စစ်တွေ ဒီဇင်ဘာ ၅
သစ်တောဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးအသင်း(BANCA)နှင့် ရခိုင်ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (RBANCA)တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အထိ လေးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ၏ ခြောက် ခုမြောက်"ရမ်ဆာ" နိုင်ငံတကာ အရေးကြီး ရေဝပ်ဒေသဖြစ်သော ရခိုင်ပြည်နယ်ရှိ နံ့သာကျွန်းနှင့် မေယုမြစ်ဝအား သဘာဝ ထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ်ခံရရန် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး အသင်း (BANCA)မှ သိရသည်။
နံ့သာကျွန်းနှင့်မေယုမြစ်ဝသည်ငါး၊ ပုစွန်၊ ခရု၊ ကဏန်း စသည်တို့ ပေါကြွယ်ဝသော ရွှံ့နွံတော/လတာပြင်များ ရှိသည့်အတွက် ဇီဝမျိုးစုံမျိုးကွဲစုံလင်ပြီး ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသော ရေညှောင့်နှုတ်ဝိုင်း ငှက်မျိုးစိတ်၏ ကမ္ဘာ့ကောင်ရေ ငါးရာခိုင်နှုန်းခန့် နှစ်စဉ် လာရောက် ဆောင်းခိုလေ့ ရှိသည့်အပြင် အခြားရှားပါး မျိုးစိတ် များဖြစ်သော နော့၊ နှုတ်သီးရှည်မြီးမဲ၊ နှုတ်တိုရှည်ငှက်၊ ခြေစိမ်းပြောက်၊ တောငန်းခေါင်းကြားနှင့် Black-tailed Godwit စသည့် ရွှေ့ပြောင်းငှက်များလည်း လာရောက် ဆောင်းခိုသည့်နေရာဖြစ်ကြောင်း၊ ကမ္ဘာ့ရှား ပါးပင်လယ်လိပ်မျိုးစိတ်များဖြစ်သည့် ပြင်သာလိပ်၊ လိပ်စောင်းလျား နှင့် လိပ်လှောင်းတို့ တက်ရောက်ဥဥပြီး ကျက်စားခြင်းနှင့် တစ်ခါတစ်ရံ ဧရာဝတီလင်းပိုင်၊ ရေဝက်တို့ကို တွေ့ရှိရသည့် အပြင် ကြိုးကြာခေါင်းနီငှက်များ သားပေါက်ရာ ဒေသတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။
“ဒီနံ့သာကျွန်းနဲ့ မေယုမြစ်ဝရေဝပ်ဒေသက အရှေ့ အာရှ-သြစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်း (EAAFP)တစ်ခုမှာ ပါဝင်ကျရောက်တာကြောင့် ထိန်းသိမ်း ကာကွယ်မှု ကို စနစ်တကျဆောင်ရွက်နိုင်အောင် သဘာဝ ထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ပေးနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အခု ထိန်းသိမ်းရေး ဆိုင်းဘုတ်ထောင်တာတို့၊ ပုံမှန်ငှက်လေ့လာတာ၊ ကင်းလှည့်တာနဲ့ ဒေသခံတွေ ရဲ့ လူမှုစီးပွားနဲ့ အသက်မွေး ဝမ်းကျောင်းလေ့လာခြင်းတို့ကို ဆောင်ရွက်နေ ပါတယ်။ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု ကာလဖြစ်နေတော့ လုပ်ငန်းစဉ်များသတ်မှတ်ချိန် လေးနှစ် ကျော်ကာလအတွင်း ပြီးစီးအောင်လုပ်ဖို့ အခက်အခဲတော့ ရှိနေပါတယ်” ဟု ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး အသင်း (BANCA)မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သီရိဒေဝီအောင် က ပြောသည်။
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) သည် နံ့သာကျွန်းနှင့် မေယုမြစ်ဝ၌ ရေညှောင့် နှုတ်ဝိုင်းငှက်လေ့လာခြင်းကို ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့ ကြောင်း၊ ထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည် ဆောင်ရွက်နိုင် ရန် ရခိုင်ဇီဝမျိုးစုံမျိုးကွဲအသင်းနှင့် သဘာဝထိန်းသိမ်းရေး အသင်း (RBANCA) ကို ဖွဲ့စည်း ကာ လက်တွဲ ဆောင်ရွက် လျက်ရှိကြောင်း၊ ယင်းဒေသသည် ထူးခြားသည့်ဂေဟစနစ် များနှင့် ဇီဝမျိုးစုံမျိုး ကွဲကြွယ်ဝ မှုတို့ကြောင့် သစ်တောဦးစီး ဌာနမှ ၂၀၁၉ ခုနှစ် သြဂုတ်လတွင် အဆိုပြု အဏ္ဏဝါ အမျိုးသားဥယျာဉ်တစ်ခုအဖြစ် လည်းကောင်း၊ ကမ္ဘာ့အဆင့် အရေးပါသည့် ငှက်မျိုးစိတ်များ ကြွယ်ဝမှုနှင့် အခြား ထူးခြားသည့် ရေဝပ်ဒေသ အင်္ဂါရပ်များရှိခြင်းတို့ကြောင့် လည်းကောင်း ၂၀၂၀ ပြည့်နှစ် မေ ၂၂ ရက်တွင် နိုင်ငံတကာ အရေးကြီးရေဝပ်ဒေသ “ရမ်ဆာ” အဖြစ် သတ်မှတ်ခံခဲ့ရ ကြောင်း ၎င်းက ထပ်မံပြောသည်။
အဆိုပါဒေသသည် ရခိုင်ပြည်နယ်၏ ပထမဦးဆုံး နိုင်ငံတကာအရေးကြီးရေဝပ်ဒေသ “ရမ်ဆာ” ဖြစ်ပြီး မြန်မာ နိုင်ငံအတွက် ခြောက်ခုမြောက်ဖြစ်ကြောင်း၊ ရခိုင် ပြည်နယ် စစ်တွေမြို့နယ်၏ အနောက်မြောက်ဘက် ရသေ့ တောင်မြို့နယ်၏တောင်ဘက် မေယုမြစ်နှင့် ကုလားတန် မြစ်ဝတွင် တည်ရှိကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးအသင်း(BANCA) မှ သိရသည်။
ပိန်းဇလုပ် သိန်းညွန့်၊ ဓာတ်ပုံ-BANCA