နေပြည်တော် ဒီဇင်ဘာ ၉
(၃၃) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက် (33rd Chairs’ Meeting of the ASEAN Capital Markets Forum) ဥက္ကဋ္ဌများ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အာဆီယံအရင်းအနှီးဈေးကွက် ဖိုရမ်အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဗီယက်နမ်နိုင်ငံ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ Mr. Tran Van Dzung က သဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံဒေသတွင်းနိုင်ငံများရှိ အရင်းအနှီး ဈေးကွက် ကြီးကြပ်ရေး ကော်မရှင်များမှ အကြီးအကဲများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်များ တက်ရောက်သည်။
အစည်းအဝေးတွင် အာဆီယံဒေသတွင်း ရေရှည် တည်တံ့ခိုင်မာသော ဘဏ္ဍာရန်ပုံငွေရရှိရေးအတွက် အာဆီယံ အရင်းအနှီး ဈေးကွက်လမ်းပြမြေပုံ၏ ကာလတို/ကာလလတ် ဦးစားပေးအစီအစဉ်များ၊ အာဆီယံအရင်းအနှီး ဈေးကွက်ဆိုင်ရာ စံသတ်မှတ်ချက်များ၊ ကာလရှည်ငွေချေး စာချုပ် (Sustainability-Linked Bond) များ ထုတ်ဝေနိုင် ရေး၊ အာဆီယံကော်ပိုရေးရှင်းများ၏ စဉ်ဆက်မပြတ် ဖွင့်ဟထုတ်ဖော်မှုဆိုင်ရာ စံသတ်မှတ်ချက်လုပ်ငန်းစဉ်များ၊ (၆) ကြိမ်မြောက် အာဆီယံကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ အကဲဖြတ်မှုဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ကြေညာခြင်းနှင့် ဆုချီးမြှင့်ခြင်းအတွက် ဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များ၊ အာရှ ဖွံ့ဖြိုးရေးဘဏ်မှ အာဆီယံအရင်းအနှီး ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာဆိုင်ရာ အကူအညီပေးမှုများ၊ အာဆီယံအရင်းအနှီး ဈေးကွက်ဖိုရမ် ဝက်ဘ်ဆိုက်အား ထိန်းသိမ်းထားရှိမည့်အစီအစဉ်များ၊ အာဆီယံအရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးရေး လုပ်ငန်းအဖွဲ့ (WC-CMD) နှင့် အာဆီယံ အရင်းအနှီးဈေးကွက်ဖိုရမ် (ACMF) တို့ ပူးပေါင်းဆောင်ရွက် မှု၏ နောက်ဆုံးအခြေအနေများအပေါ် စုပေါင်းဆွေးနွေးကြရာ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ခေါင်းစဉ်များ အလိုက် ပါဝင်ဆွေးနွေးသည်။
အစည်းအဝေးမှ ACMF ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အတွင်း ACMF Action Plan (2021-2025) တွင်ဖော်ပြထားသည့် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ်များ ဖြစ်ကြသည့် အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးမှုဆိုင်ရာ သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ် ဆောင်ရွက်ရေး၊ အာဆီယံဒေသတွင်း နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆက်လက် ဆောင်ရွက်ရေး၊ အရင်းအနှီးဈေးကွက်တွင် ပါဝင် ဆောင်ရွက်နေသူများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးမြှင့်ရေး၊ ဒေသတွင်းအရင်းအနှီး ဈေးကွက်များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရေး၊ ဒေသတွင်း အရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း နယ်ပယ်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးကို သဘောတူခဲ့ကြသည်။
အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်သည် အာဆီယံ ဒေသတွင်း အရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အာဆီယံနိုင်ငံများမှ အရင်းအနှီးဈေးကွက် Regulators များ၏ အဆင့်မြင့် ဆွေးနွေးပွဲတစ်ခုဖြစ်သည်။
(၃၄) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက် ဥက္ကဋ္ဌများ အစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဘရူနိုင်းနိုင်ငံက တာဝန်ယူကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်