ကြည့်လိုက်ရင် သိပါတယ်။ ကိုယ့်အိမ်ထဲသာ ကိုယ်နေရင် ဒီရောဂါပိုးက ခြေထောက်ပေါက်ပြီး ရောက်မလာဘူး။ အိမ်ထဲကနေ လူတစ်ယောက်က အပြင်ထွက်မယ်၊ လျှောက်သွားနေမယ်ဆိုရင် ဒီရောဂါကူးစက်မယ်။
ကူးစက်မှုတွေမရှိအောင် လူတွေတစ်ယောက်နဲ့ တစ်ယောက်သာ မထိတွေ့ကြဘူးဆိုရင် အထူးသဖြင့် အများဆုံးကူးတာက လူတွေ တစ်ဦးကနေ တစ်ဦးကို ကူးကြတာတွေပဲ များပါတယ်။ အစုလိုက်အပြုံလိုက်နေရင် အစုလိုက်အပြုံလိုက် ကူးပါတယ်။ ဘယ်နေရာကို ဘယ်လိုပဲသွားသွား ကိုယ့်အိမ်ထဲက အပြင်ကိုထွက်ပြီ ဆိုတာနဲ့ Mask တပ်ဖို့၊ စနစ်တကျလက်ဆေးဖို့ ဒါတွေကို လည်း စပြီးပြောနေတာ နှစ်ပေါက်အောင်ဖြစ်လာပါပြီ။ ဒါပေမယ့် အချို့နေရာတွေမှာ လိုက်နာမှု အားနည်းတာ တွေကြောင့်လည်း ကူးစက်မှုကို မတားဆီးနိုင်သေးတာ လည်း ဖြစ်ပါတယ်။
ပြီးရင် Social Distancing တွေကို ဆောင်ရွက်ဖို့ လည်း လိုပါတယ်။ ကူးစက်မှုတွေ ဖြတ်တောက်ဖို့အတွက် မူဝါဒတွေ ချမှတ်ထားတာတွေကို လိုက်နာကြဖို့ ပြည်သူ လူထုကို ပြောလိုပါတယ်။ ဒီလို လိုက်နာဖို့အတွက် အဓိက အရေးအကြီးဆုံးသည် ပြည်သူလူထု ပူးပေါင်းပါဝင်ဖို့ ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ဦးချင်း၊ တစ်ယောက်ချင်း လိုက်နာမယ်ဆိုရင် ကူးစက်မှုက နည်းမှာဖြစ်ပါတယ်။
ကယားပြည်နယ်က သာဓကတစ်ခုပြောချင်ပါတယ်။ ပြည်သူတွေ စိုးရိမ်လို့မေးတဲ့ မေးခွန်းတွေထဲမှာလည်း ပါပါတယ်။ ကယားပြည်နယ်ကို ရန်ကုန်ကနေ ကုမ္ပဏီ ဝန်ထမ်း မိန်းကလေး လေးယောက်လာပါတယ်။ အဲဒီ လေးယောက်ကို စစ်လိုက်တဲ့အခါ အဲဒီအထဲက တစ်ယောက် Positive ထွက်ပါတယ်။ ကျန်တဲ့ သုံးယောက် က Negative ဖြစ်တယ်။ သေချာပြန်ပြီး Trace လိုက်တဲ့ အခါ အဲဒီအထဲက တစ်ယောက်က ပြီးခဲ့တဲ့ တစ်လက ရန်ကုန်ရိုးမရိပ်သာမှာ အနံ့ပျောက်သွားလို့ ဆေးရုံသွားပြ တယ်။ အဲဒီမှာနေတယ်။ စစ်လိုက်တဲ့အခါ Positive ဖြစ်တယ်။ ၁၁ ရက်နေပြီး ပြန်သွားတယ်။ အိမ်မှာ ၇ ရက် စနစ်တကျနေပြီး နောက် ၂ ပတ်လောက်ကြာမှ ကယား ပြည်နယ်ကို ထွက်လာကြတယ်။ အတူတူ လာတယ်၊ အတူတူအိပ်တယ်၊ အဲဒီလို လူတွေကို ဘာလို့မကူးသလဲ ဆိုတော့ သူသည် ပိုးတွေ့ ပြီးတာ တစ်လကျော်သွားတဲ့အတွက် မကူးစက်ဘူးဆိုတဲ့ အနေအထားကို ပြည်သူလူထုကို ပြောပြချင်တာဖြစ်ပါ တယ်။ ဒါက ကူးစက်နိုင်မှုအပိုင်း ဖြစ်ပါတယ်။ အများကြီး လည်း စိတ်ပူဖို့ မလိုသလို ကျွန်တော်တို့တွေက ပေါ့ပေါ့ ဆဆလည်း နေလို့မရပါဘူး။ အခု ဒီဇင်ဘာ ၁၆ ရက် ဆိုရင် ပြည်တွင်းလေကြောင်းလိုင်းတွေလည်း ပြန်ဖွင့်မှာ ဖြစ်ပါတယ်။ ဒီလေကြောင်းလိုင်းတွေမှာ လိုအပ်တဲ့ SOP တွေကို ထုတ်ပြန်ထားပြီး စနစ်တကျ သွားကြလာကြမယ်။ ပြည်သူလူထုကြားမှာ တအားကြီး ပိတ်ထားလို့လည်း မရသလို အားလုံးညီညွတ်မျှတအောင် လုပ်နိုင်ဖို့အတွက် လိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာက ကိုဗစ်ရောဂါ သည် စနစ်တကျ ကာကွယ်တားဆီးမယ်၊ ပြည်သူ တစ်ဦးချင်း လိုက်နာ ဆောင်ရွက်ကြမယ်ဆိုရင် မိသားစု တစ်စုချင်းမှာ ရောဂါကူးစက်မှုမရှိဘဲ ဒီရောဂါကို တွန်းလှန်နိုင်မှာဖြစ်ပါတယ်။ အဓိက ပြည်သူ လူထုသည် အရေးအကြီးဆုံးဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေ၊ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန် ထားတဲ့ လမ်းညွှန်ချက်တွေကို စနစ်တကျ လိုက်နာကြ မယ်ဆိုရင် ပြည်သူ လူထုတွေအားလုံး ကိုဗစ်ရောဂါ ဘေးကြီးကနေ အမြန်ဆုံးကျော်လွှားပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆက်လက်ပြီး ဆောင်ရွက် နိုင်မှာ ဖြစ်တယ်လို့ ပြောကြားလိုပါတယ်။
ကျေးဇူးတင်ပါ တယ်။
ဒေါက်တာခင်ခင်ကြီး။ ။ မေးထားတဲ့ မေးခွန်းတွေကို အဓိက အပိုင်းအလိုက် ခွဲလိုက်မယ်ဆိုရင် ပြည်သူတွေ သိချင်နေတဲ့အကြောင်း က ၄ ပိုင်း ရှိပါတယ်။ ပထမဦးဆုံးက ကာကွယ်ဆေး ဖြစ်ပါတယ်။ နံပါတ် ၂ က ကွာရန်တင်းကိစ္စဖြစ်ပါတယ်။ နံပါတ် ၃ က Mask တွေတပ်တဲ့ ကိစ္စကို သိချင်တာဖြစ်ပါ တယ်။ နံပါတ် ၄ ကတော့ Test တွေနဲ့ စစ်ဆေးတဲ့ကိစ္စ ဖြစ်ပါတယ်။
ကာကွယ်ဆေးနဲ့ပတ်သက်ရင် လူတွေမှာ စမ်းသပ် တဲ့အဆင့်ကို ၃ ဆင့်ခွဲပြီး ပြောရမှာ ဖြစ်ပါတယ်။ Clinical Phase 1 မှာဆိုရင် လူ ၁၀ ဂဏန်းကို စမ်းသပ်ပါတယ်။ ကာကွယ်ဆေးဟာ စိတ်ချရမှုရှိသလား။ Safety ကို စမ်းပါတယ်။ ပြီးရင် ကာကွယ်ဆေးရဲ့ ပမာဏ Dosage ကို စမ်းပါတယ်။ ကာကွယ်နိုင်တဲ့ အာနိသင် Immune System ဘယ်လောက် တက်လာသလဲ။ ဒါတွေကို စမ်းသပ်တာဖြစ်ပါတယ်။
နံပါတ် ၂ မှာ ကလေးတွေရော၊ အသက်ကြီးသူတွေရော ကာကွယ်ဆေးရဲ့ စမ်းသပ်တဲ့သဘောအရ ပါဝင်လာတာ ဖြစ်ပါတယ်။ အဓိကက စိတ်ချရမှုကို စမ်းတာဖြစ်ပါတယ်။ နံပါတ် ၃ အဆင့်က လူသောင်းနဲ့ချီပြီး စမ်းသပ်တာ ဖြစ်ပါ တယ်။ ဒီကာကွယ်ဆေး ထိုးထားပြီးတဲ့သူမှာ ရောဂါပိုး ဝင်ရောက်ခြင်း ရှိ/မရှိကို စောင့်ကြည့်တဲ့စနစ်တွေ ပါပါ တယ်။ ကာကွယ်ဆေးစမ်းသပ်တဲ့အခါ စေတနာ့ဝန်ထမ်း တွေ အများကြီးပါဝင်ပါတယ်။
