Skip to main content

ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် (၂၃) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးနှင့် (၈) ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၇

ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌ ကမ္ဘောဒီးယား နိုင်ငံ့ဝန်ထမ်းဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် အာဆီယံနိုင်ငံ့ဝန်ထမ်း အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ ကောင်းမွန်သော အုပ်ချုပ်မှုဖိုရမ်နှင့် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး အာဆီယံနှင့် အာဆီယံအပေါင်းသုံးနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) အတွက် မြန်မာနိုင်ငံမှ အကောင်အထည်ဖော်နိုင်ခဲ့သည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အသစ်ထုတ်ပြန်သည့် လုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) အောက်တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ် (၂) ခုနှင့် အာဆီယံလူ့စွမ်းအားဗဟိုဌာနနှင့် အာဆီယံပြည်သူ့ဝန်ထမ်း သင်တန်းကျောင်းများ ကွန်ရက်တို့နှင့်စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် မျှဝေဆွေးနွေးခဲ့သည်။

အစည်းအဝေးဖွင့်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Moha Borvor Thipadei HUN Manet ၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ့ဝန်ထမ်းဝန်ကြီးဌာနဝန်ကြီး H.E. Mr. HUN Many တို့က အမှာစကားပြောကြားခဲ့ကြပြီး အစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းနှင့် ကောင်းမွန်သောအုပ်ချုပ်မှုဖိုရမ်၌ ပြည်သူ့ဝန်ဆောင်မှုပေးရာတွင် ဆန်းသစ်တီထွင်မှုဆိုင်ရာ အတွေ့အကြုံများ မျှဝေခြင်းတို့ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးများသို့ အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများမှ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်၊ အဆင့်မြင့်အရာရှိကြီးများ၊ Focal Point များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ကောင်းမွန်သောအုပ်ချုပ်မှုဖိုရမ်သို့ ပြည်တွင်း ပြည်ပမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဩဂုတ် ၅ ရက်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် အာဆီယံအတွင်းရေးမှူးချုပ်နှင့် အလုပ်သဘောတွေ့ဆုံ၍ အမြင်ချင်းဖလှယ်ခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် အစည်းအဝေးပိတ်ပွဲ ညစာစားပွဲသို့ တက်ရောက်ခဲ့ကာ ဩဂုတ် ၄ ရက်ကလည်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဆီရမ်ရိမြို့ရှိ Ta Prohm Temple နှင့် Angkor Wat Temple သို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်