Skip to main content

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် ပါမောက္ခချုပ်များ ကော်မတီ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော်   ဒီဇင်ဘာ   ၁၃

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက်  ပါမောက္ခချုပ်များကော်မတီ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများ၊ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊  ဒုတိယဝန်ကြီး  ဦးဝင်းမော်ထွန်း၊  ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုး၊ ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာ‌ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေးကြသည်။

လေးစားတန်ဖိုးထား၍  ဂုဏ်ယူ

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးရှိသော ပညာရေးစနစ်ကို ဦးတည်ပြီး စုပေါင်းအင်အားဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ယနေ့အထိ ပညာရေး ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ညီညီညွတ်ညွတ်လက်တွဲပြီး စုပေါင်းအင်အားဖြင့် ပါဝင်ဆောင်ရွက်ပေးကြ သည့်   ဆရာကြီး ဆရာမကြီးများအား   လေးစားတန်ဖိုးထား၍   ဂုဏ်ယူပါကြောင်း၊     ယနေ့ ကမ္ဘာကြီးတွင် ၂၁ ရာစု နည်းပညာ များဖြစ်သည့် Automation နည်းပညာများ Artificial Intelligence,  Robotics, Cloud Computing, Big Data, Internet of Things စသည်ဖြင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများ အလွန် မြန်ဆန်လျက်ရှိပါကြောင်း၊ လုပ်သားစျေးကွက် ပြောင်းလဲ လာခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာ၍ အဆင့်မြင့်ကျွမ်းကျင်မှု အရေးပါလာပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း မြှင့်တင်ရန် အရေးကြီးလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ အနာဂတ် ကျွမ်းကျင်မှုအတွက် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်လာခြင်း စသည့် စကားလုံးများတို့ကို   ၂၁ ရာစု   ဒစ်ဂျစ်တယ်ခေတ်တွင်   မကြာခဏ တွေ့ရှိနေရပါကြောင်း၊ ထို့ကြောင့် ဉာဏ်ရည် ဉာဏ်သွေးထက်မြက်မှု  (IQ)နှင့် စိတ်ရင့်ကျက် တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှု (EQ)    စသည့် ၂၁ ရာစုကို စိန်ခေါ် နိုင်သော ပညာရေးစနစ်ကို စုပေါင်း အင်အားဖြင့်  ဖော်ဆောင်ရန်  အရေးကြီးလာပါကြောင်း။

စက်မှုနှင့်ပညာရေး  ယှဉ်တွဲပြောင်းလဲမှုကို ဆန်းစစ် ကြည့်ပါက ၁၈ ရာစုတွင် ရေနွေးငွေ့စက်ရုံများ တီထွင် ဖန်တီးနိုင်ခဲ့သည့် Industry 1.0 နှင့်အတူ ပညာရေး Education 1.0 ဖြစ်ခဲ့ပါကြောင်း၊ ၁၉ ရာစုတွင် လျှပ်စစ်ကို ဆန်းသစ်တီထွင်ဖန်တီးနိုင်ခဲ့သဖြင့် ထုတ်ကုန်အမြောက် အမြားထုတ်လုပ်နိုင်ခဲ့သည့် Industry 2.0  နှင့်အတူ ပညာရေး Education 2.0 ဖြစ်ခဲ့ပါကြောင်း၊ ၂၀ ရာစုတွင် အလိုအလျောက်နည်းပညာ၊ အီလက်ထရွန်နစ်၊  အိုင်တီ တို့ကို ဆန်းသစ်တီထွင်ဖန်တီးနိုင်ခဲ့သဖြင့် Industry 3.0 နှင့်အတူ ပညာရေး Education 3.0 ဖြစ်ခဲ့ပါကြောင်း၊ ယခု ၂၁ ရာစုအစပိုင်းတွင် Artificial Intelligence, Internet of Things, Cloud Computing, Big Data, Robotics တို့ကို ဆန်းသစ်တီထွင်ဖန်တီးနိုင်ခဲ့သဖြင့် Industry 4.0 နှင့်အတူ ပညာရေး Education 4.0 ဟူ၍ အဆင့်ဆင့်   တိုးတက်ပြောင်းလဲလာနေပါကြောင်း၊ ပညာရေးက  စက်မှုထက် သာလွန်အားကောင်းပါက သုခချမ်းသာပြည့်ဝ၍ စက်မှုက  ပညာရေးထက် သာလွန်အားကောင်းပါက စိတ်ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာများ ခံစားရသည်ဟု သုတေသန အစီရင်ခံစာ Organization for Economic Cooperation and Development (OECD) ၏  Learning Compass Report  တွင် ဖော်ပြ ထားသည်ကို  လေ့လာတွေ့ရှိရပါကြောင်း။

