Skip to main content

ရခိုင်ပြည်နယ်အတွင်း အမုန်းစကားဆန့်ကျင်ရေးနှင့် လူမှုသဟဇာတဖြစ်စေရေးဦးတည်သော အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ (တတိယအကြိမ်)ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၁၂   

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ကွဲပြားခြားနားမှုနှင့်အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) တို့ ပူးပေါင်းပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း အမုန်းစကားဆန့်ကျင်ရေး နှင့် လူမှုသဟဇာတဖြစ်စေရေး ဦးတည်သော အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ (တတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ  ၁၂ ရက်  နံနက် ၉ နာရီခွဲက Online ဖြင့် ကျင်းပခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စများကို ဦးစားပေး လုပ်ငန်းအဖြစ် သတ်မှတ်ပြီး ရေတိုရေရှည် နည်းလမ်းများဖြင့် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကိုလည်း အကောင်အထည်ဖော်လျက်ရှိပြီး တိုးတက်မှုများကိုလည်း ပြည်သူသို့ ပုံမှန်အစီရင်ခံလျက်ရှိပါကြောင်း။ 

ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အစီရင်ခံစာပါ အကြောင်းအရာများအား ဆက်လက်၍ စုံစမ်း စစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများပြုလုပ်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးခြင်းနှင့်တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ပြင် ပြည်ထောင်စုစီမံကိန်းဖြစ်သည့် လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေးဖွံ့ဖြိုးရေး စီမံကိန်း(UEHRD)ကို ဖွဲ့စည်းကာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။

ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းအားလုံးအကြား လူမှုသဟဇာတဖြစ်မှုနှင့် ယုံကြည်မှု တည်ဆောက်ရေး အတွက် ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏အခန်းကဏ္ဍသည် အဓိကကျပြီး လွန်စွာအရေးကြီး ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများကို နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံ မှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း (UNCEDAW) ကို လက်မှတ်ရေးထိုးပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ပဋိပက္ခ ကာလအတွင်း အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ ပူးတွဲကြော်ငြာချက် (Joint communiqué) ကို လက်မှတ်ရေးထိုးပြီး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း။

ရခိုင်ပြည်နယ်အတွင်းရှိသည့် အမျိုးသမီးများ လူမှုဘဝတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ စွမ်းရည်မြှင့်သင်တန်းများပေးခြင်း၊ အသက်မွေးဝမ်းကျောင်း သင်တန်းများပေးခြင်း တို့ကို ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။ 

ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက် (၂)နှစ်အရွယ်ထိ ကလေးများအား ထောက်ပံ့ခြင်းအစီအစဉ် (Maternal and Child Cash Transfer) ကိုလည်း ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ဇွန်လအထိ ကိုယ်ဝန်ဆောင်နှင့်မိခင်ပေါင်း (၁၃၀၀၀၀) ကျော်နှင့် ဇူလိုင်လမှ စက်တင်ဘာလအထိ ကိုယ်ဝန်ဆောင်နှင့်မိခင်ပေါင်း (၁၃၀၀၀၀) ကျော်ကို ငွေကြေးထောက်ပံ့ပေး နိုင်ခဲ့ပါကြောင်း၊ Covid-19 ကာလအတွင်း အပိုဆောင်းထောက်ပံ့မှုအနေနှင့် ကိုယ်ဝန်ဆောင်နှင့် မိခင်ပေါင်း (၁၃၇၀၀၀) ကျော်ကို ငွေကြေးထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း။

၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်အမှတ်(၃/ ၂၀၂၀)နှင့်  အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသည် မိမိတို့၏ ကွပ်ကဲမှု သို့မဟုတ် ညွှန်ကြားမှုအောက်တွင် ရှိသော ဝန်ထမ်းများ၊ အရာရှိများ၊ စစ်မှုထမ်းများ၊ အခြားလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ အနေဖြင့် အမုန်းစကားများကို ရှုတ်ချရန်နှင့် တားဆီးရန် စီမံဆောင်ရွက်ရမည်ဖြစ်ပြီး အမုန်းစကား ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ဝန်ထမ်းများ အားလုံးပါဝင်ရန်နှင့် ပံ့ပိုးရန်အားပေးရမည်လို့ ဖော်ပြ ထားပါကြောင်း။