သူတို့တွေကို ကာကွယ်ဆေးစမ်းသပ်တဲ့ဆေးနဲ့ ကာကွယ်ဆေးလိုမျိုး အသွင်တူတဲ့ Placebo အဲဒီလို ဆေးတစ်မျိုးနဲ့ စမ်းသပ်ပြီးတဲ့ အခါ Placebo ရတဲ့သူမှာ ကာကွယ်နိုင်တဲ့ အာနိသင်ဘယ်လောက်လဲ။ တစ်နည်း အားဖြင့် ကာကွယ်ဆေးထိုးတဲ့သူမှာ ကာကွယ် နိုင်တဲ့ အာနိသင်ဘယ်လောက်လဲ။ အဲဒီလို စမ်းသပ်တာဖြစ်ပါ တယ်။ အသက်အရွယ်ပေါင်းစုံ၊ ကလေး၊ လူကြီး၊ ရောဂါ အခံရှိသူ၊ ကိုယ်ခံအားကျနေသူ၊ အုပ်စုလိုက် အသားအရောင် ပေါ်မှာ၊ နေတဲ့ဒေသပေါ်မှာ မူတည်ပြီး ဒါတွေကို ပြည့်ပြည့် စုံစုံ စမ်းသပ် ရတာဖြစ်ပါတယ်။
Phase 1 မှာ စမ်းသပ်နေတဲ့ ကာကွယ်ဆေးက အမျိုးပေါင်း ၄၀ ရှိပါတယ်။ Phase 2 မှာ စမ်းသပ်နေတဲ့ ကာကွယ်ဆေးက ၁၇ မျိုးရှိပါတယ်။ Phase 3 မှာ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်နေတဲ့ ကာကွယ်ဆေးက ၁၅ မျိုးရှိပါတယ်။ စောစောစီးစီးသုံးနိုင်ဖို့၊ အတိုင်းအတာ တစ်ခုနဲ့ ကန့်သတ်ပြီး သုံးနိုင်တဲ့ ကာကွယ်ဆေးအနေနဲ့ ၅ မျိုးရှိနေပြီ ဖြစ်ပါတယ်။ Approved ဖြစ်သွားတဲ့ ကာကွယ် ဆေးက ၂ မျိုးရှိပြီဖြစ်ပါတယ်။
The University of Queensland က ထုတ်တဲ့ ကာကွယ် ဆေးကတော့ မလိုလားအပ်တဲ့ အခြားတွေ့ရှိမှုတွေ ဖြစ်ရ တဲ့အတွက် ကာကွယ် ဆေးကနေ ဖယ်ထုတ်လိုက်ပါပြီ။ ပြောချင်တာက ကာကွယ်ဆေးတစ်ခု ပုံမှန်အားဖြင့် ထုတ်နိုင်ဖို့က နှစ်နဲ့ချီပြီး ကြာပါ တယ်။ ဆယ်နှစ်ကနေ ၁၅ နှစ်၊ နှစ် ၂၀ အထိကြာပါတယ်။ ကာကွယ်ဆေးသမိုင်းမှာ ပါးချိတ်ရောင်ကာကွယ်ဆေးကို ၁၉၆၀ ပြည့်နှစ် ဝန်းကျင်မှာ ရတာတော့ အစောဆုံးပါပဲ။ သို့သော် ကိုဗစ် - ၁၉ ကာကွယ် ဆေးဟာဆိုရင် သူစဖြစ်တာကနေ တစ်နှစ်အတွင်းမှာပဲ ကာကွယ်ဆေးရလာတယ်ဆိုတဲ့ အနေအထားဟာ ကမ္ဘာ့ သမိုင်းမှာရော၊ ကာကွယ်ဆေးသမိုင်းမှာရော အမြန်ဆုံး ရတဲ့ ကာကွယ် ဆေးအဖြစ် အသိအမှတ်ပြုရမှာ ဖြစ်ပါ တယ်။
ကာကွယ်ဆေး ၂ ခုကတော့ Approved ဖြစ်ပါတယ်။ Pfizer ထုတ်တဲ့ ကာကွယ်ဆေးကို အမေရိကန်နိုင်ငံရဲ့ FDA က Approved ပေးလိုက် တာဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ Sinovac ဆေးက UAE မှာ Approved ပေးလိုက် တာ ဖြစ်ပါတယ်။ ဒီ ၂ ခုကတော့ လောလောဆယ် Approved ပေးထားတဲ့ ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေကို ထိုးပေးတဲ့လူတွေက ရောဂါဖြစ်တဲ့ လူတွေ မဟုတ်ပါဘူး။ လူကောင်းတွေကို ထိုးပေးမှာ ဖြစ်ပါတယ်။
