Skip to main content

Digital First, Digital Trust to AI Smart စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် ဩဂုတ် ၁

“Digital First, Digital Trust to AI Smart” စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ်နယ်မြေ MICT Park ခန်းမ၌ ကျင်းပသည်။

ဆွေးနွေး

“Digital First, Digital Trust to AI Smart” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးသူအဖြစ် အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေါက်တာတင်ဘုန်းကျော်က ဆောင်ရွက်ပြီး ဒေါက်တာဇော်မင်းခိုင်၊ ဒေါက်တာနိုင်နိုင်ခင်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ဒေါက်တာကျော်ဖြိုးလင်းနှင့် ဒေါက်တာမျိုးမျိုးနိုင်တို့က ပါဝင်ဆွေးနွေးကာ တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် ကျောင်းသား ကျောင်းသူများက ဒီဂျစ်တယ်နှင့် AI နည်းပညာဆိုင်ရာ သိရှိလိုသည့် အချက်အလက်များကို မေးမြန်းဆွေးနွေးကြသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က ယခုခေတ်ကာလသည် နည်းပညာများ တစ်ဟုန်ထိုးတိုးတက်နေသည့် ကာလဖြစ်ကြောင်း၊ ယခင်က တစ်နှစ်စာတိုးတက်မှုကို ယခုအခါ လပိုင်းအတွင်း မြင်တွေ့နေရသည့်အတွက် အပြောင်းအလဲအမြန်ဆုံးခေတ်ဟုဆိုနိုင်ကြောင်း၊ ယခုဆွေးနွေးသွားမည့် “Digital First, Digital Trust to AI Smart” စကားဝိုင်း ဆွေးနွေးပွဲခေါင်းစဉ်မှာ လက်ရှိပစ္စုပ္ပန်နှင့် အနာဂတ်၏ နည်းပညာလမ်းပြမြေပုံကို ပုံဖော်ပေးနေကြောင်း။

ဒီဂျစ်တယ်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ Digital First နှင့် စတင်ကာ Digital Trust နှင့် ခိုင်မာအောင်တည်ဆောက်ပြီး AI Smart ဆိုသည့် အနာဂတ်ဆီသို့ တက်လှမ်းသွားရမည်ဖြစ်ကြောင်း၊ AI နည်းပညာကို အသုံးပြု၍ အချက်အလက်များစွာကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် လုပ်ငန်းစဉ်များကို Automate ပြုလုပ်ခြင်းတို့ကြောင့် လူသားများအနေဖြင့် ပိုမိုတန်ဖိုးရှိသောနေရာများတွင် ထိရောက်စွာအလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း။

တိုက်တွန်းပြောကြား

လက်ရှိ နည်းပညာတိုးတက်မှုနှုန်းသည် စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒထုတ်ပြန်မှုများထက် ပိုမိုမြန်ဆန်နေကြောင်း၊ ထို့ကြောင့် AI ကို အသုံးပြုရာတွင် ကျင့်ဝတ်သည် အရေးပါလာကြောင်း၊ AI နည်းပညာသည် လူသားများကို အစားထိုးရန်မဟုတ်ဘဲ လူသားတို့၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည့် ကိရိယာသာဖြစ်သင့်ကြောင်း ပြောကြားပြီး Digital First Mind-set နှင့် စတင်ကာ Digital Transformation ကို အရှိန်မြှင့်တင်ပြီး Digital Trust ကို ခိုင်မာစွာတည်ဆောက်ခြင်းအားဖြင့် AI Smart အဆင့်ဆီသို့ တက်လှမ်းသွားရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

သတင်းစဉ်