ရှေးထုံးစဉ်လာ ပညာရေးစနစ်(Traditional Edu-cation System) တွင်   လူနည်းစုကသာ ဆုံးဖြတ်ခြင်း၊ ဆရာများက   ကျောင်းသားများကို     သင်ကြားခြင်း၊ ကျောင်းသားများက သင်ကြားပို့ချသည်ကို အလွတ်ကျက်မှတ်ခြင်း၊ ဆရာများက သင်ကြား ၍ ကျောင်းအုပ်များက စီမံခန့်ခွဲခြင်း၊ သင်ရိုးညွှန်းတမ်းများ  တစ်သမတ်တည်း စံသတ်မှတ်ထားခြင်း၊ ကျောင်းသားများကို စံသတ်မှတ် ထားသည့် စာမေးပွဲများဖြင့် စစ်ဆေးအကဲဖြတ်ခြင်းနှင့် စာမေးပွဲရလဒ်ကိုသာ ဦးစားပေးခြင်းတို့ကို ဆောင်ရွက် ပါကြောင်း။

အရည်အသွေးအာမခံမှုရှိရမည်

New Normal Education System စနစ်တွင် new normal သည် ဂေဟစနစ်၏ အစိတ်အပိုင်းဖြစ်လာသလို သက်ဆိုင်သူများအားလုံး၏ ပူးပေါင်းပါဝင်သည့် စုပေါင်း အင်အားဖြင့်သာ တာဝန်ယူအကောင်အထည်ဖော်ရန်နှင့် ကျောင်းသားများ ကလည်း ဆန္ဒပြင်းပြစွာ တည်တည် ငြိမ်ငြိမ် ကြိုးကြိုးစားစားနှင့် ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲ သင်ယူကြရန် အရေးကြီး ပါကြောင်း၊ ကျန်းမာလုံခြုံသော  သင်ယူမှုဝန်းကျင်ကောင်းနှင့် ကျောင်းသားများ၏ အနာဂတ် သုခချမ်းသာတို့ကို တန်ဖိုးထားသလို ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်ရည်များကိုလည်း  တန်ဖိုးထားရန် အရေးကြီးပါကြောင်း၊ ကျောင်းသားများကလည်း နောက်ခံ အခြေအနေ မတူကွဲပြားခြားနားခြင်းနှင့် ပေါင်းစပ် သင်ယူမှုနယ်ပယ်အခြေအနေများ   မတူကွဲပြားခြင်းတို့ကိုလည်း အသိအမှတ်ပြုရန် လိုအပ်ပါကြောင်း၊ ကွဲပြားခြားနားသော  ရည်ရွယ်ချက်များအတွက်  ပေါင်းစပ်သင်ယူမှုကလည်း တစ်သမတ်တည်း မဟုတ်သလို မတူညီ သော အကဲဖြတ်ခြင်းနည်းလမ်းအမျိုးမျိုးတို့ကို အသုံးပြုရန်လည်း အရေးပါလာပါကြောင်း၊ ကျောင်းအားလုံးသည်လည်း အရည်အသွေးအာမခံမှုရှိကြရမည်ဖြစ်ပြီး  တာဝန်ယူမှုလည်း ရှိရမည်ဖြစ်ပါကြောင်း၊ လေ့လာဆန်းစစ် အကဲဖြတ်ရန်သာမဟုတ်ဘဲ အရည်အသွေးရှိသည့် ပညာရေးစနစ်အား စဉ်ဆက်အကောင်အထည်ဖော်မှုတွင်လည်း အကြံပြုချက်များ၊ ဝေဖန်ချက်များပေးခြင်းကို အားပေး   ရမည် ဖြစ်ပါကြောင်း၊ ဒါ့ကြောင့်လည်း အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲပြုစုရာတွင် ဝန်ကြီးဌာန၏သဘောထား၊ ပညာရှင်များ၏ သဘောထား များနှင့်သာမဟုတ်ဘဲ အားလုံး၏ စုပေါင်းအင်အားနှင့် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်၊ အခက်အခဲ၊ ပြဿနာ၊ စိန်ခေါ်မှု စသည်များကို ဖြေရှင်းဆောင်ရွက်ပြီး  အရည်အသွေးရှိသော ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အရ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက် ရာတွင် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်း၊  သူငယ်တန်း+ ၁၂ တန်း အခြေခံပညာရေး သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်များ   ပြုစုအခမဲ့ဖြန့်ဝေခြင်း၊   သင်ကြားသင်ယူမှု နည်းလမ်းများဖြင့်   ဆရာ  ဆရာမများ အားလုံးတို့ကို