အဲဒီတော့ ကာကွယ်ဆေးရဲ့စိတ်ချရမှု၊ ဘေးကင်းမှု၊ အာနိသင်ထက်မြက်မှုကို အထပ်ထပ်အခါခါ အစစ်ဆေး ခံနိုင်တဲ့ ကာကွယ် ဆေးကိုပဲ Approved အဖြစ်ရမှာ ဖြစ်ပါ တယ်။ Mask နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် Surgical Mask တွေ၊ အဝတ် Mask တွေကတော့ သာမန်ပြည်သူ လူထု သွားလာဖို့အတွက် သင့်တော်ပါတယ်။ N 95 Mask နဲ့ KN95 Mask တွေကတော့ ကျန်းမာရေး ဝန်ထမ်းတွေ၊ လူနာတွေ ပြုစုကုသပေးနေရတဲ့ ဝန်ထမ်းတွေအတွက် ကတော့ မရှိမဖြစ် လိုအပ်ပေမယ့် သာမန်ပြည်သူလူထု အနေနဲ့ ကတော့ Surgical Mask တွေ၊ အဝတ် Mask တွေကို သာတပ်ပြီး တခြားသော လက်ဆေးခြင်း၊ လူအုပ်စု ရှောင်ကြဉ်ခြင်းတွေကို ဆောင်ရွက်မယ်ဆိုရင် ရောဂါကို ကာကွယ်နိုင်မယ်လို့ ပြောကြားချင်ပါတယ်။
နောက်တစ်ခုက Mask တွေတပ်ခြင်းဖြစ်ပါတယ်။ Mask တပ်ခြင်းက ရောဂါပိုးကို ကာကွယ်နိုင်တယ်။ ဖြစ်ရင် တောင်မှ ဆိုးဆိုး ရွားရွားမဖြစ်ဘူး။ CDC ရဲ့ Guideline အရ ဆိုရင် ရောဂါဖြစ်ပွားပြီး ၃ လအထိကတော့ စစ်လိုက်ရင် ပိုးတွေ့နိုင်ပါတယ်။ သူများကို ကူးစက်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ ကိုဗစ်ကုသရေးစင်တာ၊ ကိုဗစ် ကုသရေးဆေးရုံတွေက ပြန်လာပြီးသားဆိုရင် နောက်ပိုင်း မှာ ဆေးစစ်ဖို့မလိုတဲ့ ကိစ္စမျိုးတွေ လုပ်ဖို့လည်း အစီအစဉ် ရှိပါတယ်။
ကိုဗစ်ဖြစ်ပြီး ဆေးရုံကဆင်းပြီးရင် သူများဆီက ကိုယ့်ဆီကို ကူးစက်နိုင်သလားဆိုတာက ၃ လ နောက်ပိုင်း ဆိုရင်တော့ ကိုယ့်ရဲ့ ကိုယ်ခံအားတွေက ကျသွားမယ် ဆိုရင်တော့ ကူးစက်ဖို့ အခွင့်အလမ်း ရှိပါတယ်။ ပြန်မဖြစ် နိုင်ဘူးလားဆိုတော့ ပြန်ဖြစ်နိုင်ပါတယ်။ မပေါ့ဆစေလိုပါ ဘူး။ ဒါကိုသိစေချင်ပါတယ်။ ခုနပြောသလို ရောဂါ ကာကွယ်ရေးနည်းလမ်းတွေကို မလိုက်နာဘဲ ပေါ့သွား ချိန် ကိုယ့်ရဲ့ ကိုယ်ခံအားကလည်း နည်းသွားတဲ့အချိန် ပြန်ကူးစက်နိုင်ပါတယ်။ ပြန်ကူးစက်တဲ့ အထောက်အထား တွေလည်း ရှိတဲ့အတွက် အထူးဂရုစိုက်ဖို့ လိုပါတယ်။
ကိုဗစ် Positive ဖြစ်ပြီးတဲ့သူတွေအနေနဲ့လည်း ဖြစ်ပြီး လို့ ကိုယ်ခံအားရှိတာပဲဆိုပြီး ပေါ့ပေါ့ဆဆ နေလို့မရပါ ဘူး။ အများပြည်သူ လိုက်နာရမယ့် စည်းကမ်းချက်တွေ ကိုလည်း ဆက်လက်လိုက်နာဖို့ လိုပါတယ်။ မိမိအနားမှာ ရှိတဲ့ မည်သူမဆို ရောဂါပိုးရှိနေနိုင် တယ်လို့ သဘောထား ပြီး ရောဂါကာကွယ်ရေးနည်းလမ်းတွေကို စနစ်တကျ ကျင့်သုံးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။ ရောဂါ လက္ခဏာရှိပြီဆိုတာနဲ့ သက်ဆိုင်ရာကျန်းမာရေးဌာနကို သတင်းပေးပို့ပြီး ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက် အတိုင်း လုပ်ဆောင်တာတော့ အကောင်းဆုံးဖြစ်ပါတယ် လို့ ဖြေကြားလိုပါတယ်။
