မိုင်းဆတ် ဩဂုတ် ၉
(၁၆)ကြိမ်မြောက် အာခါရိုးရာစုပေါင်း “ရဲခူအာဖွေ” ဒန်းစီးပွဲတော်နှင့် အူးဖူဒေ့ကျေးရွာ တည်ခြင်းနှစ်(၃၀)ပြည့်အခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းတွမ်းတောင်ပေါ်အုပ်စု အူးဖူဒေ့ကျေးရွာ၌ ကျင်းပသည်။
အာခါရိုးရာ စုပေါင်း “ရဲခူအာဖွေ” ဒန်းစီးပွဲတော်သည် အာခါတိုင်းရင်းသားများ၏ ထူးကဲမွန်မြတ်သော ရိုးရာဓလေ့ပွဲတော်ဖြစ်သည်နှင့်အညီ မိုင်းဆတ်မြို့နယ်အတွင်းရှိ အာခါမျိုးနွယ်စုတိုင်းရင်းသားများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများသည် ပျော်ရွှင်စွာပါဝင်ဆင်နွှဲလေ့ရှိကြောင်း၊ အဆိုပါပွဲတော်သည် ဒေသတွင်းတိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပွဲတော်အခြေပြု ခရီးသွားကဏ္ဍမြှင့်တင်ရေးတို့အတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ အာခါမျိုးနွယ်စုတိုင်းရင်းသား ခေါင်းဆောင်များ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြပြီး (၁၆) ကြိမ်မြောက် အာခါရိုးရာ “ရဲခူအာဖွေ” ဒန်းစီးပွဲတော်နှင့် နှစ်(၃၀)ပြည့် အူးဖူဒေ့ကျေးရွာတည်ခြင်းအထိမ်းအမှတ်ကွန်ကရစ်ရင်ပြင်နှင့် လမ်းတို့ကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ “ရဲခူအာဖွေ” ဒန်းစီးပွဲတော်နှင့် စပ်လျဉ်း၍ အာခါတိုင်းရင်းသားအကြီးအကဲက ရှင်းလင်းတင်ပြပြီး ဒန်းတော်ကို အာခါရိုးရာဓလေ့ ထုံးတမ်းနှင့်အညီ မင်္ဂလာပြုစီးနင်း၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက အူးဖူဒေ့ကျေးရွာတည်ခြင်း နှစ်(၃၀)ပြည့် မင်္ဂလာကျောက်စာတိုင်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ပေးသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်နှင့် ပြည်နယ်အစိုးရအနေဖြင့် တိုင်းရင်းသားများ၏ ထူးခြားလေးနက်သည့် ပွဲတော်များကို ဖော်ထုတ်မြှင့်တင်ပေးလျက်ရှိရာ နိုင်ငံတကာခရီးသွားများသိရှိပြီး တိုင်းရင်းသားများနှင့် တိုက်ရိုက်ထိတွေ့ခွင့်ရရှိကာ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများတိုးပွားလာမည် ဖြစ်သကဲ့သို့ ဒေသခံလူထုအတွက်လည်း ခရီးသွား လုပ်ငန်းနှင့်ဆက်စပ်သည့် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများတိုးတက်ရရှိကာ လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့နည်းပပျောက်ရေးအတွက် အခွင့်အလမ်းကောင်းများရရှိမည်ဖြစ်ကြောင်း အမှာစကားပြော ကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားကြပြီး အူးဖူဒေ့ကျေးရွာနှင့်စပ်လျဉ်းသည့် ရပ်ရွာသမိုင်းကြောင်းနှင့် အချက်အလက်များကို ရှင်းလင်းတင်ပြ၍ အာခါတိုင်းရင်းသားအကြီးအကဲက နှုတ်ခွန်းဆက် စကားပြောကြားကာ ရဲခူအာဖွေဒန်းစီးပွဲတော် အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခြင်း၊ အာခါအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ယဉ်ကျေးမှုအက၊ တေးသံသာများဖြင့်တင်ဆက်ခြင်း၊ (၁၆) ကြိမ်မြောက် အာခါရိုးရာ စုပေါင်း “ရဲခူအာဖွေ” ဒန်းစီးပွဲတော်အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသသည် တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်နေသည့် ပထဝီဝင်အနေအထားအရ အိမ်နီးချင်းထိုင်းနိုင်ငံသား ခရီးသွားဧည့်သည်များ အများဆုံးလာရောက် လည်ပတ်ကြသည့် ဒေသတစ်ခုဖြစ်ကြောင်းနှင့် ယခုကဲ့သို့ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပွဲတော်ကို ကျင်းပခြင်းဖြင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့များကို ဖော်ထုတ်နိုင်ရုံသာမက နိုင်ငံ၏ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