"အမုန်းစကားဆန့်ကျင်ရေးနှင့် လူမှုသဟဇာတ ဖြစ်စေရေးဦးတည်သော အမျိုးသမီးများ တွေ့ဆုံ ဆွေးနွေးပွဲ" သည် ယခု တတိယအကြိမ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုအကြိမ်ကို Covid-19 ကာလ Stay at Home စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ Online ပေါ်က ကျင်းပခြင်း ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်စေရေးကို အထောက်အကူပြုစေရန်နှင့် လူငယ်များအတွက် အကျိုးရှိစေရန် ရည်ရွယ်ပြီး "လူတိုင်းအတွက် ရှေးဦးပြုစုခြင်း" "First Aid for All" သင်တန်း စီမံချက်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယခုလို ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ခြင်းဖြင့် ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသော မတူကွဲပြားတဲ့ သူများအကြား အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန်နားလည်မှုတို့ တိုးတက်စေပြီး ငြိမ်းချမ်းရေး တိုးတက်မှုအတွက် အားကောင်းလာစေလိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မိတ်ဆွေနိုင်ငံ များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့များ၏ နားလည်ပံ့ပိုးမှုသည် အရေးကြီးသော ကြောင့် ဆက်လက်ပံ့ပိုးကူညီဖို့ တိုက်တွန်း လိုပါကြောင်း၊ ပဋိပက္ခများဖြစ်ပွားခြင်းမှ ရှောင်လွှဲရန်နှင့် ပဋိပက္ခများအဆုံးသတ်စေရန် အားလုံးဝိုင်းဝန်း ကြိုးပမ်းကြ စေလိုကြောင်း  ပြောကြားသည်။ 

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က "အမုန်းစကားဆန့်ကျင်ရေး လှုပ်ရှားမှု" "Anti-Hate Speech Campaign" များ၊ ဆွေးနွေးပွဲများ ကျင်းပခြင်းအကြောင်းကို လည်းကောင်း၊ ကွဲပြားခြားနားမှု နှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ကျော်ရင်လှိုင်က CDNH အဖွဲ့၏ ဆောင်ရွက်လျက်ရှိသော လူမှုသဟဇာတဖြစ်စေရေး ဦးတည်သည့်လုပ်ငန်းများအကြောင်းကို လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ် ဗိုလ်မှူးကြီးထိန်လင်း(ငြိမ်း)၊ ဝန်ကြီးဌာန များမှ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများ၊ သံအမတ်များ၊ သံရုံးတာဝန်ခံများ၊ ကုလသမဂ္ဂအဖွဲ့ များမှ အကြီးအကဲများနှင့်အတူ ရခိုင်ပြည်နယ်မှ ကိုယ်စားလှယ် (၁၀၀) ကျော် တက်ရောက်သည်။

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ လူမှုသဟဇာတဖြစ်စေရေးကို ဦးတည်သော အမုန်း စကား ဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ ဆွေးနွေးပွဲများ၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ဆက်လက်ကျင်းပပြုလုပ်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

"အမုန်းစကားဆန့်ကျင်ရေးနှင့် လူမှုသဟဇာတ ဖြစ်စေရေးဦးတည်သော အမျိုးသမီးများ တွေ့ဆုံ ဆွေးနွေးပွဲ" ပထမအကြိမ်ကို ယခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC Yangon) တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ရလဒ်အနေဖြင့် "အမုန်းစကား ဆန့်ကျင်ရေး လှုပ်ရှားမှု" "Anti-Hate Speech Campaign" ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၀ ရက်တွင် ရခိုင်ပြည်နယ် (၁၇)မြို့နယ်စလုံး၌ တစ်ပြိုင်နက် ကျင်းပ ပြုလုပ်နိုင်ခဲ့သည်။

ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၁၄ ရက်နှင့် ၁၅ ရက်နေ့တွင် "အမုန်းစကား ဆန့်ကျင် ရေးလှုပ်ရှားမှုများ၊ အောင်မြင်မှုများနှင့် စိန်ခေါ်မှုများ" ခေါင်းစဉ်ဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC Yangon) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်