နေပြည်တော် ဒီဇင်ဘာ ၁၁
သစ်တောကဏ္ဍ၌ လူ့အခွင့်အရေးနှင့် ပဋိပက္ခဖြစ်စေနိုင်သည့် အခြေအနေများကို အထူး ဂရုပြုသည့် နည်းလမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ Online ဆွေးနွေးပွဲ Webinar ကို ယမန်နေ့ညနေ ၆ နာရီခွဲက ကျင်းပသည်။
ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူများဖြစ်ကြပြီး သစ်တော မှီခိုနေကြသူအများစု ဖြစ်ကြပါကြောင်း၊ ဓလေ့ထုံးစံနှင့် သယံဇာတ အရင်းအမြစ်များအား အသုံးပြုမှုများသည် နေရာဒေသလိုက်၍ ကွာခြားပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ သစ်တော သယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အရှေ့တောင်ဒေသ နိုင်ငံများ တွင် သစ်တောဧရိယာ အများဆုံး ကျန်ရှိသောနိုင်ငံများတွင် ပါဝင်ပါကြောင်း။
သစ်တောဦးစီးဌာနနှင့် FAO တို့သည် FAO UN-REDD Programme ဖြင့် ၂၀၁၃ ခုနှစ်မှ စတင်ကာ သစ်တောသယံဇာတစာရင်း ကောက်ယူခြင်းလုပ်ငန်း (Forest Inventory−NFI)၊ သစ်တော စောင့်ကြည့်လေ့လာခြင်း(Forest Monitoring) နှင့် ဂြိုဟ်တု ဓာတ်ပုံများအသုံးပြု၍ သစ်တောများအား ဆန်းစစ်အကဲဖြတ်ခြင်း (Satellite Based Forest Cover Assessment) တို့တွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတကာမှတ်တမ်းများ အရ မြန်မာနိုင်ငံအနေဖြင့် အစောဆုံး သစ်တောသယံဇာတစာရင်း ကောက်ယူခဲ့သည့် နိုင်ငံစာရင်းတွင် ပါဝင်ခဲ့ပါကြောင်း၊ နိုင်ငံအဆင့် သစ်တော သယံဇာတစာရင်း ကောက်ယူခြင်း (National Forest Inventory−NFI) ကို ၁၉၈၀ ပြည့်နှစ်များအတွင်းက စတင်လုပ်ဆောင် ခဲ့သော်လည်း တစ်နိုင်ငံ လုံး၏ ဧရိယာအပြည့် မဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သစ်တော ဦးစီးဌာနသည် ဖင်လန်နိုင်ငံ အစိုးရနှင့် FAO တို့ အကူအညီဖြင့် နိုင်ငံအဆင့်သစ်တော သယံဇာတ စာရင်းကောက်ယူခြင်း (NFI)၊ နိုင်ငံအဆင့် သစ်တော စောင့်ကြည့်လေ့လာခြင်းနှင့် သတင်း အချက်အလက်စနစ် တည်ထောင်ခြင်းကို လူ့အခွင့်အရေးဆိုင်ရာ အခြေခံ နည်းလမ်းများ ဖြင့် ဆောင်ရွက်ခြင်း စီမံကိန်းကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ စီမံကိန်းတွင် ဆက်စပ် ပတ်သက်သူများ အားလုံး နှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ လူမှုရေးဆိုင်ရာထိခိုက်မှု လျော့နည်းစေရေး အစီအမံများ ချမှတ်၍ သစ်တောသယံဇာတ စာရင်း ကောက်ယူခြင်း၊ ရရှိလာသည့် ကိန်းဂဏန်းများအား အစီရင်ခံ တင်ပြခြင်းနှင့် ဆက်စပ်ပတ်သက်သူများထံသို့ အချက်အလက် မျှဝေခြင်းတို့ကို ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် FAO မှ Mr. Marco Piazza၊ AHT Group မှ Mr. Bernd Unger နှင့် International Alert မှ Ms. Jana Naujoks တို့က မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ သစ်တောကဏ္ဍတွင် လူ့အခွင့်အရေးဆိုင်ရာနှင့် ပဋိပက္ခဖြစ်နိုင်ပြီး ထိရှလွယ်ခြင်း ကို အထူးဂရုပြုသည့်နည်း လမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ခဲ့ပြီး တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်းခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါ Webinar သို့ မြန်မာနိုင်ငံ ဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Riikka Laatu၊ အင်ဒို နီးရှားနိုင်ငံ၊ Head of Sub-Directorate Recognition of Customary Forest and Protection of Local Wisdom, Ministry of Environment and Forestry မှ Mr Yuli Prasetyo Nugroho၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ အခြားအစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့ အစည်းများ၊ သုတေသနပြုသူများနှင့် အခြားစိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
သတင်းစဉ်