သင်တန်းပေးခြင်း၊ စစ်ဆေးအကဲဖြတ်မှု ပြောင်းလဲခြင်း၊ တိုင်းရင်းသားဒေသများကို  ဦးစားပေး၍  လိုအပ်ချက်များ၊  အခက်အခဲများ ဖြေရှင်းပံ့ပိုးဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊   ထို့ကြောင့်  မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာ သင်ယူပြီးမြောက်သူ  ဦးရေတိုးတက်လာပြီး  ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင်   ပထမဆုံးအကြိမ်    အထက်တန်းကျောင်းသားဦးရေ စုစုပေါင်း တစ်သန်းကျော်ရှိလာပါကြောင်း။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားဦးရေ  ၉၇၁၆၃၇၃ ဦးထိ ရှိလာပါကြောင်း၊  စစ်ဆေးအကဲဖြတ်မှုများ အနေဖြင့် စဉ်းစားတွေးခေါ်မှု၊ ပြဿနာဖြေရှင်းနိုင်မှုတို့ကို အားပေးသည့် စစ်ဆေးအကဲဖြတ်မှုများဖြင့် စတင်အသုံးပြုလာပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် သတ်မှတ်ချက် ၇ ချက်နှင့် ပြည့်မီသည့် အထက်တန်းပညာသင်ယူပြီးမြောက်သည့်လက်မှတ်ရရှိသူ  ကျောင်းသားဦးရေ   ၅၆၆၂၇၄  ဦး ရှိပါ ကြောင်း၊ ဒေသတွင်းအဆင့်ဆောင်ရွက်ခဲ့သော စစ်ဆေးအကဲဖြတ်မှုဖြစ်သော  အရှေ့တောင်အာရှ  မူလတန်းပညာ လေ့လာဆန်းစစ်ချက်  (SEA  PLM)  အစီရင်ခံစာတွင် တိုးတက်ကောင်းမွန်သော ရလဒ်များရရှိခဲ့ပါကြောင်း၊ ၂၀၁၆ မှ ၂၀၂၀ အထိ နိုင်ငံတကာသင်္ချာအိုလံပီယာ့ (International Mathematical Olympiad)တွင် အထက်တန်းကျောင်းသားများ  ဝင်ရောက်ယှဉ်ပြိုင်ရာတွင်  Honorary  Mention        (၆)ခု ရရှိရန် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း။

အမျိုးသားပညာရေးအရည်အသွေး  အညွှန်းဘောင် (National  Qualification  Framework) ကိုလည်း          အမျိုးသားပညာရေးအဆင့်အတန်းနှင့်   အရည်အသွေး အာမခံမှု အကဲဖြတ် ကော်မတီ (NAQAC) က ဆောင်ရွက်နေပါကြောင်း၊ အရည်အသွေးရှိပညာရေးစနစ်ကို အကောင် အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသားဒေသများတွင် ဦးစားပေး၍  တစ်သက်တာ ပေါင်းစပ်သင်ယူမှု  အခွင့်အလမ်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုပါကြောင်း၊ အရည်အချင်း ပြည့်ဝသည့် ဆရာများဖြည့်ဆည်းပေးရန်၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများလည်း  ပံ့ပိုး ဖြည့်ဆည်းရန်၊  နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးတွင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့်  ကာလတိုသင်တန်း၊ ဒီပလိုမာသင်တန်းများ  တိုးချဲ့ဖွင့်လှစ် နိုင်ရန်၊   သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ရန်နှင့် ပေါင်းစပ်သင်ယူမှုများကို အားပေးဆောင်ရွက်ရန်  လိုပါ ကြောင်း၊ အင်္ဂလိပ်စာ ဘာသာစကား အရည်အချင်း မြှင့်တင်ရန်၊ အိုင်စီတီဆိုင်ရာများ ဖြည့်ဆည်းရန်၊ ဒစ်ဂျစ်တယ်/အွန်လိုင်း  မှတ်ပုံတင်ရန်နှင့်  ဒစ်ဂျစ်တယ်ဘဏ်စနစ် အားပေးဖြည့်ဆည်းရန် လိုပါကြောင်း။

