နေပြည်တော် ဒီဇင်ဘာ ၇
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား ပြန်လည်သုံးသပ်ခြင်း၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ၏ အပိုင်း(၂)တွင် ပါရှိသည့် ၂၀၂၀ အလွန် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တစ်ရပ် ပေါ်ထွက် လာရေး ဆွေးနွေးခြင်း၊ ပြင်ဆင်သင့်သည့်အချက်များ ဖြည့်စွက် ပြင်ဆင်ခြင်း တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင် ဆင်ရေးညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ဒီဇင်ဘာ ၈ ရက်တွင် ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း- မျိုးမင်းနိုင်/ ဓာတ်ပုံ- ကျော်ရဲဆွေ