Skip to main content

မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာကျွမ်းကျင်ပညာရှင်များအသင်း၏ အစီအစဉ်ဖြင့် The Impact of COVID-19 on Myanmar Hotel Industry & Better Future ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအသင်းမှ  The Impact of COVID-19 on Myanmar Hotel Industry & Better Future ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

 ဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ တာဝန် ရှိသူများက နေပြည်တော်ရှိ ဝန်ကြီးဌာနနီလာခန်းမမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပြီး ဆွေးနွေး ပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဦးတင်လတ်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီး၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးသန်းထွဋ်၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် အကြံပေး ဦးသက်လွင်တိုး တို့က Panelist များအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင်ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်က ယနေ့ဆွေးနွေးပွဲ ခေါင်းစဉ်ဖြစ်သည့် The Impact of COVID-19 on Myanmar Hotel Industry & Better Future သည် လက်ရှိဖြစ်ပေါ် နေသည့်အခြေအနေနှင့် ထိုအခြေအနေကို မည်သို့ကျော်လွှားမည်ကို ရည်ရွယ်ထားသည့်အတွက် အလွန် အချိန်သင့် အခါသင့်ဖြစ် သည်ဟု ယူဆ ပါကြောင်း၊လက်ရှိ အစိုးရစတင်တာ၀န်ယူပြီးသည့် နောက် ၂၀၁၆ ခုနှစ်တွင် ပုံမှန်ဟိုတယ်ဗဟိုပြု ခရီးသွား လုပ်ငန်းသာမက ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်းဖော်ဆောင်ရေး များကို စတင် လုပ်ဆောင် ခဲ့ပါကြောင်း။

၂၀၁၇ ခုနှစ်တွင် primary destination များဖြစ်သည့် ရန်ကုန်၊ ပုဂံ၊ အင်းလေး၊ ငပလီ များသာမက secondary destination များဖွံဖြိုးရေးကို စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၈ခုနှစ်တွင် ဗဟိုအစိုးရက ချုပ်ကိုင်ထားသည့် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းလိုင်စင်နှင့် ကြီးကြပ်မှုများကို ပြည်နယ်နှင့်တိုင်းဒေသ ကြီးများသို့ လွှဲပြောင်း ပေးသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ- ၂၀၁၈ ကို ပြဌာန်းခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အနောက်ဥရောပ ၁၀ နိုင်ငံနှင့် အာရှ (၅) နိုင်ငံကို ဗီဇာဖြေလျှော့မှုများ ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၁၆ ခုနှစ်တွင် ပြည်ပခရီးသွား(၂) သန်း ကျော် ၀င်ရောက်ခဲ့ရာ ၂၀၁၉ခုနှစ်တွင် ခရီးသွား (၄) သန်းကျော် တိုးတက်၀င်ရောက်ခဲ့ပါကြောင်း။ ၂၀၂၀ခုနှစ်တွင် ခရီးသွား (၅) သန်းနှင့် ၂၀၂၁ ခုနှစ်တွင်  ခရီးသွား (၆) သန်းအထိ ၀င်ရောက်ရန် မျှော်မှန်းဆောင်ရွက်နေပြီး ၂၀၂၀ နှစ်ဦးတွင် တစ်လ ခရီးသွား ၄ သိန်းကျော် ၀င်ရောက်နေသဖြင့် မျှော်မှန်းထားသည့်အတိုင်း ပြည့်မီနိုင်မည့် လမ်းကြောင်းပေါ် ရောက်ရှိနေသည့် အချိန်တွင် ကိုဗစ်-၁၉ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါကြောင်း။

နိုင်ငံတော်မှထုတ်ပြန်ထားသည့် COVID-19 Economic Relief Plan (CERP) ၏ နောက်ဆက်တွဲ အဖြစ် COVID-19 Tourism Relief Plan ကို ရေးဆွဲအတည်ပြုချက်ရယူပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းသိမ်းကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွန်ချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။ လက်ရှိ COVID-19 Tourism Relief Plan သည် ၂၀၂၀နှစ်အထိသာဖြစ်ရာ ၂၀၂၀ အလွန်နှစ်များအတွက် နိုင်ငံတော်က ရေးဆွဲနေသည့် Myanmar Economic Recovery & Reform Plan MERRP နှင့် အညီ Myanmar Tourism Strategic Rescue Roadmap (2021-2025) MTSRR ကို ရေးဆွဲ ပြီး ဖြစ်ပါကြောင်း၊ MTSRR ၏အဓိက ရည်မှန်းချက်မှာ ရပ်တန့်သွားသည့် ခရီးသွားလုပ်ငန်းကို ပြန်လည် အသက်၀င်လာအောင် လုပ်ဆောင်ပြီး ၂၀၂၃-၂၀၂၄ မှာ မူလအခြေအနေကို ပြန်လည်ရောက်ရှိစေရန် ဖြစ်ပါကြောင်း။

ထို့အပြင် Enchanting Myanmar Health & Safety Protocols ကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပူးပေါင်း ရေးဆွဲထားပြီး ထို protocolနှင့်အညီ လိုက်နာဆောင်ရွက်ထားသည့် ခရီးသွားလုပ်ငန်းများကို Safe Tourism Myanmar Stamp များ အသုံးပြုခွင့်ပေးသွားမည် ဖြစ်ပါကြောင်း။  မြန်မာနိုင်ငံ၏ ကျေးလက်ခရီးစဉ်ဒေသများကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ၂၀၂၀ ဆောင်ပုဒ်ဖြစ်သည့် rural development with tourism နှင့်အညီ ဖွံဖြိုးတိုးတက်လာအောင် ဖော်ဆောင်နိုင်ရန် ဆက်စပ် ၀န်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ Heritage & Cultural Tourism၊ Eco & Nature Based  Tourism၊ Agricultural & Farming Tourism၊ Inland Water & Rail Tourism၊ Adventure &  Sports Tourism, Gastronomy Tourism၊ Caravan & Maritime  Tourism နှင့် Urban & MICE Tourism များ ဖွံ့ဖြိုးတိုးတက်အောင် ဆက်စပ် ဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ် အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည့် အတွက် ခရီးသွား လုပ်ငန်း အပေါ် ပြည်တွင်းခရီးသွားများ၊ ပြည်ပ ခရီးသွားများ ယုံကြည်မှုပြန် လည်ရရှိလာစေရန် ခရီးသွား လုပ်ငန်းရှင် များအနေဖြင့် ဝန်ကြီးဌာနနှင့်အတူ ဝိုင်း၀န်းလိုက်ပါလုပ် ဆောင်ပေးကြရန် ဖိတ်ခေါ်ပါကြောင်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးဦးတင်လတ်က ခရီးသွားလုပ်ငန်း Recovery Plan ရေးဆွဲဆောင်ရွက်နေမှုများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ Impact Survey ကောက်ယူမည့် အခြေအနေများ၊ COVID-19 Economic Relief Plan (CERP) ၏ နောက်ဆက်တွဲ အဖြစ် COVID-19 Tourism Relief Plan ရေးဆွဲဆောင်ရွက်နေမှုနှင့် Myanmar Tourism Strategic Rescue Roadmap (2021-2025) (MTSRR) ရေးဆွဲဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဆွေးနွေးပွဲသို့ Online မှတက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို Panelist များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)