တက္ကသိုလ်များတွင် မဟာစီမံကိန်းနှင့် တက္ကသိုလ် ပဋိညာဉ် စာတမ်းပြုစု အတည်ပြုခြင်း၊ မူဝါဒလမ်းညွှန်၊ စံသတ်မှတ်ချက်များနှင့်အညီ ဒေသလိုအပ်ချက် ကိုက်ညီသည့်  ဒီပလိုမာ သင်တန်းများ၊  ရိုးရိုးဘွဲ့သင်တန်းများ၊ မဟာတန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ပံ့ပိုးဖြည့်ဆည်းရန် လိုအပ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်း၊ ပေါင်းစပ်သင်ယူခြင်းနှင့် ပြည်တွင်းပြည်ပ ကူးပြောင်းသင်ယူနိုင်ရေး Credit Transfer System ဆောင်ရွက်မှု ကို အားပေးဆောင်ရွက်ရန်လိုပါကြောင်း၊  သုတေသနဆောင်ရွက်မှုနှင့် Quality Assurance and Accreditation ဆောင်ရွက်မှုကို အားပေးရမည်ဖြစ်ပါကြောင်း။

ပူးပေါင်းလက်တွဲဆောင်ရွက်ဖို့ အရေးကြီး

စွမ်းဆောင်ရည်နှင့် ပူးပေါင်းဆောင်ရွက်မှု  အရည်အချင်းတို့ကို အခြေခံ၍  ဆရာ၊  ဝန်ထမ်း ခန့်/ပြောင်း/ တိုးများကို အားပေးဆောင်ရွက်   လိုပါကြောင်း၊ ဆရာ၊ ဝန်ထမ်း၊ ကျောင်းသားများနှင့်  ပူးပေါင်း၍ တက္ကသိုလ် အရည်အသွေးမြင့်မားရေး   အားပေးဆောင်ရွက်ခြင်း၊ ကျောင်းသားဟောင်းများ၊  ကုန်သည်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များ၊ ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေး ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများကိုလည်း အားပေးဆောင်ရွက်ခြင်း၊  နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံရှိလူတိုင်း  အခြေခံပညာ အထက်တန်းအဆင့် ပြီးမြောက်ဖို့လိုပါကြောင်း၊ အခြေခံပညာရေး၊  နည်းပညာနှင့်  သက်မွေးပညာရေး၊ အဆင့်မြင့် ပညာရေးတို့ ပူးပေါင်းလက်တွဲဆောင်ရွက်ဖို့  အရေးကြီးပါကြောင်း၊  တစ်သက်တာ  ပေါင်းစပ်သင်ယူခြင်းသည် အနန္တရတနာသိုက်(Infinite treasure) ဖြစ်ပါကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲ လေ့လာသင်ယူနေရန် အရေးကြီးပါကြောင်း၊ သို့ဖြစ်၍ အကျိုးရှိသည့် ဘာသာရပ်များကို  တစ်သက်တာပေါင်းစပ်သင်ယူမှု  အခွင့်အလမ်း ရှိရေး ညီညီညွတ်ညွတ် စုပေါင်းအင်အားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊  နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်  ဒေါက်တာသိန်းဝင်းတို့က  အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀)  ရေးဆွဲခြင်းလုပ်ငန်းများနှင့်  အခြေခံပညာကဏ္ဍ၊   အဆင့်မြင့်ပညာကဏ္ဍ၊ နည်းပညာနှင့်  သက်မွေးပညာကဏ္ဍ၊  သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍ စသည်တို့ကို အသီးသီးမိတ်ဆက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ချိတ်ဆက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း  သတင်း ရရှိသည်။                                                  

သတင်းစဉ်