အခြားပိုးရှိတဲ့သူက ကူးနိုင်သလားဆိုတာတော့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို တိတိကျကျ လိုက်နာမယ်ဆိုရင်တော့ ကူးစက်နိုင်ဖို့ အခွင့်အလမ်း နည်းပါတယ်။ သို့သော် လိုက်နာရမယ့် စည်းကမ်းချက် တွေကို ပျက်ကွက်တယ်၊ အားနည်းချက်တွေ ရှိနေ တယ် ဆိုရင်တော့ ကူးစက်နိုင်တဲ့သဘောရှိပါတယ်။
ဒါကြောင့် ကျွန်မအနေနဲ့ နိဂုံးချုပ်ပြီး ပြောရမယ် ဆိုရင် ပြည်သူတွေအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တစ်သဝေ မတိမ်း တက်ညီလက်ညီ တစ်စိတ်တစ်ဝမ်းတည်း လိုက်ပါပြီး စည်းကမ်းချက်တွေ ကို သေချာလိုက်နာဆောင်ရွက်မယ်၊ နိုင်ငံတော် အစိုးရ က ကိုယ့်ပြည်သူတွေ အကျိုးအတွက် အကောင်းဆုံး လုပ်ဆောင်ပေးနေတယ်ဆိုတာ သိရှိပြီး မိမိနိုင်ငံသား တွေအတွက် မိမိစည်းကမ်းကို လိုက်နာမယ်၊ တစ်ယောက် စီတိုင်းက လိုက်ပါဆောင်ရွက်ပြီး စည်းကမ်းချက်တွေကို လိုက်နာဖို့လိုပါတယ်။
ဒါကြောင့် ကိုယ့်နိုင်ငံအစိုးရသည် နိုင်ငံသားတွေ အတွက် အကောင်းဆုံး ဆောင်ရွက်ပေးနေတယ်ဆိုတာ ကို ယုံကြည်လက်ခံပြီး နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှု အောက်ကို တစိုက်မတ်မတ် ယုံကြည်စွာနဲ့ လိုက်နာပြီး ချမှတ်ထားတဲ့ စည်းကမ်းချက်တွေဟာ မိမိအကျိုး အတွက်ဖြစ်တယ်ဆိုတာကို နားလည်လက်ခံပြီး လိုက်နာ ခြင်းဖြင့် နိုင်ငံရဲ့ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုတွေ၊ သေဆုံး မှုတွေ အမြန်ဆုံးထိန်းချုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးတွေ ရရှိလာပြီဆိုရင်လည်း ဖြစ်ပွားသေဆုံးနှုန်းတွေ ကလည်းနည်းပြီး ကျွန်မတို့ နိုင်ငံရဲ့ စီးပွားရေးကိုလည်း မြန်မြန်နာလန်ထူအောင်၊ တိုးတက်လာအောင် ဆောင်ရွက်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံသူ နိုင်ငံသားတိုင်း အားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံး ကိုဗစ် - ၁၉ ကူးစက် ရောဂါဘေးက အမြန်ဆုံးကင်းဝေးနိုင်ပါစေလို့ ဆုတောင်း မေတ္တာပို့သရင်း နိဂုံးချုပ်အပ်ပါတယ်။
ထက်လျှံ