Skip to main content

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအ​ချောထည် အရောင်းပြပွဲစာနယ်ဇင်းရှင်းလင်း

ရန်ကုန် သြဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပမည့် ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်အရောင်းပြပွဲ ၂၀၂၆နှင့် ပတ်သက်၍ အရောင်းဆိုင်ရှင် Exhibitor များနှင့် စာနယ်ဇင်းမီဒီယာများ တွေ့ဆုံရှင်းလင်းပွဲကို ယ​မန်နေ့မွန်လွဲပိုင်းတွင် လှိုင်မြို့နယ် ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ဥက္ကဋ္ဌ ဦးအောင်ကျော်ဇင်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူး (၁) ဦးသီဟန်သိန်းက ပြပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း​ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ (၂) ဒေါ်ယဉ်ယဉ်မွှေးက ဒီဇိုင်းပြိုင်ပွဲကျင်းပခြင်းနှင့် ကံစမ်းမဲရွေးချယ် ပေးအပ်ခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီးရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ (၃) ဒေါ်မျိုးမျိုးသန့်က ဖိတ်ကြားရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ရှင်းလင်း​​ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ (၄) ဒေါ်မိုးမိုးရွှေက ပညာရပ်ဆိုင်ရာဟောပြောပွဲနှင့် ကျောက်မျက်ဓာတ်ခွဲခန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအ​ချောထည်အရောင်းပြပွဲတွင် မြန်မာ့ကျောက်မျက်ရတနာအချောထည် ကဏ္ဍကိုပြည်တွင်းမှ နိုင်ငံတကာအထိ ထိုးဖောက်နိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက အသင်းတည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သြဂုတ် ၆ ရက်​မှ ၉ ရက်​အထိ ကျင်းပသွာမည်ဖြစ်ပြီး ဆိုင်ခန်း​ပေါင်း ၁၅၀ ကျော်တို့က​ခေတ်မီ​ ကျောက်မျက်ရတနာ အမျိုး​ပေါင်း ၁၃၀ ကျော်တို့ဖြင့် ခင်းကျင်းပြသမည်ဖြစ်သည်။ ထို့ပြင် လူငယ်များအတွက် ကျောက်မျက်အကြောင်း သိကောင်းစရာစကားဝိုင်းများ ထည့်သွင်းသွားမည်ဖြစ်ပြီး ကျောက်မျက် လေလံပွဲများပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်​ကြောင်း သိရသည်။

​​​အောင်မြင့်(ပြန်/ဆက်)